မန္တလေးမြို့ရဲ့ အထက်ဘက်၊ စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်အရှေ့ခြမ်း ဧရာဝတီမြစ်ကမ်းဘေးက ကျေးရွာတွေကို စစ်အုပ်စုက ဗုံးကြဲတိုက်ခိုက်ရာမှာ သေဆုံးသူ ၂၁ ဦးနဲ့ ဒဏ်ရာရသူ ၅၀ ကျော်အထိ ရှိလာတယ်။ ထိုကျေးရွာတွေအပေါ် စစ်အုပ်စုက အကြောင်းမဲ့ Y-12 အမျိုးအစား လေယာဉ်နဲ့ ဗုံးတွေ ကြဲချခဲ့တာပါ။ သေဆုံးသူတွေထဲ ကလေးသူငယ်နဲ့ အမျိုးသမီးတွေ ပါဝင်ပြီး တစ်အိမ်တည်းနေထိုင်တဲ့ မိသားစုလိုက်တွေပါ သေဆုံးမှု ရှိခဲ့တယ်။ ဒဏ်ရာရသူ ၅၀ ကျော်အနက် အသက်အန္တရာယ် စိုးရိမ်ရသူတွေ ပါဝင်ကာ ဆေးခန်းတွေမှာ ဒဏ်ရာရ လူနာတွေ ပြည့်နေတယ်။
မန္တလေးမြို့ကနေ မြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ စစ်အုပ်စုရဲ့ ရေယာဉ်တွေ လမ်းကြောင်းရှင်းတဲ့ အနေနဲ့ ဗုံးကြဲနေတာပါ။ ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်ပြီးနောက် စစ်အုပ်စုရဲ့ ရေယာဉ်တွေဟာ စဉ့်ကူးနယ်ထဲကို ရောက်ရှိနေပြီ။ စစ်အုပ်စုဟာ လေကြောင်းတိုက်ခိုက်ရုံမက ရေယာဉ်တွေပေါ်ကနေလည်း မြစ်ကမ်းတလျှောက် လက်နက်ကြီးနဲ့ ရမ်းကားပစ်ခတ်နေတယ်။ ဒါ့ကြောင့် ဧရာဝတီ မြစ်ရိုးတလျှောက်မှာ တည်ရှိတဲ့ မြို့၊ရွာတွေက ဒေသခံပြည်သူတွေ ထွက်ပြေးတိမ်း ရှောင်နေရပြီး တောတောင်အတွင်း ခိုလှုံနေထိုင်ကြရတယ်။