အဲဒီနေ့ပေါ့။ စစ်အာဏာရှင်ဟာ သွေးထွက်သံယိုနဲ့ နောက်ဆုံးအော်လိုက်တယ်။
“ မလုပ်ကြပါနဲ့ “ လို့။
အဲဒီနေ့ပေါ့။ လူပေါင်းများစွာကို ရက်ရက်စက်စက်သတ်ပစ်ခဲ့တဲ့ စစ်အာဏာရှင်ကို ပြည်သူတွေက နာကျည်းစွာနဲ့ ပြန်သတ်ပစ်လိုက်ကြတာ။
အဲဒီနေ့ကစစ်အာဏာရှင်ဟာ မွေးရပ်မြို့ဆာတ်( Sirt )ရဲ့ အနောက်ဘက်အစွန်အဖျားက ရေမြောင်းထဲမှာ ကြောက်ကြောက်လန့်လန့် ပုန်းအောင်းနေခဲ့သေးတယ်။
အဲဒီနေ့ကပရအမျိုးသားကူးပြောင်းရေးကောင်စီ (NTC) တပ်ဖွဲ့ဝင်တွေက ပုန်းနေတဲ့စစ်အာဏာရှင်ကို တွေ့သွားတာပေါ့။
အဲဒီနေ့ကစစ်အာဏာရှင်ဟာ ရိုင်ဖယ်သေနတ်နဲ့ထုရိုက်မှုတွေ၊ လှံစွပ်နဲ့ထိုး၊ ဘွတ်ဖိနပ်တွေနဲ့ကန်ကျောက်မှုတွေအောက်မှာ နာကျင်စွာ လူးလှိမ့်နေခဲ့ရတယ်..။
အဲဒီနေ့ကစစ်အာဏာရှင်ဟာ သွေးအလိမ်းလိမ်းနဲ့ ငုတ်တုတ်ထိုင်ပြီး နာကျင်စွာအော်ဟစ် တောင်းပန်လိုက်သေးတယ်။ “ မလုပ်ကြပါနဲ့ “ လို့။အဲဒီနေ့ကသူသေတယ်။
အဲဒီနေ့က၄၂ နှစ်ကြာ စစ်အာဏာရှင်စနစ်နဲ့ ခုနစ်လကြာ ပြည်တွင်းစစ် ၂ ခုလုံး တပြိုင်နက်ပြီးဆုံးခဲ့တယ်။
သူသေတဲ့နေ့က လစ်ဗျားတော်လှန်ရေးသမိုင်းမှာ အထင်ကရနေ့တစ်နေ့ဖြစ်သွားတယ်။
၂၀၁၁ ခုနှစ်၊ အောက်တိုဘာ ၂၀ ရက်။
သူက လစ်ဗျားသမ္မတဟောင်း စစ်ခေါင်းဆောင်မိုဟာမက် ကဒါဖီ( Muammar Muhammad Abu Minyar al-Gaddafi)ပေါ့။သူမသေခင် ၂၀၁၁ မတ်လအစပိုင်းကတည်းက ကဒါဖီနဲ့ ကဒါဖီကို ထောက်ခံသူတွေဟာ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေရှိတဲ့အတွက် စုံစမ်းစစ်ဆေးမယ်လို့ နိုင်ငံတကာ ရာဇ၀တ်တရားရုံး (ICC) က ကြေငြာခဲ့သေးတယ်။ကဒါဖီရဲ့ သား Sayf al-Islam နဲ့ ကဒါဖီရဲ့ ယောက်ဖ လစ်ဗျားထောက်လှမ်းရေးအကြီးအကဲ Abdullah Senussi ကို ဖမ်းဝရမ်းထုတ်ဖို့ မေလ ၁၆ ရက်နေ့မှာ ICC ကတောင်းဆိုခဲ့တယ်။ဇွန်လ ၂၇ ရက်နေ့မှာ ဖမ်းဝရမ်းထုတ်ခဲ့တယ်။ အင်တာပိုနဲ့လည်း ဖမ်းဆီးဖို့ စီစဉ်နေခဲ့တယ်။
ကဒါဖီတို့ စ ပုန်းတယ်။ အဲဒီအချိန်မှာ တော်လှန်ရေးအဖွဲ့တွေက အနိုင်ရလာတယ်။
ကဒါဖီဆိုတာ လစ်ဗျားဘုရင် အဲဒရစ်က တူရကီမှာ ဆေးကုနေတုန်း သူက ဘုရင့်တူကို ဘုရင်တင် ပြီးတော့ သူတင်တဲ့ဘုရင့်ဆီကပဲစစ်အာဏာသိမ်းခဲ့သူပေါ့။လက်နက်အားကိုးပြီးဘုရင်ရဲ့ဘုရင်ဖြစ်အောင်လုပ်နိုင်ခဲ့တော့ သူက သူ့ကိုယ်သူ King of King တဲ့။ ပြည်သူတွေကတော့ သူ့ကို Vampire ( သွေးစုတ်ဖုတ်ကောင်) တဲ့။
သူ အာဏာရတာနဲ့ စီးပွါးရှင်တွေရဲ့ ပစ္စည်းတွေ ပြည်သူပိုင်သိမ်း။ ပြည်သူတွေကိုပြည်ပနဲ့ အဆက်အသွယ်ဖြတ်။အာဏာရှင်စနစ်စသုံးတော့တာပဲ။ခေါင်းဆောင်ကဒါဖီဟာ စစ်အာဏာရှင်တို့ အားကိုးတဲ့ဆိုဗီယက်ယူနီယံရဲ့အရင်းနှီးဆုံးမဟာမိတ်ပေါ့။၁၉၇၀ ကနေ ၁၉၈၀ ခုနှစ်တွေမှာ ရုရှားက ကဒါဖီကို လက်နက်နဲ့ စစ်ရေးအကြံတွေ အများကြီးပေး အားပေးအားမြှောက်လုပ်ခဲ့တာ။
ကဒါဖီဟာ မြောက်ကိုရီးယား အစိုးရလို အမျိုးသမီးတွေပဲ ပါဝင်တဲ့ ကိုယ်ရံတော်တပ်ဖွဲ့နဲ့ စည်းစိမ်ကျနေခဲ့တယ်..။သူက လစ်ဗျားနိုင်ငံရဲ့ အာဏာကို ၄၂ နှစ်ကြာ မက်မောဖက်တွယ်ခဲ့ပြီး အလွန်ကြီးမားတဲ့ လူ့အခွင့်အရေးဆိုင်ရာ ချိုးဖောက်မှုတွေ လုပ်ခဲ့တာယ်။ ဒါကြောင့် နိုင်ငံတကာရာဇဝတ်ခုံရုံးက(ICC)ဖမ်းဝရမ်းထုတ်တာပေါ့။သူဟာ အမျိုး၊ ဘာသာ၊ သာသနာ လို့ အမြဲဟစ်ကြွေးတယ်။ အစ္စလာမ်ဘာသာဝင် ကဒတ်ဖီက တစ်နေ့ကို ဘုရားငါးကြိမ်ရှိခိုးပြီး အဂတိတရား ကင်းအောင်နေသူ ဖြစ်တယ်လို့ သူ့ကိုယ်သူ မှတ်တမ်းတင်တယ်။
လစ်ဗျားတော်လှန်ရေးကို နေတိုးစစ်မဟာမိတ်အဖွဲ့ဖြစ်တဲ့ ပြင်သစ်နဲ့ ဗြိတိန်တပ်ဖွဲ့တွေဟာ မတ် ၃၁ ရက်ကစပြီးလေကြောင်းစစ်ဆင်ရေးကနေကူညီပေးခဲ့တယ်။၂၀၁၁ ခုနှစ် ဩဂုတ်လရောက်တော့ တော်လှန်ရေးသမားတွေက ထရီပိုလီမြို့အထိ ဝင်သိမ်းနိုင်လိုက်တယ်။ကဒါဖီ အခြေအနေ မကောင်းတော့။
ပြီးတော့ တော်လှန်ရေးသမားတွေက ထရီပိုလီမြို့က ကဒါဖီရဲ့ဌာနချုပ် Bāb al-Azīziyyah ခြံဝင်းနဲ့ စစ်အစိုးရရဲ့သင်္ကေတတွေကို ဖြိုဖျက်၊ဖျက်ဆီးလိုက်ကြတယ်။တော်လှန်ရေးသမားတွေက စစ်အာဏာရှင်ကို အသေရရ၊ အရှင်ရရဆုငွေဒေါ်လာ၁.၇သန်းလို့ဝရမ်းထုတ်ကြေညာခဲ့တယ်။ဒါကြောင့် စစ်အာဏာရှင်ဟာ သူ့မွေးရပ်ဇာတိ Sirt မြို့လေးမှာသွားပုန်းနေခဲ့တာ။
နောက်ဆုံးတော့တော်လှန်ရေးသမားတွေကရေဆိုးပိုက်ထဲမှာပုန်းနေတဲ့စစ်အာဏာရှင်ကိုရှာတွေ့သွားကြတယ်။ ကဒါဖီက သူ့အုပ်ချုပ်မှုကို ဆန့်ကျင်တဲ့ သူတွေကို သူပုန်လို့သတ်မှတ်ပြီး “ကြွက်တွေ” ဆိုတဲ့ အသုံးအနှုံးကို သုံးခဲ့တယ်။နောက်ဆုံးမှာတော့ သူဟာအမှိုက်တွေနဲ့ အညစ်အကြေးတွေ ပြည့်နေတဲ့ ရေနုတ်မြောင်းထဲမှာရောက်နေခဲ့တယ်။ ကြွက်တစ်ကောင်လိုပဲ။
သူ့လက်ထဲမှာ သူ့သားလက်ဆောင်ပေးထားတဲ့ ရွှေပစ္စတိုသေနတ်နဲ့ ရိုင်ဖယ်တစ်လက် ရှိနေတယ်။ တော်လှန်ရေးသမားတွေက သေနတ်ကိုလုယူလိုက်ပြီး သူ့ကို ဆံပင်ကဒရွတ်တိုက် ရေမြောင်းပိုက်ထဲက ဆွဲထုတ်တယ်။”သူ့ကို အရှင်ထား၊ သူ့ကို အရှင်ထားလိုက်” တစ်စုံတစ်ယောက်က အော်လိုက်တယ်။
စစ်အာဏာရှင်ကို စိတ်နာနေတဲ့ တော်လှန်ရေးသမားတွေဟာ ဝိုင်းရိုက်ကြ၊ သူ့စအိုဝကို လှံစွပ်တွေ ဓားတွေထိုးပစ်ကြတယ်။သူ မသေသေးဘူး။ နာကျင်တဲ့ဝေဒနာကိုခံစားရင်း သွေးအလိမ်းလိမ်းနဲ့ တော်လှန်ရေးသမားတွေက ဆေးရုံကို ကြိုးနဲ့ချည် ခေါ်အသွား သူအော်ပြီး တောင်းပန်လိုက်တယ်။
အဲဒီတုန်းက ကဒါဖီရဲ့ အသက် ၆၉ နှစ်ပါ။
စက္ကန့်ပိုင်းပဲကြာတယ်။ ကဒါဖီဟာ သူ့ရဲ့ ကိုယ်ပိုင်ရွှေပစ္စတိုသေနတ်နဲ့ပဲ ဦးခေါင်းကိုပစ်သတ်ခံလိုက်ရတယ်။
လူတွေက ရုန်းရင်း ဆန်ခတ်ဖြစ်နေတော့ ကဒါဖီကို သေနတ်နဲ့ ပစ်လိုက်တာ ဘယ်သူလဲ မသိလိုက်ဘူး။
သူသေပြီး နာရီပိုင်းအတွင်း သူ့သစ္စာခံ စစ်အာဏာရှင် လက်ပါး ၆၆ ယောက်ထက်မနည်း အသတ်ခံရတာပဲ။
နာရီပိုင်းပဲကြာတယ်။
အဲဒိနေ့က ကံဆိုးသူ မိုဟာမက် (Mohammed Elbibi) လို့ဆိုရမလား။ သူ ကဒါဖီသေတဲ့ နေရာတဝိုက်ကို လမ်းလျှောက်လာတယ်။သဲတွေအောက်မှာ အတော်နစ်နေတဲ့ ကဒါဖီရဲ့ ရွှေသေနတ်ကို မိုဟာမက် တွေ့လိုက်ရတယ်။သူ့ အသက်၁၇နှစ်ပါ။သူ ကဒါဖီရဲ့ ရွှေသေနတ်ကိုကောက်ယူ ကိုင်မြှောက်ပြီး ကဒါဖီသေလို့ ဝမ်းသာအားရ အော်ဟစ်နေကြတဲ့ လူစုကြီးဆီပြေးသွားတယ်။ရွှေရောင်သေနတ်ကိုင်ထားတဲ့မိုဟာမက်ကို ပြည်သူတွေက မြင်တဲ့ အခါ ကဒါဖီကို သတ်လိုက်တာ မိုဟာမက်လို့ သူတို့ထင်သွားကြရော..။
လူတွေက သူ့ကို ပုခုံးပေါ်တင်ပြီး ‘သူရဲကောင်း’ လို့ အော်ဟစ်လိုက်ကြတယ်။
“ မဟုတ်ပါဘူး။ မဟုတ်ပါဘူး။ ကျွန်တော် သူရဲကောင်းမဟုတ်ပါဘူး”
လူတွေက “ ဘာမှ စိတ်မပူနဲ့ ဒီကောင့်ဘက်ကလူတွေ ခင်ဗျားကို လာမသတ်ဘူး။ ကျုပ်တို့ အကုန် ရှင်းပစ်မှာ”
ဒါနဲ့ မိုဟာမက်တစ်ယောက် တော်လှန်ရေးရဲ့ မတော်တဆ သူရဲကောင်း ဖြစ်လာခဲ့တယ်။
သူရဲကောင်းလို့ အစွပ်အစွဲခံရတဲ့ အတွက် သူ အမှုစစ်ဆေးတာတွေခံခဲ့ရတယ်။
နောက်ပိုင်း Misrata တော်လှန်ရေးအုပ်စုထဲက အပြာရောင်ရှပ်အင်္ကျီဝတ် လူငယ်တစ်ဦးက ကဒါဖီရဲ့ ရွှေချထားတဲ့ ပစ္စတိုကို ကိုင်ထားတာ ဗီဒီယိုတစ်ခုမှာတွေ့ခဲ့ရတယ်။ သူက Omran Shabaan ဖြစ်တယ်။
သူ့ကို ၂၀၁၂ ခုနှစ်၊ Bani Walid မြို့မှာ ကဒါဖီ သစ္စာခံတွေက ဂလဲ့စားချေဖို့ ပြန်ဖမ်းဆီးလိုက်ကြတယ်။
သူ့ကို ရိုက်နှက်နှိပ်စက်ကြတာမို့ သူ ပြင်သစ်ဆေးရုံမှာ သေဆုံးသွားခဲ့တယ်။
နောက်ပိုင်း မိုဟာမက်ကိုလည်း ကဒါဖီ သစ္စာခံတွေက လိုက်ရှာကြတယ်။ သူလည်း ဟိုပြေးဒီပြေးပါပဲ။ ရင်ဘတ်နဲ့ခြေထောက်မှာ သေနတ်ဒါဏ်ရာတွေရခဲ့တယ်။
“ကဒါဖီကို သတ်တဲ့သူက ငါမဟုတ်ဘူးလို့ ကမ္ဘာကိုပြောပေးကြပါ” လို့ သတင်းထောက်တွေကို သူ အမြဲပြောတယ်။
“ကဒါဖီသေတဲ့နေ့ဟာ သမိုင်းဝင် အခိုက်အတန့်ပါပဲ။ အာဏာရှင်နဲ့ အာဏာရှင်စနစ်ရဲ့ နိဂုံးပါပဲ။ ကဒါဖီဟာ သူ့ရဲ့ ကံကြမ္မာကို သူဖန်တီးခဲ့တာပါ” (NTC) ရဲ့ ပြောရေးဆိုခွင့်ရှိသူ Abdel Hafez Ghoga ကပြောတယ်။
ကဒါဖီ စစ်အာဏာရှင်ကြောင့် ခါဒါလူမျိုး ၁၀၀၀ နဲ့ လစ်ဗျား ၇၅၀၀ သေဆုံးခဲ့ရတယ်လေ။
နောက်ဆုံးတော့ လစ်ဗျားမှာ စစ်အာဏာရှင်ရဲ့ နောက်ဆုံးအော်သံနဲ့အတူ စစ်အာဏာရှင်စံနစ် ပျောက်ဆုံးသွားတယ်။လစ်ဗျားက တော်လှန်ရေးသမားတွေအတွက်တော့ ကဒါဖီသေသွားတာဟာ ကြီးမားတဲ့စိတ်သက်သာရာရမှုပါပဲ။ပြီးတော့လစ်ဗျားခေါင်းဆောင်တွေဟာပြည်သူတွေအတွက်ဆယ်စုနှစ်များစွာအတွင်း ပထမဆုံး လွတ်လပ်တဲ့ ရွေးကောက်ပွဲတွေကို ကျင်းပပေးနိုင်ခဲ့တယ်။
“ ကဒါဖီသေသွားပြီဆိုတာနဲ့ အတွင်းမှာ ရန်ဖြစ်၊ အာဏာလု၊ မတည်မငြိမ်ဖြစ်နေတာတွေအားလုံး တည်ငြိမ်အေးဆေးစွာ သက်သာရာရခဲ့ပါတယ်” တော်လှန်ရေးသမားတွေကပြောခဲ့ကြတယ်။
စစ်ပွဲကာလမှာ တော်လှန်ရေးသမားတွေဟာ အာဏာရှင်ကို နာကျည်းစိတ်နဲ့ အလွန်ရင်းနှီးပြီး စည်းလုံးနေတာကြောင့် အသက်သေမှာကိုရော၊ နောင် အနာဂတ်အတွက် ပြင်ဆင်မှုတွေကိုရော စိတ်မဝင်စားသလောက်ပါပဲ။
စစ်အာဏာရှင် ကဒါဖီသေသွားတော့လစ်ဗျားသာမက ကမ္ဘာပေါ်က လူအများစုက စိတ်သက်သာရာရ ပျော်ရွှင်ခဲ့ကြတယ်။အာရပ် အဖွဲ့ချုပ် အကြီးအကဲ Nabil al-Arabi က ကဒါဖီ သေဆုံးမှုဟာ အာဏာရှင် စာမျက်နှာကို ပြောင်းလဲစေလိမ့်မယ်လို့ မျှော်လင့်ခဲ့တယ်။
အခု ၂၀၂၁ ..။
ကဒါဖီသေတာ ၁၀ နှစ်ရှိပြီ။
လစ်ဗျားနိုင်ငံ ဘာဆက်ဖြစ်လဲ။
လစ်ဗျားနိုင်ငံ ဘာဆက်ဖြစ်သလဲ ဆိုတော့ ပရမ်းပတာ ဖြစ်နေခဲ့တယ်။
“လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က တစ်ခါမှ မကြုံဖူးတဲ့ နိုင်ငံတွင်းအကြမ်းဖက်အဖွဲ့အစည်းတွေနဲ့ ရက်စက်ကြမ်းကြုတ်တဲ့ လူပုဂ္ဂိုလ်တွေပေါ်လာခဲ့တယ်” လို့ Fetouri ဆိုတဲ့ ပြည်သူက ပြောတယ်။
ဟုတ်ပါတယ်။လစ်ဗျားဟာ ပရမ်းပတာ ဖြစ်နေခဲ့တယ်။
လစ်ဗျားမှာ မတူကွဲပြားတဲ့ အဖွဲ့အစည်းတွေကို စုစည်းပေးမယ့် အုပ်ချုပ်ရေးစနစ် အဆင်သင့် မဖြစ်ခဲ့ပါ။
မတည်ငြိမ်မှုတွေကြောင့် IS ( Islamic State ) အကြမ်းဖက်သမားတွေဟာ နိုင်ငံတွင်းမှာ ခြေကုပ်ယူနိုင်ခဲ့ပြီး Sirte မြို့ကို ထိန်းချုပ်ခဲ့တယ်။
အဲဒီ IS တွေက ဘယ်သူလဲ?
ကဒါဖီရဲ့ သစ္စာခံလက်ကျန်တွေဖြစ်တယ်။လစ်ဗျားနိုင်ငံ ဘာဆက်ဖြစ်လဲဆိုတော့ ဥပဒေမဲ့ ဖြစ်နေခဲ့တယ်။
သေနတ်တွေကြောင့်ဖြစ်ပါတယ်။ကဒါဖီရဲ့လက်နက်တိုက်ကလုယက်ခဲ့ကြတဲ့ လက်နက်တွေကတော်လှန်ရေး အဖွဲ့အစည်းအမျိုးမျိုးဆီရောက်သွားခဲ့တယ်။ တချို့အုပ်စုတွေက လက်နက်ပြန် မအပ်ကြဘူး။
စုစည်းအုပ်ချုပ်မှုတစ်ခုအောက်မှာ စနစ်တကျမရှိတဲ့ အခါ စာရင်းဇယားလည်း မရှိခဲ့ပါ။
လက်နှက်တွေရှိတော့ သူတို့ မာဖီယာအဖွဲ့တွေဖြစ်လာကြတယ်။တော်လှန်ရေးပြီးသွားတဲ့ နောက်ပိုင်း အချင်းချင်းချကြတယ်။ဟုတ်ပါတယ်။အချင်းချင်းပါ။အဲဒီအဖွဲ့အားလုံးကတစ်ချိန်ကမဟာမိတ်တော်လှန်ရေးအဖွဲ့ တွေဖြစ်ပါတယ်။သူတို့ဟာ ကဒါဖီကို မုန်းတီး နာကျည်းခဲ့တဲ့ စိတ်နဲ့ စည်းလုံးခဲ့ကြပေမဲ့ ကဒါဖီသေသွားပြီးတဲ့အခါ တူညီတဲ့ရည်ရွယ်ချက်တစ်ခုမရှိတော့ဘူး။ မစည်းလုံးကြတော့ဘူး။
ဒါကြောင့် သေနတ်တွေကို စနစ်တကျ စီမံဖို့ အလွန်အရေးကြီးတယ်ဆိုတာ လစ်ဗျားကို သင်ခန်းစာယူရမယ်။
ဒီမိုကရေစီနိုင်ငံကြီးတွေမှာတော့ သေနတ်တွေ အိမ်ထဲရှိနေလည်း ဥပဒေစိုးမိုးတော့ အဲဒိလို မဖြစ်ဘူးပေါ့။ အဲဒိသေနတ်တွေဟာ တရားဝင်ကိုင်တာ ဖြစ်ရမယ်။
လစ်ဗျားနိုင်ငံ ဘာဆက်ဖြစ်လဲဆိုတော့ သူတလူငါတမင်း ဖြစ်နေခဲ့တယ်။
ဒါကြောင့် သူတလူငါတမင်းလုပ်ချင်သူတွေကို အခုကတည်းကရိပ်မိနေရပါမယ်။ စင်ပြိုင်ထောင်ချင်တဲ့သူတွေ၊စစ်ဘုရင်ဖြစ်ချင်သူတွေ ရှိလာနိုင်တယ်ဆိုတာ သတိထားရပါမယ်။
သူတို့ကဒီလို..။
NUGကိုစေတနာနဲ့ထောက်ပြတဲ့သူတွေရဲ့စကားတွေကိုသံယောင်လိုက်မယ်။NUGကိုမုန်းတီးအောင်လှုံ့ဆော်ကြမယ်။သူတို့က NUG ဖြစ်ချင်ကြတာကိုး။ ဒီမိုကရေစီနိုင်ငံမှာ တိုင်းပြည်ရဲ့အာဏာဟာ ပြည်သူတွေလက်ထဲမှာပဲရှိတယ်။ပြည်သူတွေထောက်ခံတဲ့သူဟာ ခေါင်းဆောင်ပဲ။ ဘယ်လောက်ပဲတော်တော်၊ ဘာလက်နှက်ပဲရှိရှိ၊ ငွေတွေဘယ်လောက်ပဲရှိရှိ ပြည်သူက မထောက်ခံရင် ခေါင်းဆောင် ဖြစ်ချင်လို့မရဘူးဆိုတာ နေရာယူချင်တဲ့သူတွေ သိထားဖို့လိုပါတယ်။
လစ်ဗျားနိုင်ငံ ဘာဆက်ဖြစ်လဲဆိုတော့ တကွဲတပြားစီ ဖြစ်သွားတယ်။သူတို့ဟာ အာဏာရှင်ဆိုတဲ့ ဘုံရန်သူတူနေလို့ ဝိုင်းတိုက်ခဲ့ကြပေမဲ့ အတွေးအခေါ်ပိုင်းအရလည်း ဟိုးအစကတည်းက ကွဲပြားနေကြတယ်။
အချို့က စစ်သွေးကြွ၊ အချို့က အစွန်းရောက် အစ္စလမ္မစ်တွေ၊ အချို့က ခွဲထွက်ရေး၊ အချို့ကလစ်ဘရယ်ဝါဒီတွေ။အာဏာရှင်သေသွားတော့ အုပ်စုတွေ အကွဲကြီးကွဲကြတော့တယ်။
ပြည်သူ့စစ်တွေဟာ တော်လှန်ရေးတုန်းက မြို့အသီးသီးမှာ အခြေစိုက်ပြီး အာဏာရှင်တွေကို တိုက်ခိုက်ခဲ့ကြတာမို့ ဒေသစွဲ အဖွဲ့စွဲတွေ၊လူပုဂ္ဂိုလ်စွဲတွေ လည်းရှိနေတယ်။လစ်ဗျားနိုင်ငံ ဘာဆက်ဖြစ်လဲဆိုတော့ စည်းကမ်းမရှိ ဖြစ်နေခဲ့တယ်။လစ်ဗျားတွေက ဆယ်စုနှစ် လေးစုကျော်ကြာ စစ်အာဏာရှင် အုပ်ချုပ်မှုမှာနေခဲ့ရတော့ ဒီမိုကရေစီဆိုတာကို နားလည်မှု နည်းပါးခဲ့ကြတယ်။
ဒီမိုကရေစီရတော့စည်းမရှိကမ်းမရှိလွတ်လပ်တော့တယ်။မြန်မာပြည်နဲ့ ကွာသွားပြန်ရော။
မြန်မာပြည်ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကြိုးစားမှုကြောင့် ဒီမိုကရေစီ ပါးပါးလေးကို ၁၀ နှစ်နီးပါးလောက်သိခွင့်ရထားကြပြီးဖြစ်တယ်။ဒါပေမဲ့ ပရမ်းပတာ မဖြစ်ကြဖို့ သတိထားရဦးမယ်။
လစ်ဗျားနိုင်ငံ ဘာဆက်ဖြစ်လဲ ဆိုတော့ အာဏာရူးတွေဆက်ပေါ်လာတယ်။
ရေနံကြွယ်ဝတဲ့ လစ်ဗျားနိုင်ငံဟာတစ်ချိန်က အာဖရိကမှာ အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုနဲ့ အခမဲ့ပညာရေးစနစ်ရှိတဲ့ နေထိုင်မှုအဆင့်အတန်းအမြင့်ဆုံးနိုင်ငံတစ်ခုဖြစ်ခဲ့တယ်။
လောဘဇောကပ်လာသူတွေဟာ ရေနံသိုက်တွေကို ပိုင်ဆိုင်ချင်တော့ အာဏာလုကြပါလေရော..။
ပြည်သူ့စစ်မျိုးစုံက သုံးနှစ်ကြာ အချင်းချင်းတိုက်ခိုက်နေခဲ့ကြတယ်။
ဒါကြောင့် အာဏာရူးတွေရန်ကိုလည်း သတိထား သင်္ခန်းစာယူရမယ်။ နိုင်ငံတိုင်းမှာ အာဏာရူးတွေရှိတယ်။
အဲလိုတွေဖြစ်တော့ လစ်ဗျားနိုင်ငံ ဘာထပ်ဖြစ်သလဲဆိုတော့ ငွေကြေးဖောင်းပွလာတယ်။အစားအသောက်က အစ ဈေးကြီးကုန်တယ်။ ဆင်းရဲကုန်တယ်။လစ်ဗျားနိုင်ငံသား ၂၀၀,၀၀၀ ကျော် ပြည်တွင်းကစွန့်ခွာ ထွက်ပြေးရပြီး ၁.၃ သန်းက လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ လိုအပ်နေတယ်လို့ ကုလသမဂ္ဂက ပြောခဲ့တယ်။လူနေမှုစရိတ်ကလည်း ကြီးမြင့်ပြီး ဆေးဝါးပြတ်လပ်မှုတွေလည်း ရှိနေတယ်။
တစ်ချိန်က စီးပွားရေးအရ အောင်မြင်တယ်လို့ မှတ်ယူထားတဲ့ နိုင်ငံတစ်နိုင်ငံဟာ အခုတော့ လျှပ်စစ်မီး ပြတ်တောက်မှုတွေတောင်ရှိလာခဲ့ဖူးတယ်။
အဲဒီ အားနည်းချက်တွေကို နင်းပြီး ကဒါဖီ စစ်အုပ်ချုပ်ရေးလော်ဘီတွေက အခွင့်ကောင်းယူတယ်။
ပြီးတော့ ‘လစ်ဗျားနိုင်ငံ ဘာဆက်ဖြစ်လဲ’ ဆိုတဲ့ အကြောင်းကို လိုရာဆွဲပြီး စစ်အုပ်ချုပ်ရေးကို ပြန်တမ်းတလာအောင် ပြောဆို ရေးသားကြတော့တယ်။စိတ်ဓာတ်စစ်ဆင်ရေးလုပ်ကြတယ်။
စစ်အုပ်ချုပ်ရေးမှာ ခေါက်ရိုးကျိုးနေတဲ့ကျွန်တွေလို စစ်ရေးနဲ့ အုပ်ချုပ်မှ နာခံတတ်သူတွေ လစ်ဗျားမှာ အခုအထိ ရှိနေလေတော့ နားယောင်တာပေါ့။ ထောက်ခံလာကြတယ်။သူတို့က စစ်အာဏာရှင်ရဲ့ သွေးခွဲမှုကြောင့် အမုန်းပွါး၊ အထီးကျန်တိုင်းပြည်ဖြစ်၊ ဆင်းရဲ၊စိတ်ဓာတ်တွေ အောက်တန်းကျတယ်ဆိုတာ မသိဘူး။ပညာရေးတွေ အရိုက်ချိုးခံထားရတော့ မတွေးနိုင်ကြဘူး။စစ်အုပ်ချုပ်ရေး မရှိတော့လို့ ပရမ်းပတာဖြစ်တယ်လို့တွေးအောင် ကဒါဖီလော်ဘီတွေက လွယ်လွယ်လေး လော်လိုက်ကြတယ်။
ကဒါဖီ သေတဲ့နေ့ကို အောက်မေ့ လွမ်းဆွတ်ပွဲတွေတောင် လုပ်လာကြတယ်။အဲဒီလူတွေအများစုက အကြမ်းဖက်အုပ်စု IS တွေဖြစ်တယ်။ဒါကြောင့် အာဏာရှင်တွေနဲ့အတူ အာဏာရှင် စနစ်ကို ဘာလို့လက်မခံရမှာလဲဆိုတဲ့ အသိပညာပေးဖို့၊ အမြစ်ဖြတ်ဖို့ အရေးကြီးတယ်။
အဓိကအချက်ကတော့ လစ်ဗျားမှာ မြန်မာနိုင်ငံက NUG လို တစ်စုတစ်စည်းတည်း ဖြစ်စေတဲ့ အဖွဲ့တစ်ဖွဲ့မှ မရှိခဲ့လို့ဖြစ်တယ်။ကျွန်မတို့ မြန်မာတွေက သိပ်တော်တယ်လို့ နိုင်ငံတကာက ချီးကျူးတယ်။
ဟိုးနွေဦးတော်လှန်ရေးအစ ကတည်းက Gen Z တွေတော်လိုက်ပုံ..။ ဒါကို Gen X နဲ့ Y တွေက လိုအပ်တဲ့ နိုင်ငံရေးနေရာကို ဝင်အားဖြည့်တယ်။
လစ်ဗျားနိုင်ငံ ဘာလို့ ဒီလိုဖြစ်တာလဲဆိုတော့ အဓိကက စည်းလုံးညီညွတ်ရေးနဲ့ ပြန်လည်ထူထောင်ရေး မလုပ်နိုင်လို့ဖြစ်တယ်။၂၀၁၆ ခုနှစ် ဧပြီလက အင်တာဗျူးတစ်ခုမှာ အမေရိကန်သမ္မတဟောင်း ဘားရတ်အိုဘားမားက ဒီလို ပြောတယ်။
“ လစ်ဗျားရဲ့ အဆိုးရွားဆုံး အမှားက ကဒါဖီကို ဖြုတ်ချပြီးတဲ့နောက် ပြန်လည်ထူထောင်ရေးကို ဆက်လုက်ရမှာ ပျက်ကွက်ခဲ့လို့ ဒီလိုဖြစ်တာဖြစ်တယ်” တဲ့။
ဒါကြောင့် တော်လှန်ရေးနဲ့ တစ်ပြိုင်နက် မြန်မာပြည်မှာ တစ်ခါမှ မရခဲ့ဘူးတဲ့ စည်းလုံးညီညွတ်ရေးလုပ်တယ်။
ပြီးတော့ပြန်လည်ထူထောင်ရေးအတွက် စီမံကိန်းတွေကိုNUGကအခုကတည်းကပြင်ဆင်နေတာဖြစ်ပါတယ်။
တချို့က ပြန်လည်ထူထောင်ရေးက သူ့ဟာသူဖြစ်သွားမှာပါဆိုပြီးတွေးကြတယ်။
လစ်ဗျားကိုကြည့်ပါ။
စစ်အာဏာရှင် မင်အောင်လှိုင်ကို ဖြုတ်ချပြီး မြို့သိမ်းဖို့ကလွယ်ပါတယ်။ မြို့ကို ဆက်ထိန်းဖို့အတွက် မြို့မသိမ်းခင် NUG အစိုးရအဖွဲ့က ကြိုတင်စီစဉ်နေတာဖြစ်တယ်။ဆင်းရဲမှုဆိုတာ ကြာလာရင် ကလေးတွေ ဒုက္ခရောက်ကြမယ်။ လူငယ်တွေ စိတ်ဓာတ်ကျမယ်လေ။လစ်ဗျားနိုင်ငံ ဘာလို့ ဒီလိုဖြစ်တာလဲ။ နိုင်ငံတကာ ထောက်ခံမှုရအောင် မလုပ်ခဲ့လို့ဖြစ်တယ်။
ယူကေဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်းကတော့
“ လစ်ဗျားက နိုင်ငံတကာ ထောက်ခံမှုရဖို့ သေသေချာချာလုံလောက်အောင် မလုပ်ခဲ့ဘူး” လို့ပြောခဲ့တယ်။
ဒါကြောင့် မြန်မာ နွေဦးတော်လှန်ရေးကို နိုင်ငံတကာထောက်ခံမှုရှိထားဖို့ကို NUG က တစ်စိုက်မတ်မတ်ကြိုးစားနေတာဖြစ်တယ်။ပြန်လည်ထူထောင်ရေးမှာ နိုင်ငံတကာရဲ့ အကူအညီတွေ အများကြီးလိုတယ်။ ဒါကြောင့် နိုင်ငံခြားရေးကလည်း သိပ်အရေးကြီးတယ်။ဂျာမနီနိုင်ငံခြားရေးဝန်ကြီး Heiko Maas က လစ်ဗျားဟာ ငြိမ်းချမ်းရေးကို စေ့စပ်ညှိနှိုင်းခြင်းမပြုလုပ်နိုင်ရင် ဒုတိယ ဆီးရီးယားနိုင်ငံ ဖြစ်လာနိုင်တယ်” လို့ သတိပေးခဲ့တယ်။
ငြိမ်းချမ်းရေးပေါ့။ အရေးအကြီးဆုံးပါ။
သူတို့လို တကွဲတပြား သူတလူ ငါတမင်းမဖြစ်ရအောင် မြန်မာပြည်မှာ တိုင်းရင်သား အားလုံး စည်းလုံးညီညွတ်မှုနဲ့ တန်းတူ အခွင့်အရေးရဖို့ အခြေခံဥပဒေအသစ်နဲ့ စစ်အာဏာရှင် မင်းအောင်လှိုင် ဖြုတ်ချဖို့ တပြိုင်နက်လုပ်ရမယ်ဆိုတာ ပြည်သူတိုင်း အသိရှိရမယ်။ဒီအတွက်လည်း ပြည်သူတွေအားလုံးက တာဝန်အရမဟုတ်ပဲ လိုလိုလားလား လုပ်ရပါမယ်။ အဲ့ဒီ အချက်က အရေးအကြီးဆုံးဖြစ် တယ်။
လစ်ဗျားလို မဖြစ်အောင် NUCC က အခုကတည်းကလုပ်နေတာဖြစ်တယ်။ ပင်လုံ ကတိကဝတ်ထဲက “ တန်းတူညီမျှမှု” ကို အခြေခံတဲ့အခြေခံဥပဒေကို အကောင်းဆုံးနဲ့ အမြန်ဆုံး ဖြစ်အောင်ပေါ့။
တိုင်းရင်းသားအားလုံးကို တန်းတူညီမျှရေးရှိပါမယ်ဆိုတာ အခြေခံဥပဒေ ချာတာတွေနဲ့ အသေအချာ ကတိပေးရပါမယ်။
အခု လက်ရှိမှာတော့ လစ်ဗျားတွေဟာ နိုင်ငံတကာ ဆက်ဆံရေးကို ထူထောင်ဖို့ ပြန်ကြိုးစားနေကြတယ်။
၂၀၁၆ ခုနှစ် ဩဂုတ်လမှာတော့ အနောက်နိုင်ငံတွေနဲ့ အမေရိကန်ရဲ့ လေကြောင်းတိုက်ခိုက်မှု အကူအညီနဲ့ IS တွေကို မြို့တွင်းက နှင်ထုတ်နိုင်ခဲ့တယ်။ပြည်တွင်း ဂျီဟတ်ဝါဒီအဖွဲ့တွေနဲ့ ပြည်ပတိုက်ခိုက်ရေးသမားတွေ ဖွဲ့စည်းထားတဲ့ IS တွေဟာ အခုတော့ ဘယ်မြို့ကိုမှ မသိမ်းနိုင်ပေမဲ့ သဲကန္တာရ အမျိုးမျိုးမှာ ပုန်းအောင်းနေဆဲဖြစ်တယ်။အင်အားတော့ နည်းပါးသွားပြီဖြစ်တယ်။
ဘာပဲဖြစ်ဖြစ် လစ်ဗျားဟာ တော်လှန်ရေးပြီးကာစထက် စာရင် အနည်းနဲ့ အများ တိုးတက်လာပါတယ်။
လစ်ဗျားတို့ ငြိမ်းချမ်းစွာနဲ့ ဒီမိုကရေစီရဖို့ ကြိုးစားရဦးမယ်။မြန်မာပြည်ကတော့ လစ်ဗျားရဲ့အတိတ်သမိုင်းတွေကို သင်္ခန်းစာယူပြီး အဘက်ဘက်က ကြိုတင်ပြင်ဆင်ရမှာကို သတိပြုပြီး ပိုစည်းလုံးရမယ်။အာဏာရှင်တွေရော အာဏာရှင် စနစ်ကိုရောဖြုတ်ချရင်း ဖယ်ဒရယ်ပြည်ထောင်စုနိုင်ငံကို တပြိုက်နက်ထူထောင်ပါမှ စည်းလုံးမှုကို ဆက်ထိန်းနိုင်မယ်။အာဏာရှင်ပြုတ်ကျပြီးမှ စည်းလုံးမှု၊စုစည်းမှုတွေလုပ်မယ်၊အခြေခံဥပဒေရေးဆွဲမယ်၊ဖယ်ဒရယ်ပြည်ထောင်စုနိုင်ငံကို စတင်ထူထောင်မယ်ဆိုရင် လစ်ဗျားတွေလို နောက်ကျလိမ့်မယ်။
ဒါကြောင့် NUCC က မကြာခင်မှာပဲ ပြည်သူ့လွှတ်တော်ကို အကောင်အထည်ဖော်တော့မှာဖြစ်တယ်။
အာဏာရှင်တွေကို အရိပ်တောင် မကျန်ရစ်ရလေအောင်..။
လစ်ဗျားတို့ ငြိမ်းချမ်းပါစေ။
မြန်မာပြည်ကြီး ငြိမ်းချမ်းပါစေ။
မရွှေမိုး-ကိုရီးယား