လာမယ့် ၂၀၂၂မှာ ဘာတွေဖြစ်လာမလဲဆိုပြီး ဝေဒပညာရှင်တွေ ကြိုတင်ဟောကိန်းတွေတွက်၊ နက္ခတ်ပညာရှင်တွေလည်း အလုပ်တွေများနေကြမယ့် အခုလိုအချိန်မှာ သေချာတာကတော့ ကြီးမားပြင်းထန်လှတဲ့ စစ်ပွဲကြီးတစ်ခု ကျနော်တို့ရှေ့မှောက် ရောက်လာတော့မယ်ဆိုတာပါပဲ။ သတင်းမီဒီယာတွေနဲ့ ဝေဒပညာရှင်တွေကတော့ လာမယ့် ၅လဟာ ရှေ့မတိုးနောက်မဆုတ်တဲ့ Stalemate လို့ ခေါ်ဝေါ်ကြမှာ အသေအချာပါပဲ။
ရန်ဘက်နှစ်ဖက်စလုံးမှာ တစ်ဖက်ဖက်က ပွဲပြတ်အနိုင်မရသေးသရွေ့ ဥပါဒ်လွတ်အောင် ဒီလိုသုံးနှုံးကြမှာဖြစ်ပေမယ့် မြေပြင်ပကတိအခြေအနေကတော့ လာမယ့် ၅လတာကာလဟာ တိုင်းပြည်ကံကြမ္မာကြီးတစ်ခုလုံး လုံးဝပြောင်းလဲသွားမယ့် မုန်တိုင်းကြီးတစ်ခုကို ရင်ဆိုင်ရမယ်လို့ အဖြေထွက်နေပါတယ်။
စစ်ရေးလေ့လာသုံးသပ်သူတွေကလည်း ၂၀၂၂ ပထမ ၆လမှာ မြန်မာပြည်နွေဦးတော်လှန်ရေး ဘယ်လိုဖြစ်မလဲလို့ နိုင်ငံရေးဟောကိန်းတွေထုတ်ဖို့ အချက်အလက်တွေစုဆောင်းနေကြပါပြီ။
ဒီတော့ ရန်သူဘက် အခြေအနေကိုကြည့်ရင် –
၁။ စစ်အင်အားက ၄သိန်းကနေ ၅သိန်းအထိရှိတယ်ဆိုတဲ့ နှစ်ပေါင်းများစွာထည့်လာတဲ့ ဂျင်းကြီးကို ဘယ်သူမှမယုံကြတော့ဘူး။ (တကယ်လည်း မရှိဘူး) ရှေ့တန်းစစ်မျက်နှာတစ်ခုကို လွှတ်နိုင်တဲ့ ဖက်ဆစ်တွေရဲ့အင်အားကဘယ်နေရာကြည့်ကြည့်၁၀၀ချည်းပဲ။ဒါတောင်ပျူစောထီးနဲ့လူရမ်းကားတစ်သိုက်ကို ထည့်သုံးထားရတာ။ ဘယ်နေရာ စစ်ကြောင်းထိုးထိုး၊ ဘယ်ကျေးရွာ မီးတင်ရှို့ရှို့၊ ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းထဲ ဝင်ပုန်းပြီး အကာအကွယ်ယူနေတဲ့ ရန်သူဟာ ၁၀၀ ဝန်းကျင်ပဲ။ တစ်ထောင်မဟုတ်၊ တစ်သောင်းမဟုတ်ဘူး။ နောက်တန်းက ဖက်ဆစ်စစ်သားနဲ့ရဲတွေရဲ့ ဇနီးမယားတွေ၊ သားသမီးတွေကို စစ်သင်တန်းပေးပြီး ကင်းစောင့်ခိုင်းထားရတဲ့ အနေအထားရောက်လာတဲ့ ဖက်ဆစ်စစ်တပ်ဟာ တစ်နိုင်ငံလုံးမှာ ၇သောင်းခွဲကနေ တစ်သိန်းထက် မပိုဘူး။ တပ်သားသစ်စုဆောင်းဖို့ ရေသောက်မြစ် လုံးဝ ပြတ်တောက်သွားတာကြောင့် အလိုတော်ရိအင်အားတွေကို လိုက်စုနေတာ ၃သောင်းမပြည့်ဘူး။
၂။ စိတ်ဓါတ်ခွန်အားဟာ ဟိုးအောက်ဆုံးထိ ထိုးဆိုက်နေတယ်။ သူတို့သတ်ဖြတ်ရမယ့်သူအားလုံးက တစ်နိုင်ငံလုံးက အရပ်သားပြည်သူတွေ အကုန်လုံးဖြစ်လာပြီဆိုတာ နားလည်လာတယ်။ အရပ်သားတွေ နေတဲ့နေရာတွေကို စီးနင်းဖို့ကြိုးစားမယ်၊ ကာကွယ်ရေးတပ်သားတွေရဲ့လက်ချက်နဲ့ မုန့်ဟင်းခါးပွဲတွေ များလာရင် ရဟတ်ယာဉ်နဲ့လေကြောင်းပစ်ကူတွေ ဖောဖောသီသီ ထုတ်သုံးမယ်။ ကျေးရွာတွေကို စီးနင်းရတယ်ဆိုတာလည်း သူတို့စီးနင်းတဲ့နယ်မှာ မုန့်ဟင်းပွဲအထွက်များလာလို့ ဒီဒေသဟာ PDF တွေရဲ့ Supply Line လို့သတ်မှတ်ပြီး အစွမ်းကုန်ရမ်းကားတာပဲ။ ဆိုလိုတာက သူတို့ရင်ဆိုင်နေရတဲ့ တော်လှန်ရေး တပ်သားတွေရဲ့ ထိုးစစ်ကို မခုခံနိုင်တော့လို့ အရပ်သားကို ငြိုးတာ။ ဒါ့ကြောင့် ဒီနောက်ပိုင်း ကျေးရွာတွေ တိုက်ခိုက်ခံရ၊ မီးရှို့ဖျက်စီးခံရတာတွေ ခပ်စိတ်စိတ်ဖြစ်လာတာက ရန်သူဟာ သူနဲ့ယှဉ်ပြိုင်ရမယ့် တစ်ဖက်အင်အားကို မတွန်းလှန်နိုင်လို့ မြေလှန်စနစ်သုံးတာ။ ဒါ့ကြောင့် ရိတ်သိမ်းပြီး ကောက်ပဲသီးနှံတွေကို ဖျက်စီးတယ်၊ မရိတ်ရသေးတဲ့ သီးနှံတွေကိုလည်း မရိတ်သိမ်းနိုင်အောင် ပိတ်ဆို့တယ်။
ရှေ့တန်းနဲ့နောက်တန်းမှာ ဒီဖက်ဆစ်တွေ မြေသြဇာဖြစ်ကုန်ရင် ရန်သူက ထုတ်သုံးစရာ လေကြောင်း ပစ်ခတ်တိုက်ခိုက်မှုတစ်ခုပဲ အားကိုးရတော့မယ်။ ဒီဇင်ဘာလဆန်းကစလို့ ကလေး၊ ဒီပဲယင်း၊ တန့်ဆည်မှာ စသုံးလာပြီး လေးကေကော်အထိ သုံးလာရတယ်။ ဒါက မြေပြင်မှာ ရန်သူရဲ့စစ်အင်အား ပကတိ အခြေအနေမှန်ပဲ။ လေကြောင်းပစ်ကူကို ထုတ်သုံးရတာ သူတို့ရဲ့နောက်ဆုံးအားထုတ်ချက်ပဲ။ ကျေးရွာတွေထဲ ဝင်မွှေ ဖျက်စီးပြီး လူတွေကိုဖမ်း၊ ကြိုးတုပ်ပြီးပစ်သတ်၊ မီးရှို့ဖျက်စီး စတဲ့ စစ်ရာဇဝတ်မှုကြီးတွေကို ဆက်တိုက်ကျူးလွန်ခိုင်းတယ်။ မြင်သား၊ ကနီ၊ ဒုန်းတော၊ ဖရူဆိုမှာဖြစ်ခဲ့တဲ့ လူမဆန်တဲ့ရာဇဝတ်မှုတွေကို စနစ်တကျလုပ်လာတယ်။ ဒီရာဇဝတ်မှုတွေ ပိုတိုးလုပ်လေ နမခတိုင်းမှူး ဖြိုးသန့်လိုကောင်တွေ ဖက်ဆစ်တပ်ထဲ တိုးလာဖို့သာများမယ်။
အပြစ်ပေးခြင်းကနေ ကင်းလွတ်ခွင့်ရနေတဲ့ အခြေအနေတွေ ရုတ်တရက် ပျောက်ဆုံးသွားတဲ့အခါ လက်ရှိကျူးလွန်နေတဲ့သူမှန်သမျှ၊ အမိန့်ပေးခိုင်းစေသူ မှန်သမျှဟာ ထိုးကျွေး ခံရတော့မယ်။ ဒီတော့ ဖက်ဆစ်တွေဟာ ဇာတ်တူသားချင်း စားတော့မှာပဲ။ တစတစ လွတ်မြောက်သွားမယ့် (သူတို့လက်လွှတ်လိုက်ရမယ့်) ဒေသတွေကို လေကြောင်းကနေ ဗုံးကြဲပြီး တစစီ ဖျက်စီးပြီးရင် ဘာဆက်လုပ်မလဲ။ ဒီအတွက် ရန်သူမှာအဖြေမရှိဘူး။ နောက်ထပ် ၃လအတွင်း နေပြည်တော် ပတ်ပတ်လည်ကနေ ဘာလို့ဆက်ပြီး ခုခံနေရမလဲ၊ ဘာအတွက်လဲ သူတို့မသိဘူး။ Exit 222 ဟာ ထွက်ပေါက်မဲ့သွားမှာပဲ။
ရန်သူဖက်ဆစ်တွေ နိုဝင်ဘာနဲ့ဒီဇင်ဘာ ၂လအတွင်း မြေသြဇာဖြစ်သွားတာ ၃၅၀၀ကျော်ရှိတယ်။ နိုဝင်ဘာမှာ ကုန်းကြောင်းကနေ တက်ဖို့ကြိုးစားတယ်၊ များများသေတယ်။ ဒီဇင်ဘာကျတော့ စစ်တလင်းပြင်ကြီးထဲ ဖြတ်မလျှောက်ရဲတော့ဘဲ ရဟတ်ယာဉ်တွေနဲ့လိုက်ချတယ်။ ရင်ဆိုင်ထိပ်တိုက်တိုက်ပွဲတွေမှာ အလောင်းတွေ တောင်ပုံရာပုံဖြစ်သွားတယ်။ အင်အား ၆-၇သောင်းပတ်ချာလည်ပဲ တိုက်ခိုက်ရေးအင်အားတွေရှိတဲ့ ဖက်ဆစ်တပ်ဟာ ၄လအတွင်း ၇ထောင်ကနေ တစ်သောင်းကျော် မုန့်ဟင်းခါးပွဲတွေ ထွက်တယ်။ ၁၀ရာခိုင်နှုန်း ပြုန်းတီးသွားတဲ့အင်အားကြောင့် ဖက်ဆစ်ဟာ ပဋာမြေလူးခန်းကို ကရတော့မယ်။ ဒီတော့ လာမယ့်၅လအတွင်းဘယ်စစ်ပွဲဇာတ်ခုံကြီးက လှုပ်လာမလဲ ပြန်ဆန်းစစ်ကြည့်ရင် အားလုံးအငြင်းပွါးစရာမရှိ ပြောကြမှာကတော့ အနောက်ဖက်စစ်မျက်နှာလို့ခေါ်တဲ့ အနောက်မြောက်လွင်ပြင်နဲ့ ရွှေဘိုလွင်ပြင်ပါပဲ။
ရန်သူဖက်ဆစ်တွေရဲ့ ဌာနချုပ်အထိုင် မုံရွာကနေ ရှေ့တန်းလို့ခေါ်ရတဲ့ ဒေသတွေကို ရဟတ်ယာဉ်တွေ၊ လေယာဉ်ပစ်ကူတွေသုံးပြီး သည်းကြီးမည်းကြီး ခုခံနေရတဲ့နေရာတွေက ဘယ်နေရာတွေလဲ။ အနောက်မြောက်လွင်ပြင်မှာဆိုရင်တော့ ကလေးမြို့ပဲ။ ကလေးမြို့ဟာ နိုဝင်ဘာ၊ ဒီဇင်ဘာအတွင်းမှာ PDF/CNDF/ပကဖတွေ ပတ်ပတ်လည်ဝိုင်းပြီး (ဒကစ)ရှိရာ ဒီမြို့ကို ထိန်းချုပ်နိုင်ဖို့လုပ်နေတယ်။ ကလေးမြို့ကျရင် ရန်သူဟာ ချင်းတောင် (မြောက်)က ဟားခါး၊ ဖလမ်း၊ တီးတိန်၊ တွန်းဇံ၊ ထန်တလန်ဟာ နောက်တန်းနဲ့ အဆက်ဖြတ်ခံလိုက်ပြီ။ တောင်ပေါ်မှာပိတ်မိသွားတဲ့ ဖက်ဆစ်တွေရဲ့ အနော်ရထာဟာ ကျွဲခတ်ခံရတာထက် ဆိုးတဲ့သေခြင်းမျိုးနဲ့ ချင်းတော်လှန်ရေးတပ်သားတွေရဲ့လက်ထဲ မြေသြဇာတွေဖြစ်ပြီ။ ကလေးမြို့ကျရင် ချင်းတွင်းမြစ်ရိုးက ကနီနဲ့မင်းကင်းဟာ ခဲတစ်ပစ်ပဲ။ မုံရွာဟာ အောက်မှာ ငုတ်တုပ်ကြီး ထိုင်စောင့်နေတယ်။ ဧပြီလဆန်းတုန်းက တူမီးတော်လှန်ရေးစတင်ပေါက်ဖွားခဲ့ရာ တာဟန်းခံတပ်ကနေ စခဲ့တဲ့ဇာတ်လမ်း တာဟန်းကနေပဲ နောက်တစ်ဆင့် တက်လှမ်းကြရဖို့ဖြစ်လာပါပြီ။
ရွှေဘိုလွင်ပြင်ထဲ PDF/ပကဖနဲ့ ဒေသခံကာကွယ်ရေးတပ်သားတွေ ကွက်ပြည့်နင်းထားနိုင်တဲ့ နေရာတွေက ၉၀ရာနှုန်းရှိနေပြီ။ ဖက်ဆစ်တွေဟာ မုံရွာကနေ ဘုတလင်ကိုဖြတ်ပြီး ဒီပဲယင်းအရောက် ခြေကျင်ဖြစ်ဖြစ်၊ ကားနဲ့ဖြစ်ဖြစ် မသွားရဲတော့လို့ ရဟတ်ယာဉ်နဲ့ မုန့်ဟင်းခါးပွဲ ၈၀၊ ၁၀၀ ပုံမှန်သွားသွားချနေရတယ်။ ချင်းတွင်းနဲ့ မူးမြစ်ကြား (မူးမြစ်အနောက်ဖက်) မုံရွာ-အရာတော်၊ မုံရွာ-ချောင်းဦး-မြောင်-မြင်းမူဟာ ရန်သူ့စစ်သားမပြောနဲ့ ရဲတောင် အသက်ဖက်နဲ့ထုတ်ထားရတဲ့ခွင်။ မူးမြစ်အရှေ့ဖက်က ဝက်လက်၊ ရွှေဘို၊ ခင်ဦး၊ ကန့်ဘလူ၊ ကျွန်းလှတဝိုက် ထောက်ပို့လမ်းကြောင်းက ၆၀ရာခိုင်နှုန်းက အတိမ်းအစောင်းများတယ်။ မိုးကောင်းလွင်ပြင်နဲ့ ဆက်နေတဲ့ အင်းတော်၊ ကသာ၊ မိုးညှင်း ဗျူဟာလမ်းဟာ KIA/PDF/ပကဖနဲ့ ဒေသခံကာကွယ်ရေးတပ်သားတွေ ထောင်ပေါင်းများစွာ စိုးမိုးထိန်းချုပ်ထားတဲ့နေရာဖြစ်လာပြီ။ ရွှေဘိုလွင်ပြင်ဟာ ဖက်ဆစ်တွေရဲ့ အိပ်မပျော်သော ညတွေပဲ။ ဒီလွင်ပြင်ထဲမှာ တန့်ဆည်၊ ဒီပဲယင်းကို သည်းကြီးမည်းကြီး စစ်ကြောင်းထိုးနေတာဟာ ချပ်သင်း ဘေးမဲ့တောအရှေ့တလွှားကို မစိုးမိုးနိုင်တော့လို့ပဲ။ ဒါ့ကြောင့် သဖန်းဆိပ်အောက်ပိုင်းက ကျေးရွာတွေမှာ ရဟတ်ယာဉ်နဲ့ချပြီး ရွာတွေကိုဖျက်စီး၊ ရွာသားတွေကို သတ်ဖြတ်နေကြတာ။
ပြီးခဲ့တဲ့ ရက်ပေါင်း ၆၀အတွင်း ရန်သူဟာ ခုခံစစ်ကို ပါရမီဖြည့်ပေးတယ်လို့ လှည့်တွေးရင်ရတယ်။ အဲဒါကတော့ ကရင့်အမျိုးသားအစည်းအရုံးကို တောင်ပိုင်းတိုင်းစစ်ဒေသအတွက် ပေါ်ပေါ်တင်တင် ဦးဆောင်လာအောင် လေးကေကော်မှာ မီးစမွှေးပေးခဲ့လို့ပါ။ ရလဒ်ကတော့ ဖက်ဆစ်တွေဟာ မြန်မာပြည်ပတ်ပတ်လည်မှာ စစ်မီးတွေ ဝိုင်းသွားအောင် ဖန်တီးပေးလိုက်တယ်။ တစ်ဖက်ကလှည့်တွေးရင်တော့ ဖက်ဆစ်တွေက သူ့သေတွင်းသူတူးတဲ့ သဘောပါ။ ရခိုင်ပြည်၊ မြစ်ဝကျွန်းပေါ်၊ ပဲခူးရိုးမနဲ့ ရှမ်းပြည်ကလွဲရင် ကျန်တဲ့နေရာတွေမှာ စစ်မျက်နှာ ဖွင့်ပြီးသွားပြီ။ ဒီစစ်ကို သူနိုင်အောင် ဘယ်လိုတိုက်မလဲ။ လက်ကျန် မုန့်ဟင်းခါး ပွဲ ၇သောင်းနဲ့ လေကြောင်း အင်အားသုံးပြီး စစ်မျက်နှာအစုံကို သူဘယ်လိုထိန်းချုပ်မလဲ။ သံလွင်မြစ်တဝိုက်က စစ်ပွဲဟာ စစ်တောင်းတဝိုက် ရောက်လာရင် ပဲခူးနဲ့ရန်ကုန်ဟာ ခပ်ဝေးဝေးကနေ စစ်ကိုမျှော်နေကြတော့မယ်။ လာမယ့် ၅လမှာ ဖက်ဆစ်တွေပျဉ်းမနား(ကြပ်ပြေး)တဝိုက်ပဒေသရာဇ်အရုပ်ကြီး၃ရုပ်အောက်မှာတယောထိုးကြတော့မှာလား။ ဒီအခြေအနေကို ရှေ့မတိုးနောက်မဆုတ်လို့ ခပ်တည်တည်ဆက်ခေါ်နိုင်ကြပါဦးမလား။
လာမယ့်ကာလဟာ မြန်မာပြည်ခေတ်သစ်သမိုင်းရဲ့ အရေးကြီးတဲ့ အလှည့်အပြောင်းကြီးတစ်ခု ပေါ်ပေါက်လာမယ့်အရေးကို ရှေ့မတိုးနောက်မဆုတ် ကျဉ်းထဲကြပ်ထဲအခြေအနေလို့ ခေါ်ဝေါ်မယ်ဆိုရင် ဖြစ်ရပ်မှန်နဲ့ မနီးစပ်ဘူးလို့ ပြောရမှာပါပဲ။
နွေဦးတော်လှန်ရေးအင်အားစုတွေဘက်က အခြေအနေတွေကရော –
၁။ မြောက်ပိုင်း၊ တောင်ပိုင်း၊ ကရင်နီနယ်နဲ့ ချင်းနယ်တို့မှာ စနစ်တကျ ထူထောင်ထားတဲ့ PDF တပ်ဖွဲ့ဝင် အင်အား ၅သောင်းကျော်၊ မြို့နယ်အလိုက်ဖွဲ့စည်းထားတဲ့ (ပကဖ)တပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံအဖွဲ့ LPDF တွေအားလုံးပေါင်း ကတင် တစ်သိန်းကျော်ရှိတယ်။ ကချင်၊ ချင်း၊ ကရင်နီ၊ ကရင် တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အင်အားစုတွေရဲ့ အင်အားတွေမပါသေးဘူး။ ဒီအင်အားစုတွေ လက်နက်တပ်ဆင်ရေးကတော့ ကြီးမားတဲ့ စိန်ခေါ်မှုပဲ။
သင်တန်းပေး၊ လေ့ကျင့်၊ စစ်ရေးအတွေ့အကြုံတွဲခေါ်ယူ၊ သေနတ်တပ်ပေးတယ်ဆိုတာ အားလုံး လိုချင်သလောက် မရနိုင်ဘူး။ ဒီတော့ မရတဲ့အဖွဲ့၊ မတိုက်ရတဲ့သူတွေက အသံတွေထွက်တယ်။ စစ်ပွဲတစ်ခုကို ဖန်တီးတာဟာ ရေခဲမုန့်သည်ကြီးလို အားလုံးကိုပျော်ရွှင်စေအောင် မလုပ်နိုင်တာ အမှန်ပဲ။ ဒါပေမယ့် ပြီးခဲ့တဲ့ ၉လ တူမီးတော်လှန်ရေးကာလကနေ ပြန်ကြည့်ရင် လက်နက်ကိုင်တော်လှန်ရေးဟာ ပထမ ဧပြီ၊ မေ၊ ဇွန်မှာ ကျေးလက်မြို့ပြပျောက်ပြားအဖွဲ့တွေကို မွေးထုတ်နိုင်ခဲ့တယ်။ စစ်သင်တန်းတွေပေးနိုင်ခဲ့တယ်။ ဇူလိုင်၊ သြဂုတ်၊ စက်တင်ဘာမှာ လက်နက်တွေ အကန့်အသတ်နဲ့ တပ်ဆင်မှုတွေလုပ်လာနိုင်ခဲ့တယ်။ အောက်တိုဘာကနေ ဒီဇင်ဘာမှာတော့ ဒီကနေ့မြန်မာပြည်ရဲ့ စစ်ရေးပဋိပက္ခမြေပုံအသစ် ထွက်လာပြီး ခုခံစစ်ကို အားကောင်းကောင်းနဲ့ ပုံဖော်ထားနိုင်ခဲ့တယ်။ ဒါဟာ (ပကဖ)နဲ့ ဒေသခံအဖွဲ့တွေရဲ့ ပြောက်ကျားစစ် မဟာဗျူဟာပဲ။ စနစ်တကျလေ့ကျင့်ပြီး စုဖွဲ့ထားတဲ့ PDF တွေဟာ မဟာမိတ် EAOs တွေနဲ့တွဲဖက်ပြီး စစ်သေနင်္ဂဗျူဟာကို ပုံဖော်နေတယ်။ ဘယ်နေရာကိုထိန်းချုပ်မယ်။ ဘယ်နေရာကို လွှတ်ထားမယ် စသဖြင့် စစ်ရေးရည်မှန်းချက်အတိုင်းလုပ်နေတာ မြင်လာရတယ်။ လိုအပ်ချက်က သေနတ်မပြည့်စုံတာကို ပြည်စုံ၊ ပိုလျှံလာအောင်လုပ်ရမယ်။ မပြည်စုံတာကို ဘာလို့ပြည့်စုံအောင် မလုပ်ထားတာလဲဆိုပြီး Babysitting & Annoying လုပ်လို့ ရည်မှန်းချက်ပြည့်လာတယ်ဆိုရင် ကောင်းတာပေါ့။ နိုင်ငံရေးအရ/စစ်ရေးအရ တာဝန်ခံထားရသူတွေ လုပ်ရမယ့်တာဝန်ကို လုပ်ရမှာပဲ။ တစ်ချို့ကိစ္စတွေက “ပွဲပြီးမှ ပြောကြတာ ကောင်းပါတယ်”
၂။ မြန်မာပြည်က လူမျိုးပေါင်းစုံ (အထူးသဖြင့် လူဦးရေအရများတဲ့ မြန်မာလူမျိုးတွေအပါအဝင်)ဟာ တစ်ဦးနဲ့တစ်ဦး ဒဏ်ရာတွေတူကြတယ်၊ ခံယူချက်တွေ တူကြတယ်၊ ဦးတည်ချက်ဖြစ်တဲ့ ဘုံရန်သူ ဖက်ဆစ်စစ်တပ်ကို အမြစ်ဖြုတ်ဖယ်ရှားရှင်းလင်းရေးမှာ ပိုပြီးပြတ်သားလာတယ်။ ရန်-ငါစည်း ပြတ်သွားတယ်။ ဒါဟာ အကြီးမားဆုံးသော အောင်မြင်မှုပဲ။ ဒီဘုံရည်မှန်းချက်က အမျိုးသားညီညွတ်မှုကို ဖြစ်စေတယ်။ ဒါက ဘယ်တုန်းကမှ မရဖူးတဲ့ သွေးစည်းညီညွတ်မှု။ ဒီညီညွတ်မှုကို ပျက်ပြားအောင် ရန်သူကနည်းမျိုးစုံသုံးပြီး ဖြိုခွဲမှာပဲ။
“ဒီကိစ္စ မေမေသဘောတူမယ် မထင်ဘူး”ဆိုပြီး အတိတ်တုန်းကလို နွဲ့ဆိုးဆိုးချင်တဲ့သူတွေကလည်း သူငယ်နာမစင်သေးတာ ရှိကောင်းရှိမှာဖြစ်ပေမယ့် သူတို့မပါလည်း တော်လှန်ရေးက အော်တိုပိုင်းလော့နဲ့ ခရီးဆက်နေပြီ။ လမင်းကိုဟောင်တဲ့ခွေးလိုပဲ သူတို့ဘယ်လိုနှောင့်ယှက်နှောင့်ယှက် ဒီညီညွတ်မှုက မပြိုနိုင်ဘူး။ ညီညွတ်မှုပြိုကွဲမှာက ကိုယ့်အချင်းချင်းထဲကနေပဲ ပေါ်ပေါက်မှာ။ တစ်ဦးချင်းစီ ကိုယ်ယူထားတဲ့တာဝန်ကို ကောင်းကောင်းနားမလည်တာ၊ ကိုယ့်အခန်းကဏ္ဍနဲ့ပတ်သက်လို့ မရှင်းလင်းတာတွေဟာ မနာလိုမုန်းတီးမှု၊ အုပ်စုဖွဲ့ဂိုဏ်းဂဏစွဲတွေနဲ့ သူတစ်လူငါတမင်းတွေ ဖန်တီးဖို့ကြိုးစားလာကြလိမ့်မယ်။ ဒါပေမယ့် သမိုင်းအစဉ်အလာကြီးမားတဲ့၊ နိုင်ငံရေးအရ မြန်မာပြည်ပြဿနာနဲ့ပဋိပက္ခကို မှန်မှန်ကန်ကန်နားလည်တဲ့ ဒီကနေ့ ဦးဆောင်မှုပေးနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ သွေးစည်းခိုင်မာမှုကို ယူထားနိုင်တာကြောင့် အမျိုးသားညီညွတ်မှုဟာ လွယ်လွယ်နဲ့ မပြိုကွဲဘူး။
လူဦးရေများတိုင်း “ငါတို့ပေးလိုက်မယ်၊ ဖယ်ဒရယ်လား ပေးလိုက်ပေါ့။ ငါတို့ပေးမှရတာ”ဆိုတဲ့ မဟာဗမာလူမျိုးကြီးဝါဒကိုသာ တော်လှန်ရေးထဲ ဆက်ပြီးရှင်သန်ခွင့်ပေးရင်တော့ အမျိုးသားပြိုကွဲမှုက မနက်ဖြန်လည်း ဖြစ်နိုင်တာပဲ။ နွေဦးတော်လှန်ရေးကျဆုံးမှုဟာ ဒီနေရာကနေပဲ လာမှာပါပဲ။ ဖက်ဆစ်စစ်တပ်ရဲ့ အမျိုးသားနိုင်ငံရေး-မဟာလူမျိုးကြီးဝါဒနဲ့ ခံယူချက်တူနေရင် ရန်-ငါမပြတ်တော့ဘူး။
၂၀၂၂ ပထမ ၆လမှာ ကျနော်တို့ စစ်နဲ့တော်လှန်ရေးကို ဘယ်လိုကြုံရမှာလဲ။ ဘယ်လိုရလဒ်မျိုးကို ကျနော်တို့ လိုချင်ကြလဲ။ မတ်လမှာ မန္တလေးမြို့ကိုသိမ်းပြီး မေလမှာ ရန်ကုန်ကို သိမ်းချင်ပြီလား။ ဘယ်လိုသိမ်းကြမလဲ။ ကိုယ့်အိမ်ခေါင်မိုးပေါ် ရဟတ်ယာဉ်တွေ၊ လေယာဉ်တွေနဲ့ ဗုံးမိုးလာကြဲရင် ဘယ်လိုလုပ်ကြမလဲ။ တစ်သက်လုံး မပျောက်ပျက်တော့မယ့် ကြေကွဲစရာအလွမ်းဇာတ်ကြီးကို တမြည့်မြည့်ခံစားပြီး ကိုယ့်နိုင်ငံကိုကိုယ်ပြန်ယူရမှာမို့ ရန်သူကို ဒီလောက်ရက်စက်လိမ့်မယ်လို့ ထင်မထားဘူးလို့ တွေးမိရင်တော့ ကျနော်တို့ စစ်ပွဲအတွက် အသင့်မဖြစ်ကြသေးဘူးလို့သာ ဆိုနိုင်ပါမယ်။
ကျနော်တို့နိုင်မှာ သေချာပါတယ်။ ဒါပေမယ့် ရန်သူဟာ ထင်မှတ်မထားလောက်အောင်ကို ရက်စက်မယ်ဆိုတာလေး ကြိုစဉ်းစားရင်း ညီညွတ်မှုကို တည်တံ့အောင် ထိန်းထားပေးကြပါလို့ မေတ္တာရပ်ခံချင်တာပါပဲ။ ကျဆုံးသွားတဲ့ သူရဲကောင်းတွေရဲ့ မိသားစုတွေ၊ ထောင်ထဲက ကျနော်တို့သားချင်းတွေကို ကျနော်တို့ နောင်တစ်ချိန်မှာ လိပ်ပြာသန့်သန့် ပြန်ပြောပြချင်လို့ပါ။ ကျနော်တို့ သူတို့ကို သစ္စာမဖောက်ဘူး။ ညီညွတ်မှုပြိုကွဲအောင် ကိုယ်စိတ်နှလုံးသုံးပါးနဲ့ မလုပ်ခဲ့ဘူး။ သူတို့ကို အောက်မေ့ပြီး တာဝန်ကိုယ်စီထမ်းခဲ့ကြတယ်လို့ ….။
နေသန်မောင်