စစ်ကောင်စီ၏ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ကျရှုံးပြီးနောက် ရှမ်းပြည်နယ်မြောက်ပိုင်းအခြေစိုက် တိုင်းရင်းသားလက်နက်ကိုင်တပ်များ (EAOs) နှင့် စစ်ကောင်စီကို ဆန့်ကျင်သော တော်လှန်ရေးတပ်များ၏ စစ်မြားဦးသည် မန္တလေးတိုင်းနှင့် ရှမ်းပြည်နယ်တောင်ပိုင်းသို့ ဦးတည်လာနိုင်သည်ဟု စစ်ရေးလေ့လာသူများက သုံးသပ်ကြသည်။
ပြည်မဒေသနှင့် စစ်ကောင်စီ၏ တြိဂံတိုင်းစစ်ဌာနချုပ်ရှိရာ ရှမ်းပြည်နယ်အရှေ့ပိုင်းကို ဆက်သွယ်ပေးထားသော ရှမ်းပြည်နယ်တောင်ပိုင်းသည် စစ်ရေးအရလည်း အရေးပါသည့်ဒေသဖြစ်ရာ ရှမ်းတောင်သို့ မြောက်ပိုင်းမဟာမိတ်တပ်နှင့် ပူးပေါင်းတပ်များ ဆင်းလာရေးတွင် အခြေအနေများဖြစ်ပေါ်နေသည်။
ဦးစွာပထမအချက်မှာ ကိုးကန့်၊ တအာင်းနှင့် ရခိုင်တပ်တို့ ပါဝင်သော မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က ၎င်းတို့ထိန်းချုပ်သော ရှမ်းပြည်မြောက်ပိုင်းနယ်မြေများကို စစ်ကောင်စီရန်မှ ကာကွယ်ရန် စစ်ကောင်စီကို စစ်ရေးအရ ဆက်လက်၍ အရှိန်အဟုန်မပြတ်ဖိအားပေးရန် လိုအပ်ခြင်းဖြစ်သည်။ ထို့ကြောင့် ၎င်းအဖွဲ့များသည် ရှမ်းမြောက်မှ ရှမ်းတောင်အထိ ဆင်းလာမည်ဟု မှန်းဆရသည်။
ထို့ပြင် ရှမ်းမြောက်၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းတစ်ခုလုံးရှိ တော်လှန်ရေးအင်အားစုများအကြား ထောက်ပို့နှင့် လှုပ်ရှားလမ်းကြောင်းများ ခိုင်မာအားကောင်းစေရန် ရှမ်းတောင်၌ စိုးမိုးနယ်မြေချဲ့ထွင်ရန် ဖြစ်သည်။
ကရင်နီပြည်နယ်ရှိ တော်လှန်ရေးတပ်များနှင့် မြောက်ပိုင်းသုံးဖွဲ့များကြားခံနေသော ရှမ်းတောင်ကို ဖောက်၍ ထောက်ပံ့ရေးလမ်းကြောင်းဖောက်လာနိုင်သည်ဟု စစ်ရေးလေ့လာသူတချို့က ခန့်မှန်းကြသည်။
လတ်တလော ရှမ်းပြည်နယ်တောင်ပိုင်းတွင် တိုက်ပွဲဖြစ်နေသည့် နေရာ ၃ ခုရှိပြီး စစ်ရေးတင်းမာနေသည့် နေရာတစ်ခုရှိနေသည်။ ရပ်စောက်နှင့် နောင်ချိုမြို့နယ်အစပ်အပါအဝင် ဆီဆိုင်မြို့နယ်နှင့် ညောင်ရွှေမြို့နယ်တို့တွင် တိုက်ပွဲများ ဖြစ်နေသည်။
တစ်ချိန်တည်းမှာပင် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) နှင့် “ဝ” ပြည်သွေးစည်းညီညွတ်ရေးတပ် (UWSA) တို့ ပူးတွဲရှိနေသည့် ရှမ်းပြည်နယ်တောင်ပိုင်း ပင်လုံမြို့ဝန်းကျင်တွင်လည်း စစ်ရေးတင်းမာနေသည်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ရှမ်းပြည်နယ်တောင်ပိုင်းရှိ တောင်ကြီးမြို့သို့ လာနေသည်ဟူသော ကောလာဟလပျံ့နှံ့၍ ဒေသခံများစိုးရိမ်ပူပန်နေကြကြောင်း သျှမ်းသံတော်ဆင့်သတင်းဌာန၏ ယနေ့ထုတ်သော သတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။
ရှမ်းပြည်တောင်ပိုင်း စစ်ရေးအချက်အချာကျမှု
ရှမ်းပြည်နယ်တောင်ပိုင်းကို တောင်ကြီး၊ နမ့်စန်၊ မိုင်းရှူး၊ လင်းခေး၊ လွိုင်လင်ဆိုသည့် ခရိုင် ၅ ခရိုင် အပါအဝင် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတို့ဖြင့် ဖွဲ့စည်းထားသည်။
ရှမ်းပြည်နယ်မြို့တော် တောင်ကြီးတွင် စစ်ကောင်စီအရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် (ရပခ) အခြေစိုက်ပြီး နမ့်စန်ခရိုင် ခိုလမ်မြို့တွင် အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (ရလခ) အခြေစိုက်ထားသည်။
ကရင်နီပြည်နယ် (ကယား) နှင့် ထိစပ်နေသော ဖယ်ခုံမြို့နယ်တွင် အမှတ် (၇) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၇) အခြေစိုက်ပြီး ကလောမြို့တွင် စစ်ကောင်စီ ခြေမြန်တပ်မ ၅၅ အခြေစိုက်သည်။
အင်အားကြီးလက်နက်ကိုင်တပ် “ဝ” ပြည်သွေးစည်းညီညွတ်ရေးတပ် (UWSA)၊ ရှမ်းလက်နက်ကိုင်နှစ်ဖွဲ့ဖြစ်သော ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA)၊ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/ SSA) တို့အပြင် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) နှင့် ယခုနောက်ပိုင်း အင်အားတောင့်တင်းလာသော ဦးအောင်ခမ်းထီ ဦးဆောင်သည့် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ် ပအို့ဝ်းအမျိုးသားတပ် (PNA) တို့လည်း လှုပ်ရှားကြသောနယ်မြေဖြစ်သည်။
စစ်ရေးလေ့လာသုံးသပ်သည့် သုတေသီတစ်ဦးက စစ်ကောင်စီတပ်သည် ရှမ်းပြည်နယ်တောင်ပိုင်းတွင် စစ်ဌာနချုပ်နှစ်ခုဖွင့်ထားသည်ကို ကြည့်ခြင်းဖြင့် ရှမ်းပြည်နယ်တောင်ပိုင်း၏ စစ်ရေးအရအရေးပါမှုကို မြင်နိုင်ကြောင်း ဆိုသည်။
မြောက်ပိုင်းသုံးဖွဲ့တွင် အထူးသဖြင့် တအာင်းတပ် (TNLA) ၏ စစ်ရေးမြားဦးသည် ကျောက်မဲ-နောင်ချိုမှတစ်ဆင့် နောင်ချို-ရပ်စောက်-တောင်ကြီး လမ်းကြောင်းကို ဦးတည်နိုင်သလို တောင်ဘက်ရှိ လက်နက်ကိုင်တော်လှန်မှုအားကောင်းသည့် ကရင်နီဒေသဘက်မှ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ရှမ်းတောင်တပ်ရင်းများ၊ ပအိုဝ်း PNLA၊ ကရင်နီပြည်လူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး (KNPLF – ကလလတ) အစရှိသော တိုင်းရင်းသားလက်နက်ကိုင်တပ်များ၏ ထိုးစစ်ကိုလည်း စစ်ကောင်စီ ရင်ဆိုင်ရနိုင်ဖွယ်ရှိနေသည်။
နောင်ချို-ပြင်ဦးလွင်လမ်းပိုင်း မန္တလေးတိုင်းဘက်ခြမ်းတွင်လည်း ပြည်သူ့ကာကွယ်ရေးတပ်မတော် – မန္တလေး (MDY-PDF) ဦးဆောင်သော PDF တပ်ရင်းနှင့် ပူးပေါင်းအဖွဲ့များက မန္တလေးမြောက်ဘက်တစ်ကြောဖြစ်သော မတ္တရာမြို့ကို အပြင်းအထန် တိုက်ခိုက်နေသလို စဉ့်ကူး၊ သပိတ်ကျင်း၊ တကောင်းမြို့တို့ကိုလည်း သိမ်းပိုက်ထားသည်။
ထို့ကြောင့် ရှမ်းတောင်ဒေသရှိ စစ်ကောင်စီတပ်၏ ထွက်ပေါက်သည် ရှမ်းပြည်နယ်အရှေ့ပိုင်းတစ်ခုသာ ရှိတော့ကာ ထိုဒေသတွင် အပစ်ရပ် (NCA) ရေးထိုးထားသော မိုင်းလားအဖွဲ့ (NDAA) အဓိက လှုပ်ရှားသည်။
ရှမ်းမြောက်မှာ ဘာတွေဖြစ်ခဲ့သလဲ
၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၇ ရက်တွင် မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ဖြစ်သော ကိုးကန့်တပ် (MNDAA)၊ တအာင်းတပ် (TNLA)၊ ရခိုင်တပ် (AA) တို့က “၁၀၂၇” စစ်ဆင်ရေးအမည်ဖြင့် ရှမ်းမြောက်အခြေစိုက် စစ်ကောင်စီတပ်စခန်းများကို ထိုးစစ်ဆင် ဝင်ရောက်တိုက်ခိုက်ခဲ့ကြသည်။
ထိုစစ်ဆင်ရေးအတွင်း စစ်ကောင်စီ စစ်စခန်းကြီးများ၊ တပ်ရင်းများ၊ မြို့များ လက်လွှတ်ခဲ့ရပြီး ကိုးကန့်ဒေသတစ်ခုလုံးကို MNDAA က ပြန်လည်ရရှိခဲ့ကာ TNLA ကလည်း ပလောင်အုပ်ချုပ်ခွင့်ရဒေသတစ်ခုလုံးနှင့် မြို့တချို့ ရရှိခဲ့သည်။
ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ကလည်း မဘိမ်းမြို့၊ ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာရွာကြီးတို့ကို သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့သည်။
ထို့နောက် တရုတ်နိုင်ငံ၏ ကြားဝင်မှုဖြင့် ယခုနှစ်ဆန်းတွင် ထိုစစ်ဆင်ရေး ရပ်တန့်သွားပြီး ရှမ်းမြောက်တစ်ခုလုံး ယာယီအပစ်ရပ်ရန် သဘောတူညီခဲ့ကြသည်။
ယခုနှစ် ဇွန်လဆန်းတွင် မြောက်ပိုင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့ ထိတွေ့မှုများ ရှိခဲ့ပြီး စစ်ကောင်စီလေတပ်က ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့၍ စစ်ရေးတင်းမာလာခဲ့သည်။
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့အခြေစိုက် စစ်ကောင်စီ၏ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်သည် တစ်ချိန်က ဗမာပြည်ကွန်မြူနစ်ပါတီ၏ တပ်များကို တိုက်ခိုက်ရာတွင် နာမည်ကျော်သော တိုင်းစစ်ဌာနချုပ်တစ်ခုဖြစ်သည်။
သို့သော်လည်း အဆိုပါ စစ်ဌာနချုပ်သည် ကိုးကန့် MNDAA နှင့် ပူးပေါင်းတပ်များ၏ တစ်လတာထိုးစစ်အကြာ ဩဂုတ် ၃ ရက်တွင် ကျရှုံးခဲ့ရသည်။
ကိုးကန့်တပ်ဟု လူသိများသည့် မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ် (MNDAA) နှင့် မဟာမိတ်တပ်များက စစ်ဆင်ရေးဒုတိယပိုင်းအဖြစ် လားရှိုးမြို့နှင့် ရမခကို သိမ်းပိုက်နိုင်သလို TNLA က မိုးကုတ်၊ မိုးမိတ်၊ နောင်ချိုနှင့် ကျောက်မဲမြို့တို့ကို သိမ်းယူနိုင်ခဲ့သည်။
လက်ရှိတွင် TNLA က သီပေါမြို့ကို ထိန်းချုပ်ထားပြီး မြို့ပြင်ရှိ စစ်ကောင်စီအခြေစိုက် တပ်သုံးခုနှင့် နေ့စဉ် တိုက်ပွဲများပြင်းထန်နေပြီး စစ်ကောင်စီလေတပ်က အပြင်းအထန်ဗုံးကြဲနေ၍ အရပ်သားဆယ်ချီ သေဆုံးနေသည်။
နောင်ချိုမြို့နယ်၏ အနောက်တောင်ဘက်တွင် မန္တလေးတိုင်း ပြင်ဦးလွင်မြို့နယ်ရှိသည်။
စစ်ကောင်စီ၏ စစ်တက္ကသိုလ်နှင့် တပ်မတော်နည်းပညာတက္ကသိုလ်ရှိရာ ပြင်ဦးလွင်အပါအဝင် ပြင်ဦးလွင်နှင့် မိုင် ၅၀ ခန့်အကွာ မန္တလေးမြို့တွင် ဩဂုတ် ၁၀ ရက်က ထွက်ပေါ်လာသည့် TNLA နှင့် မဟာမိတ်တပ်များ ဝင်တိုက်နိုင်သည်ဆိုသည့် သတင်းကြောင့် ဒေသခံများ မြို့မှ အလုံးအရင်းစွန့်ခွာခဲ့ကြသည်။
နောက်ဆက်တွဲအားဖြင့် စစ်ကောင်စီဘက်က နောင်ချိုမြို့နယ်နှင့် ထိစပ်နေသည့် ပြင်ဦးလွင်အပါအဝင် မန္တလေးမြို့တွင် ခံစစ်ပြင်ဆင်မှုများရှိလာသည်။
မန္တလေးမြောက်ဘက် မတ္တရာတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး (MDY-PDF) နှင့် မဟာမိတ်တပ်များက စစ်စခန်းများသိမ်းထားသလို မတ္တရာမြောက်ဘက် စဉ့်ကူးမြို့ကိုလည်း သိမ်းယူထားသည်။ စဉ့်ကူးမြောက်ဘက် သပိတ်ကျင်းမြို့ကိုလည်း မကြာသေးခင်က သိမ်းယူထားသည်။
ရှမ်းမြောက်တွင် စစ်ကောင်စီထိန်းချုပ်ထားသည့် မြို့အနေနှင့် တရုတ်-မြန်မာနယ်စပ် မူဆယ်နှင့် သီပေါအပြင် “ဝ” ဒေသနှင့် ထိစပ်နေသည့် မိုင်းရယ်၊ တန့်ယန်း စသည့်မြို့တို့ ကျန်နေသည်။
ထို့ကြောင့် တော်လှန်ရေးအင်အားစုများ အားကောင်းသည့် ကရင်နီဒေသ၏ မြောက်ဘက်၊ စစ်ရေးပြင်းထန်နေသည့် မန္တလေးတိုင်းအရှေ့ဘက်၊ စစ်ကောင်စီ နယ်မြေအများစုလက်လွှတ်ထားရသည့် ရှမ်းမြောက်ဒေသ၏ တောင်ဘက်တွင် ရှိသော ရှမ်းပြည်နယ်တောင်ပိုင်း၏ စစ်ရေးနှင့် ဒေသတွင်းအခြေအနေသည်လည်း လှုပ်လှုပ်ခတ်ခတ်ဖြစ်လာသည်။
စစ်ရေးတင်းမာနေသည့် ပင်လုံဒေသ
ရှမ်းတောင်တွင် စစ်တပ်နှင့် တိုက်ပွဲမဖြစ်သေးသော်လည်း စစ်ကောင်စီဘက်က စတင်လာပါက စစ်ဖြစ်နိုင်သည့် နေရာဒေသတစ်ခုရှိသည်။
အဆိုပါ နေရာသည် တောင်ကြီးမြို့အရှေ့ဘက် ၃၅ မိုင်ခန့်အကွာရှိ ပင်လုံမြို့ဝန်းကျင်တွင် ဖြစ်သည်။
ပင်လုံမြို့ အနောက်ဘက်ရှိ ဆနင်းတောင်ကြောတွင် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) နှင့် “ဝ” ပြည်သွေးစည်းညီညွတ်ရေးတပ် (UWSA) တို့ ပူးတွဲထိုင်သည့် စစ်စခန်းများရှိသည်။
ဆနင်းတောင်ကြောရှိ SSPP စခန်းကို ဩဂုတ်လဆန်းက စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ SSPP၊ UWSA တပ်ဖွဲ့ဝင်တချို့ ထိခိုက်ဒဏ်ရာရခဲ့သည်။
SSPP, UWSA တပ်များသည် ရှမ်းပြည်နယ်မြောက်ပိုင်းအထိ လှုပ်ရှားလာသော သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) တပ်များကို ရှမ်းတောင်သို့ ၂၀၂၂ ခုနှစ် မတ်လတွင် အပြီးတိုက်ထုတ်ခဲ့ပြီး ဆနင်းတောင်ကြောတွင် အခြေချတပ်စွဲနေခြင်းဖြစ်သည်။
ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က လက်နက်သယ်နေသည်ဟူသော သတင်းကြောင့် SSPP စခန်း ပစ်ခတ်ခံရခြင်းဖြစ်သည်ဟု SSPP အတွင်းရေးမှူး (၂) ဗိုလ်မှူးကြီးစိုင်းဆုက ဆိုသည်။
အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးက အကြောင်းပြန်လာသည်ဟု ၎င်းက ဩဂုတ် ၉ ရက်တွင် Myanmar Now ကို ပြောသည်။
“နေပြည်တော်ကို ဖုန်းဖြင့် ဆက်သွယ်ပြောဆိုသတိပေးခဲ့ပါတယ်။ တပ်မတော်မှ ဒီလိုလေယာဉ်ပစ်ခတ်မှုမျိုး ဆက်လုပ်ဆောင်ပြီး မိမိတို့ရဲဘော်တွေ ထိခိုက်ဒဏ်ရာများရှိလာပါက မိမိတို့ UWSA+SSPP က တပ်မတော်နှင့် စစ်ဖြစ်မယ်ဆိုတာ ပြောကြားခဲ့ပြီးဖြစ်ပါတယ်”
အဆိုပါ ကိစ္စနှင့်ပတ်သက်၍ စစ်ကောင်စီဘက်က သတင်းမထုတ်ပြန်ခဲ့ပေ။
ပင်လုံမြို့ဝန်းကျင်တွင် SSPP၊ UWSA နှင့် စစ်ကောင်စီအကြား စစ်ရေးတင်းမာနေသည်ဟု ယူဆရဖွယ်ရှိသော်လည်း စစ်ကောင်စီတပ်များ ရှိသည့် ရှမ်းပြည်နယ်အရှေ့ပိုင်း တန့်ယန်းမြို့နှင့် လားရှိုးခရိုင်တွင် အကျုံးဝင်သော မိုင်းရယ်မြို့တို့တွင်မူ SSPP၊ UWSA တပ်များ မကြာသေးခင်ကမှ ဝင်ရောက် တပ်စွဲထားသည်။
UWSA သည် ဇူလိုင်လ ၁၀ ရက်တွင် တပ်ဖွဲ့ဝင်အင်အား ၂၀၀၀ သုံး၍ တန့်ယန်းမြို့ထဲ ဝင်လာသလို SSPP သည်လည်း စစ်အင်အား ၁၀၀၀ ကျော်သုံးကာ ဇူလိုင်လ ၁၂ ရက်ညတွင် မိုင်းရယ်မြို့ထဲ ဝင်လာသည်။
SSPP အတွင်းရေးမှူး (၂) ဗိုလ်မှူးကြီးစိုင်းဆုက မိုင်းရယ်မြို့ကို အခြားလက်နက်ကိုင်အဖွဲ့များလက်သို့ မကျစေရန်နှင့် SSPP အုပ်ချုပ်မှုအောက်တွင် ရှိနေစေရန် မြို့တွင်း စစ်အင်အားသုံး ဝင်လာခြင်းဖြစ်ကြောင်း ပြောထားသည်။
ထို့အတူ UWSA လားရှိုးမြို့ဆက်ဆံရေးရုံးတာဝန်ခံ ဦးညီရမ်းကလည်း “ကျယ်ပြန့်လာနေတဲ့ ရှမ်းမြောက်က ပဋိပက္ခတွေ တန့်ယန်းဘက် ကူးမလာအောင် ကြိုတင်ကာကွယ်တဲ့အနေဖြင့် စိုးရိမ်နေတဲ့ ဒေသခံနဲ့ ကျွန်တော်တို့ မိသားစုများရဲ့ တောင်းဆိုချက်နဲ့အတူ အစိုးရနဲ့ ညှိနှိုင်းပြီး ဝင်ရောက်တာ” ဟု ဆိုသည်။
မိုင်းရယ်မြို့နယ်အတွင်း စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း ခမရ (၃၂၅)၊ ခြေလျင်တပ်ရင်း ခလရ (၆၇) နှင့် ခြေလျင်တပ်ရင်း ခလရ (၂၂) တို့ အခြေစိုက်ထားသည်။ ထို့အတူ တန့်ယန်းမြို့တွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် လက်အောက်ခံ ခမရ (၃၂၆) နှင့် ခမရ (၅၂၃) တပ်များရှိသည်။
တန့်ယန်းနှင့် မိုင်းရယ်တွင် စစ်ကောင်စီတပ်နှင့် SSPP ၊ UWSA တပ်များ စစ်မက်ဖြစ်ပွားမှုမရှိဘဲ တစ်မြို့တည်း ဘက်နှစ်ဖက်ရှိနေသည့် အနေအထားဖြစ်သည်။ ထို့ကြောင့် စစ်ကောင်စီတပ်နှင့် SSPP ၊ UWSA တပ်များအကြား ဆက်ဆံရေးသည် နားလည်ရခက်သည့်သဘောရှိသည်။
မည်သို့ပင်ဆိုစေ ရှမ်းမြောက်တွင် အပြင်းအထန်ဖြစ်ခဲ့သည့် စစ်မီးသည် ရှမ်းပြည်နယ်တောင်ပိုင်းသို့လည်း မီးအစအနများ ကူးစက်လာနေသည်။
နောင်ချိုမြို့သိမ်းပြီးနောက် TNLA သည် ပြင်ဦးလွင်ဘက်ကို မတိုက်သေးဘဲ တောင်ဘက်သို့ ဆက်ဆင်းလာသည်။
နောင်ချိုတောင်ဘက်ရှိ စစ်ကောင်စီ၏ အမြောက်စခန်းကွပ်ကဲမှုဌာနချုပ်ရှိရာ တောင်ခမ်းမြို့ကို ဩဂုတ်လ ၁၀ ရက်မှ TNLA က စတင်တိုက်ခိုက်နေသည်။ တောင်ခမ်းသည် နောင်ချိုမြို့နယ်တွင် ရှိပြီး ရှမ်းပြည်နယ်တောင်ပိုင်းသို့ ဝင်နိုင်သည့် အဓိကကျသော လမ်းကြောင်းတစ်ခုဟု ဆိုနိုင်သည်။
တောင်ခမ်းရွာတောင်ဘက်ရှိ ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်မြို့နယ်တွင် အကျုံးဝင်သော ကျောက်ဂူရွာနှင့် အင်တောမြို့တို့ကို စစ်ကောင်စီတပ်က ထိန်းချုပ်ထားသည်။
အင်တော တောင်ဘက် ဆက်ဆင်းပါက ရပ်စောက်မြို့နယ်ရှိ စစ်ကောင်စီ၏ ဗထူးတပ်မြို့သို့ ရောက်မည် ဖြစ်သည်။ ဗထူးတောင်ဘက် ၃၆ မိုင်အကွာတွင် စစ်ကောင်စီ၏ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်ရှိရာ တောင်ကြီးမြို့ရှိသည်။
တောင်ခမ်းရွာတွင် အမှတ် (၉၀၂) အမြောက်စခန်းကွပ်ကဲမှုဌာနချုပ်ရှိပြီး အဆိုပါ ဌာနချုပ်လက်အောက်ခံ အမှတ် (၃၅၄) ၊ (၂၀၆) ၊ (၄၀၆) အမြောက်တပ်ရင်း ၃ ရင်း ရှိသည်။
တောင်ခမ်းတိုက်ပွဲတွင် စစ်ကောင်စီဘက်က တပ်မ (၉၉) လက်အောက်ခံ ခမရ (၃၀၂) တပ်အပါအဝင် ခမရ (၃၂၅) နှင့် ခမရ (၃၀၆) တို့ ပါဝင်တိုက်ခိုက်နေသည်။
တိုက်ပွဲသည် ဩဂုတ် နောက်ဆုံးပတ်အထိ ပြင်းထန်နေပြီး စစ်ကောင်စီတပ်ဘက်က လေကြောင်းမှတစ်ဆင့် ဗုံးကြဲတိုက်ခိုက်မှုများလုပ်နေကြောင်း TNLA သတင်းနှင့် ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။
တောင်ခမ်းတိုက်ပွဲတွင် ဝင်တိုက်သည့် စစ်ကောင်စီတပ်များသည် ရှမ်းမြောက်မှ ဆုတ်ခွာလာသော တပ်များဖြစ်သည်။
TNLA ဘက်ကလည်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) (MDY-PDF) နှင့် ဓနုပြည်သူ့လွတ်မြောက်ရေးတပ် (DPLA) တို့ ပါဝင်တိုက်ခိုက်နေကြသည်။
TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးကမူ TNLA အနေနှင့် ရှမ်းပြည်နယ်မြောက်ပိုင်းကိုသာ အဓိကထား၍ စစ်ဆင်ရေးဖော်ဆောင်နေခြင်းဖြစ်ကြောင်း Myanmar Now ကို ပြောသည်။
ရှမ်းတောင်ဘက်အထိ စစ်ဆင်ရန် ရှိမရှိကို မေးမြန်းခဲ့သော်လည်း ဖြေဆိုရန် မရှိသေးကြောင်း ၎င်းက ဆိုသည်။
လွေးယေဦးက လက်ရှိ TNLA ဖော်ဆောင်နေသည့် ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းသည် စစ်ကောင်စီ၏ အာဏာရှင်စနစ် အမြစ်ဖြတ်ချုပ်ငြိမ်းရန်နှင့် ဒေသခံလူထု၏လုံခြုံမှုကို ကာကွယ်ရန် ဖော်ဆောင်နေခြင်း ဖြစ်ကြောင်း ပြောသည်။
TNLA အနေနှင့် ရှမ်းပြည်နယ်တောင်ပိုင်းအထိ စစ်ဆင်ရန်ရှိမရှိနှင့် ပတ်သက်၍ တိတိပပ မဖြေသော်လည်း TNLA လေ့ကျင့်ပေးထားသော DPLA သည် တောင်ခမ်းတွင်သာမက တောင်ခမ်းတောင်ဘက် ၁၇ မိုင် ဝေးသည့် ကျောက်ဂူရွာနားအထိပါ ဝင်ရောက်လှုပ်ရှားလာသည်။ ကျောက်ဂူသည် ရပ်စောက်မြို့နယ်တွင် ပါဝင်သည့် ရွာဖြစ်သည်။
မကြာသေးခင် ဩဂုတ် ၈ ရက်ကလည်း စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် DPLA တို့ ကျောက်ဂူရွာနားတွင် ထိတွေ့တိုက်ပွဲ ဖြစ်ထားသည်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၉ ဦးသေပြီး ၈ ဦးကို အရှင်မိထားကြောင်း၊ ဖမ်းမိထားသူများမှာ တောင်ကြီးမြို့အခြေစိုက် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ခံ တပ်ဖွဲ့ဝင်များဖြစ်ကြောင်း DPLA ၏ ထုတ်ပြန်ချက်အရ သိရသည်။
တိုက်ပွဲဖြစ်ပြီးနောက် စစ်ကောင်စီတပ်သည် ကျောက်ဂူရွာသို့ အင်အားဖြည့်တင်းမှုများ လုပ်ဆောင်လာကြောင်း DPLA ထံမှ သိရသည်။
ဆီဆိုင် ၊ ညောင်ရွှေ ၊ ကရင်နီဒေသ တိုက်ပွဲများ
ရှမ်းပြည်နယ်တောင်ပိုင်းတွင် တိုက်ပွဲဖြစ်နေသည့် အခြားနေရာနှစ်နေရာရှိပြီး အဓိကအားဖြင့် ကရင်နီပြည်နယ်နှင့် ထိစပ်နေသည့် မြို့နယ်များဟု ဆိုနိုင်သည်။
ထိုနေရာတွင် NUG လက်အောက်ခံ ရှမ်းတောင်တပ်ရင်းများ၊ ကရင်နီအခြေစိုက် PDF တပ်များ၊ ကရင်နီတော်လှန်ရေးအင်အားစုများ၊ အခြားတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲများ ဖြစ်နေသည်။
ပအို့ဝ်းနှစ်တပ် အခြေစိုက်သော ဆီဆိုင်၊ ပင်လောင်းအပြင် ဖယ်ခုံနှင့် ညောင်ရွှေမြို့နယ်တို့တွင် ထိတွေ့တိုက်ပွဲများ မကြာခဏဖြစ်နေသည်။
ဆီဆိုင်မြို့ကို စစ်ကောင်စီတပ်နှင့် ၎င်း၏ လက်အောက်ခံ ပအိုဝ်းအမျိုးသားတပ် (PNA) ပြည်သူ့စစ်အဖွဲ့က ထိန်းချုပ်ထားသော်လည်း ဆီဆိုင်မြို့အရှေ့ဘက်က ရွာများကို ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ် (PNLA) နှင့် မဟာမိတ်တော်လှန်ရေးတပ်များက ထိန်းချုပ်ထားသည်။
PNLA သည် SSPP နှင့် ရင်းနှီးသည့် ဆက်ဆံရေးရှိပြီး ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) နှင့် ပူးတွဲစစ်ဆင်ရေးပြုလုပ်နေသည့် ပအိုဝ်းလက်နက်ကိုင်တပ်ဖြစ်သည်။
KNDF သည် “၁၀၂၇ စစ်ဆင်ရေး” ပထမပိုင်းကာလတွင် ရှမ်းပြည်နယ်မြောက်ပိုင်းတိုက်ပွဲများ၌ အမှတ် (၆၀၆) တပ်ရင်း အနေနှင့် ပါဝင်ဆင်နွှဲထားသည့် တပ်ဖြစ်သည်။
PNLA နှင့် မဟာမိတ်တပ်များသည် အင်အားနည်းသော စစ်ကောင်စီတပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) ပူးပေါင်းထိုင်သော စခန်းငယ်တချို့ကို ဝင်ရောက်စီးနင်းတိုက်ခိုက်ကြသလို စစ်ကောင်စီတပ်နှင့် PNO ဘက်ကလည်း ဆီဆိုင်အရှေ့ဘက်က ရွာများကို လက်နက်ကြီးပစ်ခတ်မှုတို့ဖြင့် တုံ့ပြန်သည်။
ဩဂုတ် ၆ ရက်ကလည်း ဆီဆိုင်အရှေ့ဘက် ၅ မိုင်အကွာ လွယ်ထွဲရွာရှိ စစ်ကောင်စီစခန်းကို PNLA နှင့် မဟာမိတ်ပူးပေါင်းတပ်များက ဝင်ရောက်စီးနင်းတိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးကို အသေရမိသည်။
ပင်လောင်းနှင့် ဖယ်ခုံမြို့နယ်အစပ်ရှိ ဆောင်းပြောင်း၊ နောင်ဝိုးရွာဝန်းကျင်တွင် KNDF နှင့် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်တို့အကြား ဇွန် ၁၅ ရက်မှ ဇူလိုင် ၁၅ ရက်အထိ တိုက်ပွဲဖြစ်သည်။
ဖယ်ခုံမြို့ဘက်သို့ ဦးတည်ကာ အင်အား ၅၀၀ ဖြင့် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ကို KNDF နှင့် ပူးပေါင်းတပ်များက ကြားဖြတ်တိုက်သဖြင့် ပင်လောင်းနှင့် ဖယ်ခုံမြို့နယ်အစပ်တွင် တိုက်ပွဲပြင်းထန်ခဲ့သည်။
KNDF သည် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ် ထိုးစစ်အရှိန်လျော့စေရန် ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့နယ်အထိ ဝင်ရောက်၍ စစ်ကောင်စီစခန်းကို စီးနင်းတိုက်ခိုက်ထားသည်။
ဇူလိုင် ၁၈ ရက်တွင် ညောင်ရွှေတောင်ဘက် ၂၆ မိုင်ခန့်အကွာ မှော်ဘီရွာအနီးရှိ စစ်ကောင်စီနှင့် PNO ပြည်သူ့စစ် ပူးပေါင်းထားသည့် လွယ်လုံစခန်းကုန်း၊ စစ်ဆေးရေးဂိတ်တို့ကို KNDF နှင့် မဟာမိတ်များက ဝင်ရောက်တိုက်ခိုက်ကာ စခန်းကို မီးရှို့ခဲ့သည်။
ယင်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ သေပြီး လက်နက်ငယ် ၁၅ လက် သိမ်းဆည်းမိထားကြောင်း KNDF ၏ ဩဂုတ် ၃ ရက် ထုတ်ပြန်ချက်အရ သိရသည်။
ညောင်ရွှေမြို့နယ်ထဲတွင် ကမ္ဘာကျော် အင်းလေးကန်ရှိပြီး တိုက်ပွဲသည် အင်းလေးဒေသအထိ မရောက်သေးသော်လည်း ပင်လောင်း၊ ညောင်ရွှေနှင့် ဆီဆိုင် မြို့သုံးမြို့ကို ချိတ်ဆက်ထားသော ကားလမ်းအနီးဝန်းကျင်တွင် ဖြစ်နေသည့်အခြေအနေရှိသည်။
ထို့ကြောင့် တွက်ကြည့်လျှင် ကရင်နီတော်လှန်ရေးတပ်များအပါအဝင် PNLA တို့လှုပ်ရှားရာ ဆီဆိုင်၊ ညောင်ရွှေ စသည့် မြို့နယ်များနှင့် TNLA ဦးဆောင်သည့် မဟာမိတ်တပ်များဆင်းလာနေသော တောင်ခမ်းသည် မိုင် ၁၀၀ ကျော် ဝေးနေဆဲဖြစ်သည်။
ထိုအကြားတွင် စစ်ကောင်စီ၏ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်ရှိရာ တောင်ကြီးနှင့် ဗထူးတပ်မြို့တို့ ကြားခံနေသေးရာ တောင်ပိုင်းနှင့် မြောက်ပိုင်းအခြေစိုက် တော်လှန်ရေးအင်အားစုများ၏ ထိန်းချုပ်နယ်မြေ ပေါင်းစပ်သွားရန်မှာ လတ်တလောမလွယ်သည့် အခြေအနေဖြစ်နေသည်။
လူအင်အားထုတ်ပြသော PNO/PNA
ရှမ်းပြည်နယ်တောင်ပိုင်းတွင် ၂၀၂၂ နှစ်လယ်မှစတင်၍ ဒေသကို ကာကွယ်ရန် အကြောင်းပြကာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်သော ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်/ ပအိုဝ်းအမျိုးသားတပ်မတော်( PNO/ PNA) က လူစုဆောင်းခြင်း၊ အခြေခံစစ်သင်တန်းပေးခြင်းများ စတင်ပြုလုပ်လာခဲ့သည်။
၎င်းတို့၏ Facebook စာမျက်နှာမှတစ်ဆင့် စစ်သင်တန်းပေးခြင်းဓာတ်ပုံများ ခပ်စိပ်စိပ် ဆက်တိုက်ဖော်ပြခဲ့သည်။
တောင်ကြီးမြို့နှင့် အနီးတစ်ဝိုက်တွင် အခြေချတပ်စွဲထားပြီး ရှမ်းပြည်နယ်မြောက်ပိုင်းတစ်ခုလုံးနီးပါး လက်လွှတ်လိုက်ရသော စစ်ကောင်စီအတွက် PNO/PNA သည် ရှမ်းပြည်နယ်တောင်ပိုင်းတွင် အားကိုးအားထားပြုစရာ ဖြစ်နေသည်။
ကရင်နီဒေသနှင့် ရှမ်းတောင်အစပ်တိုက်ပွဲများတွင် စစ်ကောင်စီနှင့်အတူ လူမျိုးတူ ပအို့ဝ်းတပ် (PNLA)၊ ကရင်နီတပ် ( KNDF) ၊ PDF တပ်များကို ပူးပေါင်းတိုက်ခိုက်ခဲ့သည်။
ရှမ်းမြောက်အဖွဲ့များက နောင်ချိုနှင့် ရပ်စောက် လမ်းကြောကို ဖိအားပေးလာချိန်တွင် PNA က ရန်သူတွေ ဝိုင်းနေ၍ ကာကွယ်ရန် အင်အား ၁၀၀၀၀ ဖြင့် စီမံထားသည်ဟု လူအင်အားတချို့ ထုတ်ပြသည်။
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့တွင် ပအိုဝ်းအမျိုးသားတပ်မတော် (PNA) ဦးဆောင်ပြီး ဒေသကာကွယ်ရေးနှင့် လုံခြုံရေးကိစ္စရပ်များ ဆောင်ရွက်နိုင်ရန် အမှတ်စဉ် (၁)၊ စစ်အင်အားတစ်သောင်းဖြင့် စီမံဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဩဂုတ် ၂၁ ရက်က ဓာတ်ပုံများနှင့်တကွ ထုတ်ပြန်သည်။
PNA ဝတ်စုံဖြင့် တပ်ဖွဲ့ဝင်အများအပြား စစ်ရေးပြနေကြပြီး အင်အားအများအပြား တွေ့ရသည်။
ဦးအောင်ခမ်းထီ ဦးဆောင်သည့် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) သည် ၁၉၉၁ ခုနှစ်က စစ်တပ်နှင့် အပစ်အခတ်ရပ်စဲပြီး အသွင်ပြောင်းပြည်သူ့စစ်အဖြစ် ဖွဲ့စည်းကာ ရှမ်းပြည်နယ်တောင်ပိုင်းတွင် လှုပ်ရှားနေခြင်းဖြစ်သည်။
ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ အဆိုအရ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း ပအိုဝ်းပြည်သူ့စစ်သည် စစ်ကောင်စီနှင့် ပူးပေါင်းတိုက်ခိုက်လျက်ရှိကြောင်း သိရပြီး ၎င်းအုပ်ချုပ်သည့် ဒေသများတွင် စစ်သင်တန်းများပေးကာ ဒေသခံများထံမှ စစ်အသုံးစရိတ်ကောက်ခံလျက်ရှိသည်။
၂၀၂၁ ခုနှစ်တွင် အကြမ်းဖက် အာဏာသိမ်းအပြီး ပေါ်ပေါက်လာသော လက်နက်ကိုင် ခုခံမှုများကြောင့် နိုင်ငံအနှံ့ စစ်မျက်နှာဖွင့်ထားရသည့် စစ်တပ်သည် စစ်သည်အင်အား လိုအပ်နေသဖြင့် ဒေသခံ ပြည်သူ့စစ်များကို အားကိုးနေရသလို စစ်သားသစ်လည်း အကြီးအကျယ် စုဆောင်းနေသည်။
ထို့ကြောင့် PNO သည် အင်အားချည့်နဲ့နေသည့် စစ်ကောင်စီအတွက် အရေးပါလာကာ စစ်ကောင်စီကလည်း လက်နက်ခဲယမ်းအများအပြား ထောက်ပံ့ပေးထားသည်။
ရှမ်းပြည်နယ်တောင်ပိုင်းတွင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးရာတွင် စစ်ကောင်စီလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ်များ ပါဝင်တိုက်ခိုက်နေကြကြောင်း တော်လှန်ရေးအင်အားစုများနှင့် လက်တွဲထားသော ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ် (PNLA) က ပြောထားသည်။
၁၉၄၉ တွင် တည်ထောင်ခဲ့ပြီး ခွန်ဥက္ကာဦးဆောင်သည့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO/ PNLA) သည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) တွင် လက်မှတ်ရေးထိုးထားပြီး အာဏာသိမ်းစစ်ကောင်စီ၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲကိုလည်း တက်ရောက်ထားသော်လည်း နောက်ပိုင်းတွင် တော်လှန်ရေးဘက်သို့ ကူးပြောင်းလာခဲ့သည်။
မကြာသေးခင် ဇူလိုင်ပထမပတ်ကလည်း ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် အရှေ့မြောက်ဘက်တွင် ပအိုဝ်းလက်နက်ကိုင်အဖွဲ့များဖြစ်သော PNLA နှင့် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ PNO/PNA တို့ တိုက်ပွဲဖြစ်ထားသည်။
ထိုအကျိတ်အခဲသည် ပအိုဝ်းနှစ်တပ်အကြား အထူးအဆန်းမဟုတ်ပေ။
PNLA ဒုတပ်စုမှူး ခွန်ထွန်းဦး၊ ဒုတပ်စိပ်မှူး ခွန်ရှိန်နှင့် တပ်သားများဖြစ်သည့် ခွန်သန်းဖေ၊ ခွန်ကြယ်စင်၊ ခွန်ရဲနောင်တို့သည် ၂၀၂၂ စက်တင်ဘာ ၁၄ မွန်းလွဲ ၁ နာရီက ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ်၊ ပင်မွန်းကျေးရွာအုပ်စု၊ ဝါးပြုံးရွာတွင် သတ်ဖြတ်ခံရပြီး PNO/PNA လက်ချက်ဟု ပြောဆိုခဲ့ကြသည်။
ရှမ်းပြည်တောင်ပိုင်းတွင် PNO သာမက မတ်ကျိုင်းပြည်သူ့စစ်အဖွဲ့၊ နားရိုင်းပြည်သူ့စစ်အဖွဲ့၊ နားပွဲပြည်သူ့စစ်အဖွဲ့နှင့် ဟိုမိန်းပြည်သူ့စစ်အဖွဲ့(SSS) စသည့် အဖွဲ့များရှိကာ စစ်ကောင်စီက ၎င်းတို့ကို ဆန့်ကျင်သူများကို နှိမ်နင်းရန် ၂၀၂၁ ဩဂုတ်လကတည်းက စစ်ကူတောင်းထားသည်။
၎င်းတို့အဖွဲ့များနှင့် စစ်ကောင်စီ၏ စစ်ကြောင်းထိုး၊ ရှာဖွေစီးနင်းမှုများကြောင့် ရှမ်းတောင်အခြေစိုက် တော်လှန်ရေးအင်အားစုများမှ အများစုသည် ကရင်နီဒေသသို့ ပြောင်းရွှေ့လှုပ်ရှားခဲ့ရသည်။
စစ်ဘေးရှောင်များအခြေအနေ
လတ်တလောတွင် ရှမ်းပြည်နယ်တောင်ပိုင်းမြို့များသည် တိုက်ပွဲဖြစ်ပွားမှုမရှိသေးသဖြင့် စစ်ဘေးသင့်သည့် ဒေသမှ ဒေသခံများ တိမ်းရှောင်ခိုလှုံလာမှု အများအပြားရှိသည့် ဒေသလည်းဖြစ်သည်။
အထူးသဖြင့် ရှမ်းပြည်တောင်ပိုင်း ရွာငံ၊ အောင်ပန်း၊ ကလော၊ ပင်းတယ အစရှိသည့်မြို့များတွင် လာရောက်ခိုလှုံနေသူ များပြားနေပြီး အများစုမှာ လားရှိုး၊ မန္တလေး၊ ပြင်ဦးလွင်မြို့တို့မှ ဖြစ်ကြောင်း Myanmar Now က စုံစမ်းသိရသည်။
ယင်းဒေသများတွင် အိမ်ငှားလိုသူများပြားနေ၍ အလွယ်တကူ နေစရာရှာမရသည့် အခြေအနေလည်း ဖြစ်နေသည်။
“ရွာငံမှာက အိမ်ငှားဖို့ လုံးဝမရတော့ဘူး။ စစ်ရှောင်မိသားစုတွေ ပေါင်းနေဖို့ တန်းလျားပုံစံလေးတွေ၊ အခန်းတွေတော့ ရှိတယ်။ ဒါတောင်မှ ပြည့်သွားကြပြီ။ အောင်ပန်း၊ ကလောတို့မှာလည်း ဒီလိုပဲ အိမ်ငှားသူတွေ များနေတယ်” ဟု ရွာငံဒေသခံ အမျိုးသမီးက ပြောသည်။
စစ်ရှောင်များကို ကူညီနေသည့် ရှမ်းတိုင်းရင်းသူအမျိုးသမီးတစ်ဦးက ပြည်နယ်မြို့တော်ဖြစ်သည့် တောင်ကြီးတွင် ရှမ်းပြည်နယ်မြောက်ပိုင်းမှ စစ်ရှောင်များသာမက ကရင်နီဒေသနှင့် နီးစပ်သော ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်နှင့် ပင်လောင်းမှ ရှောင်လာသော စစ်ရှောင်များပါ ရှိနေကြောင်း ဆိုသည်။
ယခုနှစ် မတ်လက ဆီဆိုင်မြို့ပေါ်ရှိ စစ်ကောင်စီတပ်စခန်းများ၊ ရုံးများကို PNLA က ဝင်ရောက်တိုက်ခိုက် ထိန်းချုပ်ခဲ့ပြီး စစ်တပ်က ထိုးစစ်ပြင်းထန်လာ၍ ပြန်ဆုတ်ခဲ့ရရာ ထိုစဉ်ကလည်း ဒေသခံအများအပြား ထွက်ပြေးခဲ့ရသည်။
ထိုစဉ်က စစ်ကောင်စီ၏ လေတပ်နှင့် လက်နက်ကြီးကြောင့် ဆီဆိုင်တစ်မြို့လုံးနီးပါး ပျက်စီးခဲ့ရသည်။
ရှမ်းပြည်နယ်တောင်ပိုင်းတစ်ခုလုံးတွင် ခိုလှုံနေသည့် စစ်ဘေးရှောင်အရေအတွက် အတိအကျသိရန် မလွယ်ကူပေ။
စစ်ရှောင်များကို ကူညီနေသည့် အထက်ပါ အမျိုးသမီးက တောင်ကြီးတွင် ရှမ်းမြောက်မှ စစ်ဘေးဒုက္ခသည် နှစ်သောင်းခန့်ရှိနိုင်ပြီး ဆီဆိုင်နှင့် ပင်လောင်းမြို့နယ်ဘက်မှ တိမ်းရှောင်လာသည့် စစ်ရှောင် လေးသောင်းခန့်ရှိနိုင်ကြောင်း ခန့်မှန်းသည်။
ထို့ကြောင့် ရှမ်းတောင်တွင် စစ်ပွဲကျယ်ပြန့်လာပါက ရှိနေသည့် စစ်ဘေးရှောင်များအတွက် နောက်ထပ် ဘေးလွတ်ရာ ထပ်ပြေးရနိုင်သည့် အခြေအနေရှိသည်။
ရှမ်းတောင် စစ်ရေးအလားအလာ
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပွားခဲ့သည့် “၁၀၂၇ စစ်ဆင်ရေး” ကဲ့သို့ ရှမ်းပြည်နယ်တောင်ပိုင်းတစ်ခွင် ကျယ်ပြန့်နိုင်သည့် စစ်ပွဲသည် လတ်တလောတွင် ဖြစ်နိုင်ခြေနည်းနေသေးသည်ဟု စစ်ရေးလေ့လာသူတချို့က သုံးသပ်သည်။
ကရင်နီတော်လှန်ရေးတပ်များနှင့် နီးစပ်သည့် စစ်ရေးသတင်းရင်းမြစ် အမျိုးသားတစ်ဦးက ရှမ်းပြည်နယ်မြောက်ပိုင်းအခြေစိုက် တော်လှန်ရေးအင်အားစုများသည် ရှမ်းပြည်နယ်တောင်ပိုင်းကို ဖြတ်၍ ကရင်နီဒေသအထိ ဆင်းလာရန် ဖြစ်နိုင်ခြေနည်းကြောင်း ဆိုသည်။
ရှမ်းပြည်နယ်မြောက်ပိုင်းအခြေစိုက် တော်လှန်ရေးတပ်များသည် ထိန်းချုပ်နယ်မြေကျယ်လာသည်နှင့်အမျှ ထိန်းချုပ်ထားသည့် မြို့များကို ထိန်းသိမ်းရန်၊ တရားဥပဒေစိုးမိုးရေးနှင့် အုပ်ချုပ်ရေးထူထောင်ရန် လုပ်ငန်းကိစ္စများ ရှိလာကြောင်း ၎င်းက ပြောသည်။
အဆိုပါ အလုပ်များ လုပ်ရန်အတွက် လူအင်အားလိုပြီး စစ်ဆက်တိုက်နိုင်ရန်အတွက်လည်း လူအင်အားလိုအပ်သည်ဟု ဆိုသည်။
ထို့ကြောင့် ထိန်းချုပ်နယ်မြေလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် အုပ်ချုပ်ရေးထူထောင်ရန် ကိစ္စများ မလုပ်သေးဘဲ စစ်ဆက်တိုက်ရန်ဆိုသည်မှာ မလွယ်ကူသဖြင့် ဖြစ်နိုင်ခြေနည်းသည်ဟု ယူဆကြောင်း ကရင်နီတော်လှန်ရေးတပ်များနှင့် နီးစပ်သည့် အထက်ပါ စစ်ရေးသတင်းရင်းမြစ်က မှတ်ချက်ပေးသည်။
ထို့ပြင် TNLA နှင့် MNDAA တပ်များ ရှမ်းတောင်သို့ ဆက်ဆင်းလာပါက အခြားတိုင်းရင်းသားလက်နက်ကိုင်တပ် (EAOs) များ၏ အမြင်တွင် နယ်မြေချဲ့ထွင်သည်ဟု မြင်လာနိုင်ပြီး နိုင်ငံရေးပုံရိပ် ကျဆင်းမည့် အန္တရာယ်လည်းရှိနေသည်ဟု ၎င်းက ဆိုသည်။
ပအိုဝ်းဒေသက စစ်ဘေးရှောင်အခြေအနေနှင့် လူ့အခွင့်ရေးချိုးဖောက်ခံရသည့် ဖြစ်စဉ်များကို မှတ်တမ်းတင်နေသော ပအိုဝ်းလူငယ်အစည်းအရုံး (PYO) ဒုဥက္ကဋ္ဌ ခွန်ဦးကလည်း ရှမ်းပြည်နယ်တောင်ပိုင်းရှိ တော်လှန်ရေးအင်အားစုဘက်တွင် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ တော်လှန်ရေးတပ်များကဲ့သို့ လူအင်အား၊ လက်နက်အင်အား ပြင်ဆင်စုဖွဲ့ခြင်း သိသိသာသာ မတွေ့ရဟု ဆိုသည်။
ထို့ကြောင့် တိုက်ပွဲများဆက်ရှိနိုင်သော်လည်း ရှမ်းမြောက်တွင် ဖြစ်သကဲ့သို့ ကျယ်ပြန့်ပြင်းထန်ရန် မလွယ်ကြောင်း ဆိုသည်။
စစ်ရေးလေ့လာသူများက တိုက်ပွဲသည် ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်မြို့နယ်၊ ညောင်ရွှေမြို့နယ်တောင်ဘက်၊ ပင်လောင်းမြို့နယ်၊ ဖယ်ခုံမြို့နယ်နှင့် ဆီဆိုင်မြို့နယ်အရှေ့ဘက်တွင် ဆက်ရှိနိုင်သည်ဟု ခန့်မှန်းကြသည်။
“ပင်လောင်း၊ ဆီဆိုင်နဲ့ ဟိုပုံးမြို့ (အနည်းငယ်) ပဲ ပစ်မှတ်ထားနိုင်မယ်။ အဓိကက ရှမ်းမြောက်နဲ့ တောင် လမ်းဖောက်နိုင်ဖို့နဲ့ လက်နက်သယ်နိုင်ဖို့။ RCSS ကလည်း PNO နဲ့ ရှမ်းတောင်ပိုင်း မိုင်းပွန်ကနေ ဟိုပုံး-တောင်ကြီးအထိ တောင့်ခံထားနေသေးသလို KA (ကရင်နီတပ်မတော်)၊ KNDF ကလည်း ကရင်နီပြည်နဲ့ ရှမ်း – ကရင်နီ နယ်စပ်မှာပဲ ပိုပစ်မှတ်ထားနိုင်သေးတယ်” ဟု PYO ဒုဥက္ကဋ္ဌ ခွန်ဦးက ဆိုသည်။
ခွန်ဦးက ရှမ်းတောင်တွင် စစ်ပွဲသည် ဖွဲမီးကဲ့သို့ တငွေ့ငွေ့လောင်ကျွမ်းနေမည့်သဘောရှိကြောင်း ပြောသည်။
၎င်းက “PNDF (ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ်)၊ PNLO၊ PNFC (ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ) ကလည်း KA နဲ့အတူ ရှိနေပြီး ပြင်ဆင်မှုတော့ စနေပါတယ်။ တစ်လအတွင်း အခြေအနေထူးလာနိုင်မယ်။ ရှမ်းမြောက်လောက်တော့ မမြန်ဘူး။ မကြီးလောက်ဘူး” ဟု သုံးသပ်သည်။
ခဲယမ်းလိုအပ်ချက်
ဆက်လက်၍ ရှမ်းတောင်အခြေစိုက် တော်လှန်ရေးတပ်များဘက်က အင်အားအလုံးအရင်းဖြင့် ထိုးစစ်မဆင်နိုင်သေးသည့် အကြောင်းရင်းတွင် အဆင့်မြင့်လက်နက်လိုအပ်နေခြင်းနှင့် ပိုမိုကျစ်လျစ်တောင့်တင်းသည့် တော်လှန်ရေးအင်အားစုများအကြား စုဖွဲ့မှုလိုအပ်နေခြင်း ဖြစ်နိုင်ကြောင်း ၎င်းက ဆက်ပြောသည်။
ကရင်နီအခြေစိုက် တော်လှန်ရေးတပ်တချို့နှင့် နီးစပ်သူများကလည်း ၎င်းတို့စစ်ဆင်နိုင်ရန် လိုအပ်သည့်အရာမှာ ခဲယမ်းမီးကျောက်ပင်ဖြစ်ကြောင်း ပြောဆိုလေ့ရှိသည်။
ကရင်နီနှင့် ရှမ်းပြည်နယ်တောင်ပိုင်းအခြေစိုက် တော်လှန်ရေးတပ်များသည် တပ်စတင်တည်ထောင်ကတည်းက လက်ရှိကာလအထိ စစ်တိုက်ရန်အတွက် Facebook လူမှုကွန်ရက်တွင် ကမ်ပိန်းပြုလုပ်၍ အလှူခံနေရဆဲ ဖြစ်သည်။
စစ်ရေးလေ့လာသုံးသပ်သည့် မြန်မာသုတေသီ အမျိုးသားတစ်ဦးက ရှမ်းတောင်စစ်ပွဲများ ကျယ်ပြန့် ပြင်းထန်လာနိုင်ခြေသည် SSPP ၊ UWSA နှင့် စစ်ကောင်စီတပ်အကြား စစ်ရေးတင်းမာမှုအပေါ်တွင် မူတည်ကြောင်း ဆိုသည်။
စစ်ကောင်စီဘက်က ဆက်လက် ရန်စလာပါက စစ်ပွဲသည် ရှမ်းမြောက်တွင် ဖြစ်သကဲ့သို ရှမ်းတောင်တစ်ခွင် ကျယ်ပြန့်သွားနိုင်ကြောင်း ၎င်းက သုံးသပ်သည်။
စစ်ရေးလေ့လာသုံးသပ်သည့် မြန်မာသုတေသီ အမျိုးသားက “ဝ နဲ့ SSPP က စတိုက်မယ်မထင်ဘူး။ စစ်တပ်ကသာ KNDF ကို လက်နက်ထောက်ပံ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ တိုက်လာရင်တော့ တိုက်ပွဲဖြစ်နိုင်တယ်” ဟု မှတ်ချက်ပေးသည်။