စစ်အာဏာရှင်တွေဟာ သေနတ်ပစ်ဖြိုခွင်းတဲ့အလုပ်ကိုထပ်လုပ်လိုက်တယ်။
မန္တလေးမှာ ငြိမ်းချမ်းစွာဆန္ဒပြနေတဲ့ပြည်သူတွေကို ရက်ရက်စက်စက်ပစ်သတ်နေတဲ့ ဗီဒီယိုဖိုင်တွေ ဖေ့စ်ဘုတ်ပေါ်တက်လာတယ်။ သတင်းဌာနတွေမှာတက်လာတယ်။ လူတွေအုတ်အော်သောင်းနင်းဖြစ် ကုန်တယ်။
တစ်နိုင်ငံလုံးက ဗီဒီယိုဖိုင်တွေကြည့်ပြီး မျက်ရည်တွေဝဲကုန်တယ်။ တော်တော်ရက်စက်တဲ့ကောင်တွေပါ။ သေသွားတဲ့ လူငယ်လေးရဲ့ “သား မရတော့ဘူး” ဆိုတဲ့ နောက်ဆုံးပြောစကားကို မြင်ယောင်ရင်းစိတ်မ ကောင်းခြင်းကြီးစွာဖြစ်နေမိကြတယ်။
ကျွန်တော်တို့တွေ ဘယ်လောက်အထိ ဘယ်ရက်အထိ အခုကိုဝဋ်ခံနေရဦးမှာလဲ။
ကျွန်တော်က Y generation ။ စစ်အစိုးရခေတ်မှာ ကျောင်းတက်ခဲ့ရတဲ့မျိုးဆက်။ စစ်အစိုးရခေတ်မှာပဲ လုပ်ငန်းခွင်စဝင်ခဲ့ရတဲ့မျိုးဆက်ပေါ့။
ကျွန်တော်တို့ခေတ်မှာ ဖယောင်းတိုင်မီးနဲ့စာဖတ်ကြတယ်။ မီးလာရင် ဟေးလို့အော်ပြီး ဝမ်းသာရတယ်။ အင်တာနက်ဆိုင်မှာ တစ်နာရီ ၄၀၀ ကျပ်ပေးပြီး အင်တာနက်သုံးကြရတယ်။ လိုင်းမကောင်းလို့ အဝိုင်း လည်နေတာကိုထိုင်ကြည့်ကြရတယ်။ ကျောင်းမှာ အရာရှိသားသမီးတွေဆိုရင် ဆရာ၊ ဆရာမတွေက မျက်နှာသာပေးတယ်။ ကျောင်းကို စစ်ဝတ်စုံယူနီဖောင်းတွေလာရင် လက်အုပ်ချီပြီး ဂါရဝပြုရတယ်။ ရုပ် သံလိုင်းဆိုလို့ အစိုးရကဝါဒဖြန့်တဲ့ မြန်မာ့အသံနဲ့ မြဝတီ နှစ်ခုပဲရှိတယ်။ မိုဘိုင်းဖုန်းတစ်လုံးရဖို့ သိန်း ၂၀ လောက်အကုန်အကျခံရတယ်။ ကျောင်းဆရာ၊ ဆရာမတွေဆီမှာ ကျုရှင်ယူမှ စာမေးပွဲအောင်တယ်။ စာ မေးပွဲအောင်ဖို့ ဆရာ၊ ဆရာမတွေကို လာဘ်ထိုးရတယ်။ စာတွေကို အလွတ်ကျက်ပြီး ဖြေရတယ်။ လေ ယာဉ်ဆိုတာ အရာရှိ အရာခံတွေပဲ စီးနိုင်တဲ့ခေတ်ဖြစ်တယ်။
ဒါတင်ဘယ်ကဦးမလဲ။ ကျောင်းမှာ လူကြီးသားသမီးတွေ အနိုင်ကျင့်သမျှ ကို ခံကြရတယ်။ မီတာခဆောင် ဖို့ နေ့တစ်ဝက်လောက်တန်းစီရတယ်။ ပြည်တွင်းထုတ်ကုန်တွေကို အကန့်အသတ်နဲ့ရောင်းတဲ့ဝင်းသူဇာ ဆိုင်တွေကို နိုင်ငံခြားက ဈေးဝယ်စင်တာကြီးတွေအလားမှတ်ယူပြီးဝယ်ကြရတယ်။
နိုင်ငံခြားသွားရင် မြန်မာဆိုတာ အိမ်ဖော်အလုပ်လုပ်တဲ့သူမျိုး၊ အောက်ခြေသိမ်းအလုပ်လုပ်တဲ့သူမျိုးလို့ သတ်မှတ်ခံရတယ်။ မြန်မာပတ်စပို့စာအုပ်အနီဟာ immigration က ပစ်ပေးပြီး အထင်သေးတဲ့မျက်လုံး တွေနဲ့ကြည့်ခံရတဲ့ပစ္စည်းဖြစ်တယ်။ ကိုယ်ပိုင်ဒေါ်လာကို မြန်မာငွေနဲ့လဲဖို့ တရားဝင်နေရာမရှိတော့ ပွဲစား တွေဆီမှာ အောက်ကျို့ခံရတယ်။ ပွဲစားတွေရဲ့ဈေးအမျိုးမျိုးတွေကြားထဲမှာ ဒေါ်လာကိုတရားမဝင်ရောင်း ချကြရတယ်။
အဆိုးဆုံးကတော့ အစိုးရရုံးတွေသွားရရင် လာဘ်ပေးမှ အလုပ်လုပ်ပေးကြတဲ့ကိစ္စပါ။ ကိုယ့်ဆီကလည်း ပိုက်ဆံတောင်းတယ်၊ ကိုယ်ကသူတို့ကို ခခယယဆက်ဆံရတယ်။ ညဖက် ကိုယ့်အိမ်မှာကိုယ်အိပ်နေတုန်း သူတို့က ဗြုန်းဆိုရောက်ချလာပြီး ခြင်ထောင်လှန်ကြည့်ရင်လည်း ကိုယ်ကကြည်ကြည်ဖြူဖြူနေပေးရ တယ်။ စစ်အာဏာရှင်အောက်ကို အဲဒီလိုပုံစံနဲ့ဖြတ်သန်းခဲ့ရတာပါ။ အရာရာတိုင်းဟာ အကြောက်တရား တွေနဲ့နေခဲ့ရတာပါ။
အခု သူတို့အာဏာသိမ်းတဲ့ ဖေဖော်ဝါရီ ၁ ရက်ကနေစလို့ ပိတ်ဆို့မှုတွေကို ဆက်တိုက်လုပ်လာပြန်ပြီ။ ဆိုရှယ်မီဒီယာတွေကို Banned ထားတယ်။ VPN ကျော်သုံးနေရတယ်။ ညသန်းခေါင်မှာအင်တာနက် လိုင်းကိုဖြတ်တောက်ထားတယ်။ မနက် ၉ နာရီကျမှ ပြန်ဖွင့်ပေးတယ်။ ညညဆို ရဲတွေကဟိုအိမ်ကိုလာ ဖမ်း၊ ဒီအိမ်ကိုလာဖမ်း လုပ်တယ်။ အကြောင်းပြချက်မေးကြည့်တော့လည်းမရှိဘူး။ အဲဒီတော့ ရပ်ကွက်မှာ လူတွေစုပြီး ကင်းစောင့်ရတယ်။ သူတို့လာရင် သံပုံးတီးအချက်ပေးရတယ်။ အိပ်ယာဘေးမှာ တုတ်၊ ဓား တွေထားပြီး အန္တရယ်ကိုကာကွယ်နေကြရတယ်။ တစ်ယောက်ယောက်ကို အကြောင်းပြချက်မရှိဘဲလာ ဖမ်းတာကို ပြည်သူအချင်းချင်းကာကွယ်ကြရတယ်။
>>>>>