Military Coup Myanmar
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
  • mm Myanmar
  • en English
No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
No Result
View All Result
Military Coup Myanmar
No Result
View All Result

“ကျွန်တော်တို့ ပဲခူးကို ပြန်လာသိမ်းမှာ”

April 29, 2021
in သုံးသပ်ချက်များ
Reading Time:3 mins read
Share on FacebookShare on Twitter

ဧပြီ ၉ ရက်က စစ်ကောင်စီတပ်များ၏ အင်အားအလုံးအရင်းဖြင့် ပစ်ခတ်ဖြိုခွင်းခံခဲ့ရပြီး လူအများအပြားသေဆုံးခဲ့ရသည့် ပဲခူးမြို့မှ သပိတ်ခံတပ် ခုခံကာကွယ်ရေးခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုငြိမ်းမောင်နှင့်အဖွဲ့သည် စစ်ကောင်စီကို တော်လှန်ရန် ပြင်ဆင်လျက်ရှိသည်

ပဲခူးမြို့ကိုပင် နှံ့နှံ့စပ်စပ် မရောက်ဖူးသေးသူ ရန်ကုန်သား ကိုငြိမ်းမောင်တစ်ယောက် စစ်အာဏာရှင်တော်လှန်ရေးတွင် ပဲခူးမြို့အဓိကခံတပ်၌ သပိတ်ခေါင်းဆောင်တစ်ဦး ဖြစ်လာသည်။ ပဲခူးသူနှင့် အိမ်ထောင်ပြုထားသူဖြစ်သော်လည်း သင်္ဘောသားဖြစ်သောကြောင့် ပဲခူးမြို့နှင့် အကျွမ်းဝင်လှသည် မရှိပေ။

နှစ်ရှည်လများ သင်္ဘောလိုက်နေရာမှ ဇနီးနှင့် လေးနှစ်အရွယ်သားရှိရာ ပဲခူးမြို့သို့ ဖေဖော်ဝါရီလကုန်ပိုင်းတွင် ကိုငြိမ်းမောင် ပြန်လည်ရောက်ရှိခဲ့သည်။ စစ်အာဏာသိမ်းမှုကြောင့် တစ်နိုင်ငံလုံးရှိ ပြည်သူများ ကြိမ်မီးအုံးသကဲ့သို့ ပူဆွေးသောကရောက်နေချိန်ဖြစ်သည်။ စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲများ အရှိန်ကောင်းနေဆဲဖြစ်ကာ စစ်ကောင်စီ၏ အကြမ်းဖက်လက်နက်ကိုင်များကို ခုခံကာကွယ်ရန် စတင်ပြင်ဆင်နေကြချိန်လည်းဖြစ်သည်။

စစ်အာဏာရှင်တော်လှန်ရေးတွင် အသက် ၃၁ နှစ်အရွယ် ကိုငြိမ်းမောင် ထဲထဲဝင်ဝင်ပါဝင်လာရသည့် အကြောင်းရင်းမှာ လူငယ်တစ်ဦးကို လက်နက်ကိုင် ရဲငါးဦးက ဝိုင်းဝန်းကန်ကြောက်သည့် ဖြစ်ရပ်နှင့်လည်း သက်ဆိုင်နေသည်။

ဖေဖော်ဝါရီ ၂၈ ရက်က ပဲခူးမြို့ လမ်းမတစ်ခုပေါ်၌ ဗိုက်ပွင့်ဒဏ်ရာရရှိထားသည့် လူငယ်တစ်ဦးအား ဝိုင်းဝန်းကန်ကြောက်နေသည့် ရဲတပ်ဖွဲ့ဝင်များကို ကိုငြိမ်းမောင်တွေ့ရှိခဲ့သည်။ စစ်အာဏာရှင်စနစ်၏ ရက်စက်ကြမ်းကြုတ်မှုအပေါ် ကိုငြိမ်းမောင် မခံမရပ်နိုင်ဖြစ်လာသည်။

အဆိုပါ ဒဏ်ရာရလူငယ်ကို ဆေးရုံပို့ပေးရန် ကြိုးပမ်းစဉ် လက်နက်ကိုင်ရဲများက ကိုငြိမ်းမောင်ကို ပစ်ခတ်ခဲ့သည်။ လူကိုမထိသော်လည်း စီးလာသောကားကို ကျည်ဆန်ထိမှန်ခဲ့သည်။ ထိုအချိန်မှစ၍ စစ်အာဏာရှင်ကို တော်လှန်ရန် ကိုငြိမ်းမောင် ဆုံးဖြတ်လိုက်တော့သည်။

“အဲ့နေ့ကစ​ပြီး ကျွန်တော့်မိသားစုကိုပါ ဖြတ်ပြီး မဂ္ဂတစ်မှာပဲ ကျွန်တော်နေတယ်။ ပဲခူးက ကျွန်တော့်သူငယ်ချင်းတွေနဲ့ စုစည်းပြီး ခံတပ်ဆောက်လိုက်တယ်။ ပြောရရင် ကျွန်တော်တို့က စနစ်မရှိဘူး။ ဒါပေမယ့် ရတဲ့နည်းနဲ့ ကျွန်တော်တို့က တွန်းလှန်မယ်” ဟု ကိုငြိမ်းမောင်က ဆိုသည်။

စစ်အာဏာရှင်တော်လှန်ရေးတွင် ပါဝင်တော့မည့်အကြောင်း ဖခင်နှင့် ဇနီးဖြစ်သူကို အသိပေးပြီးနောက် ငွေကျပ်တစ်သိန်းယူပြီး အိမ်မှ အပြီးတိုင်ထွက်လာခဲ့သည်ဟု ဆိုသည်။

“ဖက်ဒရယ်တွေ ဘာတွေ ထောင်ရင် ငါဝင်မှာ။ ငါသေသွားလို့ရှိရင် ကားတွေရောင်း၊ ပစ္စည်းတွေရောင်းပြီး ဘဝကို ဆက်လို့ ပြောခဲ့တယ်။ ကျွန်တော့်အဖွဲ့ကို ဆုံးရှုံးခံနိုင်မယ့်သူတွေပဲ ပူးပေါင်းထားကြတာ” ဟု ကိုငြိမ်းမောင်က ပြောသည်။

ကိုငြိမ်းမောင်၏ ဖခင်မှာ ရေကြောင်းရဲတပ်ဖွဲ့ဝင်တစ်ဦးဖြစ်သည်။ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲများနှင့် ပတ်သက်၍ ပြတ်ပြတ်သားသားရပ်တည်ရန် ပြောကြားခဲ့သည်။

“အဖေ လူသတ်မယ် (ဆန္ဒပြပွဲတွေကို ပစ်ခတ်နှိမ်နှင်းမယ်) ဆိုရင် အဖေနဲ့ ကျွန်တော် ဇာတ်လမ်းပြတ်မယ်လို့ ပြောခဲ့တယ်။ အဖေကတော့ အဲ့ကိစ္စတွေနဲ့ မဆိုင်ဘူးလို့ ပြောတယ်”ဟု ကိုငြိမ်းမောင်က ပြောသည်။

ဖခင်ကလည်း အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်နေသည်ဟု ဆိုသည်။

ပဲခူးမြို့ အဓိကခံတပ် မဂ္ဂတစ်

ပဲခူးတွင် ရွှေမော်ဓောဘုရားအနီးတဝိုက်နှင့် မြို့တွင်း၌ လှည့်လည်ချီတက် ဆန္ဒပြရာမှ အကြမ်းဖက်ပစ်ခတ်မှုများကြောင့် ဖေဖော်ဝါရီလကုန်ပိုင်းမှစတင်ကာ လူနေရပ်ကွက်များအတွင်း ရွှေ့ပြောင်းခဲ့ရသည်။

မဂ္ဂတစ်လမ်းမကြီးလျှောက်တွင် သဲအိတ်များဖြင့် ပြည်သူ့ကာကွယ်ရေးခံတပ်များ အခိုင်အမာတည်ဆောက်ခဲ့ကြသည်။ ရပ်ကွက်တိုင်း၌လည်း ခံတပ်များ အပြိုင်အဆိုင်တည်ဆောက်ခဲ့ကြသည်။

မတ်လဆန်းပိုင်းမှစ၍ ကိုငြိမ်းမောင်အပါအဝင် လူငယ် ၁၄၀ ကျော်သည် ပြည်သူ့လုံခြုံရေးအဖွဲ့ကို ဖွဲ့စည်းပြီး ပဲခူးမြို့ မဂ္ဂတစ်လမ်းတဝိုက်တွင် အလှည့်ကျလုံခြုံရေး တာဝန်ယူခဲ့ကြသည်။ ကိုငြိမ်းမောင်သည် ပဲခူးမြို့တွင် စစ်ကောင်စီလက်နက်ကိုင်များက အင်အားအလုံးအရင်းသုံးပြီး တိုက်ခိုက်ဖြိုခွင်းခဲ့ရသော မဂ္ဂတစ်၊ မှော်ကန်၊ ဆိုရှယ်လစ် ရပ်ကွက်ကြီးများရှိ ခံတပ်များတွင် ရှေ့တန်းခုခံရေးအဖွဲ့ ခေါင်းဆောင်တစ်ဦးဖြစ်သည်။

ကိုငြိမ်းမောင်က မဂ္ဂတစ်ခံတပ်တွင် လာရောက်ပူးပေါင်းသူ လူငယ်များကို ခံတပ်အတွင်း အရက်သေစာ မသောက်စားရန်၊ အရက်သောက်လိုက မိမိအိမ်၌သာသောက်ရန် ညွှန်ကြားထားသည်။

“စရ နောက်ရမယ့် အနေအထားမဟုတ်ဘူး။ တစ်ခါမှားရင် အသက်ပေးရမှာ။ တစ်ခါတည်းဆုံးဖြတ်ပြီးမှ ပြန်စချင်စလို့ မှာထားတယ်” ဟု ကိုငြိမ်းမောင်က ရှင်းပြသည်။

နေ့စဉ် နံနက်၉ နာရီတိုင်း မပျက်မကွက်ထွက်လေ့ရှိသည့် စစ်အာဏာရှင်ဆန့်ကျင်ရေးပဲခူးသပိတ်စစ်ကြောင်းတွင် ပါဝင်သူများလုံခြုံရေးနှင့် လမ်းကြောင်းလုံခြုံရေးကို ကိုငြိမ်းမောင်တို့ မဂ္ဂတစ်ခံတပ်က တာဝန်ယူပေးသည်။

နေ့စဉ် ညနေ ၄ နာရီရောက်တိုင်း ဆိုရှယ်လစ်၊ မှော်ကန်ရပ်ကွက်တို့ရှိ ရပ်မိရပ်ဖများနှင့် တွေ့ဆုံကာ ရပ်ကွက်လုံခြုံရေး စည်းဝေးတိုင်ပင်ကာ မဂ္ဂတစ်ခံတပ်မှ လူငယ်များက အဖွဲ့ခွဲအလိုက် ရပ်ကွက်အတွင်း လုံခြုံရေးကင်းလှည့်လည်ကြသည်။

မတ် ၁၄ တွင် စစ်ကောင်စီလက်နက်ကိုင်များက ပင်မသပိတ်စစ်ကြောင်းကို လိုက်လံဖြိုခွင်းရာတွင် မဂ္ဂတစ်ခံတပ်၌ ပြည်သူများက လေသေနတ်၊ ဂျင်ကလိ၊ ပုလင်းဗုံးများဖြင့် ပြန်ခုခံခဲ့ရာ ရဲတပ်ဖွဲ့ဝင်နှစ်ဦး သေဆုံးခဲ့ရသည်။

ထို့နောက် မဂ္ဂတစ်ခံတပ်ကို အကြိမ်ကြိမ် လာရောက်ဖျက်ဆီးခဲ့ကြသော်လည်း သပိတ်ခေါင်းဆောင်များနှင့် ရပ်ကွက်နေပြည်သူများက ချက်ချင်း ပြန်လည်တည်ဆောက်ခဲ့ကြသည်။ မဂ္ဂတစ်ခံတပ်သည် ရပ်ကွက်ကာကွယ်ရေး၊ သပိတ်စစ်ကြောင်းလုံခြုံရေးတို့အတွက် ကိုငြိမ်းမောင်တို့အဖွဲ့က ဧပြီလ ၉ ရက်အထိ တပ်စွဲခဲ့သော နေရာဖြစ်သည်။

အစုလိုက်အပြုံလိုက်အသတ်ခံခဲ့ရသော ဧပြီ ၉

ဧပြီလဆန်းပိုင်းတွင် မဂ္ဂတစ်ခံတပ်ကို စစ်ကောင်စီက ဝင်စီးတော့မည်ဟူသော အရပ်သတင်းများ ပျံ့နှံ့လာခဲ့သည်။ မဂ္ဂတစ်ခံတပ်နှင့် မလှမ်းမကမ်းတွင် တပ်စွဲထားသည့် တပ်မ ၇၇ ကလည်း ပြည်သူများကို ပေါ်ပေါ်ထင်ထင် ခြိမ်းခြောက်မှုများ လုပ်လာသည်။

“ကျွန်တော်တို့ကို မဖြိုခွင်းခင်က ညတိုင်း လာအော်တာတွေရှိတယ်။ လှိုင်သာယာထက်ကြမ်းအောင် လုပ်ပြမယ်၊ လက်နက်ချပါတို့၊ ဘာကိုင်ထားရင် ဘာအမှုတို့ တောက်လျှောက်အော်နေတာ” ဟု ကိုငြိမ်းမောင်က ဆိုသည်။

ကိုငြိမ်းမောင်တို့ ကာကွယ်ရေးအဖွဲ့များသည် လက်လုပ်မိုင်း၊ မိုလိုတော့များကို အဆင်သင့်ထားရှိ၍ ခံတပ်ကို ကာကွယ်ရန်၊ စိန်ပြောင်းကျည်နှစ်လုံး၊ သုံးလုံးပစ်ခတ်မှုကို ခံနိုင်ရန် သတိထားပြင်ဆင်ခဲ့ကြသည်။ မီးရှုမီးပန်းနှင့်၊  ဂတ်စ်သေနတ်တချို့လည်း ရှိနေသည်။

“ထမင်းကျွေးထားတဲ့ ပြည်သူတွေကို ပြန်ကာကွယ်၊ ရသလောက်တောင့်ခံမယ်ဆိုပြီး ကျွန်တော့်လူတွေကို ပြောခဲ့တယ်” ဟု ကိုငြိမ်းမောင်က ပြောသည်။

ဧပြီ ၉ ရက်နေ့ နံနက်အစောပိုင်းတွင် မဂ္ဂတစ်လမ်းခံတပ်များကို စစ်တပ်က ဝိုင်းထားလိုက်ပြီဖြစ်သည်။ ကိုငြိမ်းမောင်သည်လည်း လူ ၃၀ ကျော်နှင့်အတူ မဂ္ဂတစ် နံပါတ် ၄ ခံတပ်တွင် နေရာယူ၍  ပြန်လည်ခုခံရန် ပြင်ဆင်လိုက်ကြသည်။

ခံတပ်နံပါတ် ၁ ကို စစ်ကောင်စီက စတင်ဖြိုခွင်းနေချိန်တွင် ခံတပ်နံပါတ် ၄ မှနေ၍ မီးရူးမီးပန်းများ၊ ဂတ်စ်သေနတ်များ၊ ဂျင်ကလိများနှင့် လက်လုပ်မိုင်းများဖြင့် ပြန်လည်ခံခဲ့ကြသည်။

“လက်လုပ်ဗုံးကတော့ နှစ်လုံးပဲ ကျနော်တို့ ပစ်တာ ကွဲသွားတယ်။ သူတို့ဘက်က ၄ ယောက်တော့ ထိသွားတယ်ပေါ့နော်။ အဲ့ဒါကတော့ အတည်ပြုပေးလို့ရတယ်။ ကျနော်ကိုယ်တိုင် ပစ်လိုက်တာဆိုတော့။ သူတို့ အတန်းလိုက်ကြီးတက်လာတဲ့အချိန် နံပါတ် ၁ ခံတပ်မှာပဲ သူတို့ထိသွားတာ။ ကျနော်တို့ ဘယ်လောက်ထိတောင့်ခံလဲဆို ၁၀ မိနစ်မှာ လောက်ပဲထင်တယ်”ဟု ကိုငြိမ်းမောင်က ဆိုသည်။

မဂ္ဂတစ်လမ်းမပေါ်တွင် ၁ လမ်းခံတပ်၊ ၄ လမ်းခံတပ်၊ ၇ လမ်းခံတပ်နှင့် ၁၃ လမ်းခံတပ်ဟု၍ ပြည်သူ့ကာကွယ်ရေးခံတပ်များကို အခိုင်အမာတည်ဆောက်ထားကြပြီး တရစပ် ပစ်ခတ်ဖြိုခွင်းခံရသဖြင့် ၁ လမ်းခံတပ်မှာ မိနစ်ပိုင်းအတွင်း ကျသွားခဲ့သည်။

“မနက် ၅ နာရီ ၁၀ မိနစ်မှာ သူတို့ (စစ်ကောင်စီတပ်) က မဂ္ဂတစ်ထိပ်ကနေပြီး လက်ပစ်ဗုံး တစ်လုံးသွင်းတယ်။ အရင်ဆုံး လက်ဗစ်ဗုံးသုံးပြီးမှ စက်သေနတ်နဲ့ စပစ်တယ်။ အဲ့ဒီအချိန်မှာ နံပါတ်တစ်ခံတပ် ကျသွားတယ်။ ဒုတိယခံတပ်လိုင်းကို ကျွန်တော် စပြီး ဦးစီးတယ်။ အဲ့အချိန်မှာ RPG နှစ်လုံး ထပ်သုံးတယ်။ ကျွန်တော့်ဘေးကို တစ်လုံးကျတယ်။ အဲ့ဒီမှာ တော်တော်များများ ကျသွားတယ်” ဟု ဧပြီ ၉ ရက်က ခံတပ်များဖြိုခွင်းခံရသည့် အခြေအနေကို ကိုငြိမ်းမောင်က ပြန်ပြောင်းပြောဆိုသည်။

နံပါတ် ၄ ခံတပ်ကို ခြေကုတ်ယူ၍ ခုခံရန် ကိုငြိမ်းမောင်တို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့များက စီစဉ်ခဲ့သော်လည်း လက်နက်ကြီးများဖြင့် ပစ်ခတ်ဖြိုခွင်းခံလိုက်ရသည်။ စစ်ကောင်စီက မဂ္ဂတစ်လမ်းခံတပ်များကို လက်နက်ကြီးများ၊ လက်ပစ်ဗုံးများ၊ စက်သေနတ်များဖြင့် တရစပ် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ကိုငြိမ်းမောင်က ဆိုသည်။

“ခံတပ် နံပါတ် ၄ ကနေ နံပါတ် ၇ ကို ဆုတ်တယ်။ နံပါတ် ၁၃ ရောက်တဲ့အချိန်မှာ ကျွန်တော်တို့ လုံးဝ လက်လျှော့လိုက်ရတယ်။ ကျွန်တော့်လူတွေကို ၂၄ ယောက်ပဲ ပြန်ခေါ်နိုင်တယ်” ဟု ကိုငြိမ်းမောင်က ဆိုသည်။

စစ်ကောင်စီသည် အင်အားအလုံးအရင်းဖြင့် ဖြိုခွင်းမှုမပြုမီ ခံတပ်များအခြေအနေကို ဒရုန်းများဖြင့် ကြိုတင်လေ့လာခဲ့သည်ဟု ဆိုသည်။

“အဲဒီနေ့ မနက်က ဖြိုသွားတာ အရမ်းမြန်လွန်းတယ်။ နံပါတ် ၁ ခံတပ်ကနေ နံပါတ် ၄ ခံတပ်ကို ရောက်လာတာဆို ၅ မိနစ်လောက်ပဲကြာတယ်။ နံပါတ် ၄ ခံတပ်ကနေ ကတွင်းခြံရွာကို ရောက်တဲ့အချိန်က စုစုပေါင်းအများဆုံး ၂၅ မိနစ်ပဲကြာလိုက်တယ်။ တော်တော်ကိုမြန်လွန်းတယ်” ဟု ကိုငြိမ်းမောင်က ပြောသည်။

မြို့ပေါ်ရှိ ပြည်သူ့ခံတပ်များကို စစ်တပ်က စစ်မြပြင်ကဲ့သို့ လက်နက်အင်အားအပြည့်အစုံဖြင့် ပစ်ခတ်ဖြိုခွင်းမည်ဟု မျှော်လင့်မထားပေ။ ကိုငြိမ်းမောင်တို့အဖွဲ့ ပြန်လည်ခုခံတိုက်ခိုက်ခဲ့သော်လည်း အချိန် ၁၀ မိနစ်ခန့်သာ တောင့်ခံနိုင်ခဲ့သည်ဟု ဆိုသည်။

“ကျွန်တော်တို့က ယှဉ်ပစ်လို့ရအောင် လက်နက်မစုံဘူး။ မိုလိုတော့ဆိုရင်လည်း မိုးပေါ်ထောင်ပစ်ပြီးမှ သူတို့ဆီကျတာ။ မီးရှူးမီးပန်းတွေကို အဓိကသုံးရတာပေါ့။ ရှင်းရှင်းပြောရရင် တက်မလာအောင် ခံပစ်တာလောက်ပဲ လုပ်လို့ရတာ” ဟု ကိုငြိမ်းမောင်က ဆိုသည်။

ဧပြီ ၉ ရက်က ပဲခူးမြို့တွင် စစ်ကောင်စီ၏ အကြမ်းပတမ်းပစ်ခတ်ဖြိုခွင်းမှုအတွင်း အရပ်သားပြည်သူ ၈၂ ဦးအထိ သေဆုံးခဲ့ရပြီး ဒဏ်ရာရရှိသူများတွင် ဆေးကုသခွင့်မရသောကြောင့် သေဆုံးသူအရေအတွက် ပိုများနိုင်ကြောင်း မြို့ခံများက ဆိုသည်။

“ဒဏ်ရာရတဲ့သူတွေ၊ သေတဲ့လူတွေကို ရှင်စောပု ဇေယျာမုနိဘုရားဝန်းထဲမှာ ထားတာ။ ဘုန်းကြီးက အလောင်းတွေ ပြန်လှူဖို့ အလှူခံတာ။ ဘယ်လိုမှ မပေးဘူး” ဟု ပဲခူးမြို့ခံ ပရဟိတသမား ကိုသူရိန်က ပြောသည်။

ကိုငြိမ်းမောင်ကလည်း “သူတို့လူသတ်တဲ့နှုန်းက ပုံမှန်မဟုက်ဘူး။ စစ်ပွဲမှာ သတ်ရင်တောင် အဲ့လောက် မသေဘူး။ သူတို့က ရက်ရက်စက်စက်ကျူးလွန်တာ” ဟု ပြောသည်။

မဂ္ဂတစ်လမ်းမှ တခြားခံတပ်များတွင် အသက်မသေဘဲ ကျန်ရှိသူများလည်း ဧပြီ ၉ ရက်ညပိုင်းတွင် ဘေးလွတ်ရာသို့ တိမ်းရှောင်ခဲ့ရသည်။ စစ်ကောင်စီလက်နက်ကိုင်များက မုက္ကလ၊ ဈေးညောင်းပင်၊ သနပ်ပင်ရွာများအထိ လိုက်လံပစ်ခတ်သဖြင့် စပါးခင်းများအတွင်း ပုန်းအောင်းနေခဲ့ကြရသည်ဟု ဆိုသည်။

စစ်ကောင်စီသည် ပဲခူးမှလူငယ်များ ထွက်ပြေးရာ ကျေးရွာများကို ဝင်ရောက်စီးနင်းကာ ပိုက်စိပ်တိုက် ရှာဖွေကာ ပဲခူးမြို့ကို ဧပြီ ၉ မှ ၁၁ ရက်အထိ ရက်ဆက်ဖြိုခွင်းခဲ့ခြင်းဖြစ်သည်။

လွတ်မြောက်နယ်မြေသို့ ရောက်ရှိနေပြီဖြစ်သော ကိုငြိမ်းမောင်တို့အဖွဲ့သည် ကျဆုံးသွားသော ရဲဘော်များနှင့် ၎င်းတို့ကို ကူညီခဲ့သူများအတွက် စစ်အာဏာရှင်ကို လက်တုံ့ပြန်ရန် ပြင်ဆင်နေကြပြီ ဖြစ်သည်။

“ကျွန်တော်တို့ကို ထမင်းကျွေးခဲ့တဲ့ မဂ္ဂတစ်၊ ဆိုရှယ်လစ်မိသားစုတွေကို ကျွန်တော်တို့ တောင်းပန်တယ်။ ကျွန်တော်တို့ ဆုတ်သွားတာ မဟုတ်ဘူး။ ကျွန်တော်တို့ ပဲခူးကို ပြန်လာသိမ်းမှာ” ဟု ကိုငြိမ်းမောင်က ကြုံးဝါးလိုက်သည်။

ဆိုရှယ်မီဒီယာပေါ်တွင် ဝေမျှထားသည်များကို ပြန်လည်ကူးယူဖော်ပြခြင်းဖြစ်ပါ၍ မူရင်းရေးသားသူ ကို ခရစ်ဒစ်ပေးပါသည်။ Photo – Credit

Related Posts

သုံးသပ်ချက်များ

အပစ်မရပ်ကြသူများ

April 30, 2025

အပစ်မရပ်ကြသူများ ခုရက်ပိုင်း ပွဲသတင်းတွေ တော်တော်လေး စိတ်နေတယ်။...

ဧပြီ ၀၁၊ ၂၀၂၅။ (အင်္ဂါ)
သုံးသပ်ချက်များ

ဘယ်သူ့​ကြောင့်လဲ

April 19, 2025

မန္တလေးငလျင်ကြီးလှုပ်ပြီးသွားတဲ့အခါ နိုင်ငံတကာကအကူအညီပေးတဲ့အဖွဲ့တွေအလျှင်အမြန်ရောက်လာပြီး နည်းပညာအကူအညီနှင့် ဒေသခံတွေပူးပေါင်းပြီး ကယ်တင်ကြတဲ့အတွက်...

သုံးသပ်ချက်များ

“၂၀၂၅ စိန်ခေါ်မှု”

March 28, 2025

ဘာကြောင့် တော်လှန်ရေး လုပ်ခဲ့ကြတာလဲဆိုတာကို မျက်ခြည်ပြတ်လာကြလေသလားလို့ စိုးရိမ်စရာတွေ...

You can copy without credits to our site. We Need Freedom.

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist

No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • အဖွဲ့အစည်းများ (CDM)
  • mm Myanmar
  • en English