ပုလဲမြို့အနောက်ဘက်က ကန့်ဒေါင့်ရဲစခန်းကို သိမ်းပိုက်ပြီးနောက် ပျူစောထီးအား ကောင်းတဲ့ ရွာနှစ်ရွာကို တော်လှန်ရေးတပ်တွေက ဆက်လက် ထိုးစစ်ဆင်နေပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၄ နိုဝင်ဘာ ၁၁ရက်က ဗိုလ်နဂါး ဦးဆောင်တဲ့ တပ်ဟာ ပုလဲမြို့သိမ်းတိုက်ပွဲ စတင်ခဲ့ပါတယ်။ မြို့သိမ်းလုနီးချိန် နိုဝင်ဘာ ၁၄ရက် နေ့လည်ပိုင်းမှာတော့ မြို့ကနေ ဆုတ်ခွာပေးခဲ့ရပါတယ်။ တော်လှန်ရေးတပ်ဖွဲ့တွေ လေးရက်ကြာ ထိုးစစ်လုပ်ပြီး မအောင်မြင်ဘဲ ဆုတ်ခွာခဲ့ရတဲ့ ပုလဲမြို့နားမှာ အခုရက်ပိုင်းအတွင်း တိုက်ပွဲသံတွေ ပြန်လည် ပြင်းထန်နေပါပြီ။ ပုလဲမြို့သိမ်းလုပ်တာ အပြီးဆိုရင် ဒီလို ထိုးစစ်ဆင် လုပ်လာတာဟာ ပုလဲနယ်မှာ ပထမဆုံးလို့ ပြောရတယ်။ စစ်အုပ်စုဟာ ကန့်ဒေါင့်ရွာ ရဲစခန်း မကျဖို့ ဇွန်လ ၃ရက်က စလို့ လေကြောင်းသုံးကာ တရစပ် ဗုံးကြဲခုခံခဲ့တယ်။ ကန့်ဒေါင့်စခန်းသိမ်းတိုက်ပွဲအတွင်း စစ်အုပ်စုက ပုလဲတနယ်လုံးကို ဗုံးပတ်ကြဲလို့ အရပ်သားပြည်သူ ခုနှစ်ဦး သေဆုံးကာ ဒဏ်ရာရသူ ဆယ်နဲ့ချီ ရှိနေပါတယ်။ ကန့်ဒေါင့်တိုက်ပွဲအတွင်းကို စစ်အုပ်စုက ဗုံးအလုံးရေ ရာဂဏန်းသုံး ကြဲချ တိုက်ခိုက်ခဲ့တယ်။ တိုက်ပွဲဖြစ်တဲ့ ကန့်ဒေါင့်ရွာကိုသာမက ပုလဲတနယ်လုံးကို နေ့ရောညပါ တရစပ် ဗုံးကြဲခဲ့တာ ဖြစ်ပြီး ကန့်ဒေါင့်ရွာ အနီးက အင်မထီးနဲ့ ဇီးဖြူကုန်းရွာ ပျူစခန်းတွေထဲကိုလည်း လေကြောင်းသုံးကာ စစ်ကူအင်အား ဖြည့်တင်းတာတွေ လုပ်ဆောင်နေတယ်။ ဇီးဖြုကုန်းရွာက ပျူစောထီးစခန်းကိုလည်း တော်လှန်ရေးတပ်ဖွဲ့တွေက ဇွန်လ ၁၀ရက်မှာ စတင် တိုက်ခိုက်ခဲ့ပြီး အင်မထီးရွာကိုတော့ စစ်ဆိုင်ထားတယ်။
ပုလဲမြို့ထဲက စစ်သူပုန်ကတော့ မြို့ပေါ် ရပ်ကွက်တွေထဲကိုပင် ကင်းမလှည့်နိုင်ဘဲ ရဲစခန်းက ရဲတွေတောင် အပြင်မထွက်ရဲတဲ့အထိ ဖြစ်နေတယ်။ မြို့ပေါ်မှာလည်း နေထိုင်တဲ့ပြည်သူ အနည်းငယ်သာ ရှိတယ်။