တချိန်က တရုတ်နယ်စပ် အရှေ့မြောက်ဒေသရှိ ဗမာပြည်ကွန်မြူနစ်ပါတီ၏ ရန်ကို ကာကွယ်ရန် လားရှိုးမြို့ကို အခြေပြုကာ တည်ဆောက်ခဲ့သည့် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်က ၅၂ နှစ် ကြာသည့်အချိန်တွင် ကိုးကန့်တပ်ဖွဲ့နှင့် မဟာမိတ်တို့၏ လက်ချက်ဖြင့် ကျဆုံးသွားခဲ့ပြီဟု ဆိုရမည်။
မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA)ဟု အမည်ပေးထားသည့် ကိုးကန့်တပ်များအပါအဝင် ပူးပေါင်းတပ်များက အရှေ့မြောက်တိုင်း စစ်ဌာနချုပ် (ရမခ) အခြေစိုက်ရာ လားရှိုးမြို့ကို ဇူလိုင်လ ၃ရက်ကတည်းက စစ်ဆင်နေခြင်းဖြစ်ပြီး တလပြည့်ချိန်တွင်မူ မြို့ကိုသာမက တိုင်းစစ်ဌာနချုပ်ကိုပါ သိမ်းယူလိုက်ခြင်းဖြစ်သည်။
ကိုးကန့်အဖွဲ့၏ ကြေညာချက်တွင် “၂၀၂၄ ခုနှစ် သြဂုတ်လ ၃ ရက်နေ့ နေ့လည် ၁၂ နာရီ ၂၀ မိနစ်တွင် MNDAAတပ်သည် မင်းအောင်လှိုင်၏ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို အပြည့်အဝ သိမ်းပိုက်နိုင်ခဲ့ပြီး ကျန်နေသော ရန်သူတပ်များကို ချေမှုန်းခဲ့ပြီး MNDAA တပ်သည် ၎င်းတို့၏ စစ်ဆင်ရေးတွင် ပြီးပြည့်စုံသော အောင်ပွဲ ရရှိခဲ့သည်”ဟု ဖော်ပြထားသည်။
အလားတူ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်ဝင်းအတွင်းရှိ MNDAA တပ်များ သွားလာလှုပ်ရှားနေကြသည့် ဓာတ်ပုံများ ရုပ်သံဗီဒီယိုများ လူမှုကွန်ရက်တွင် တွေ့နေရပြီး စစ်ကောင်စီ လိုလားသူ လော်ဘီများကမူ တယ်လီဂရမ် ချန်နယ်လ်များ မှ အလုံးစုံ မသိမ်းနိုင်သေး မိမိတို့ဘက်မှ တပ်များ ဆက်လက်တိုက်ပွဲဝင်နေဆဲဟု ဝါဒဖြန့်ဘူးကွယ်နေသော်လည်း စစ်ကူ မလာနိုင်တော့သည့် အခြေအနေတွင် အရှိတရားကို လက်ခံရပေတော့မည်။
မြန်မာစစ်တပ်သမိုင်းတွင် တိုင်းစစ်ဌာနချုပ်ကြီးတခု ကျဆုံးသွားခြင်းက ဤတကြိမ်သည် ပထမဆုံးတော့မဟုတ်။ လွတ်လပ်ပြီးစ မြန်မာနိုင်ငံ၌ ထိုစဉ်က မေမြို(ယခုပြင်ဦးလွင်) မြောက်ပိုင်းတိုင်း၊ မင်္ဂလာဒုံတွင် တောင်ပိုင်းတိုင်းဆိုကာ စစ်တိုင်း နှစ်ခုသာရှိ၏။
၁၉၄၉ ခုနှစ် ကရင်အမျိုးသားတို့ ပုန်ကန်ရာ ထိုနှစ်ဖေဖေါ်ဝါရီလမှာပင် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးကြီး မောင်မောင် မိထ္တီလာနှင့် သာစည်ကြား၌ အဖမ်းခံခဲ့ရသလို ကချင်တပ်ရင်းမှ တောခိုသွားသည့် ဗိုလ်နော်ဆိုင်း ဦးဆောင် သည့် ကရင်အမျိုးသား ကာကွယ်ရေးတပ် (KNDO)တို့က လျှပ်တပြက်ပေါ်လာသည့် အခြေအနေကို အခွင့်ကောင်းယူ၍ မေမြို့ရှိ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကို သိမ်းပိုက်ခဲ့ဖူးသည်
ယခု နေဝန်းနီဟု စစ်တပ်က အများခေါ်ကြသည့် အရှေ့မြောက်တိုင်း စစ်ဌာနချုပ်ဖြစ်ပေါ်ပုံ အစက ကွမ်လုံရက် ၄၀ တိုက်ပွဲနှင့် ဆက်စပ်နေသည်ဟု ဆိုရမည်၊ တရုတ် – မြန်မာအရေးအခင်းအပြီး ၁၉၆၇ ခုနှစ်တွင် ဗမာပြည် ကွန်မြူနစ် ပါတီ၏ အဝေးရောက် ဒုဥက္ကဋ္ဌ သခင်ဗသိန်းတင်က ဗကပ အရှေ့မြောက်စစ်ဒေသဖွင့်၍ မုံးကိုးဒေသကို စတင်သိမ်းပိုက်ပြီး တပ်ရင်းများ တိုးချဲ့ကာ ကိုးကန့်ဒေသသို့ ဝင်ရောက်လာခဲ့သည်။
၎င်းကို တန်ပြန်ရန် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီအစိုးရက ၁၉၇၀ ပြည့်နှစ် ဇွန်လတွင် လားရှိုးမြို့တွင် မဟာဗျူဟာ ကွပ်ကဲမှု စစ်ဌာနချုပ်ကို ဖွဲ့စည်းကာ မြစ်ကြီးနား၊ ဗန်းမော်၊ လားရှိုးခရိုင်များနှင့် မိုးကုတ်မြို့နယ်မှ တပ်များကို ထည့်သွင်း တိုက်ရိုက် ကွပ်ကဲစေပြီး ထိုစဉ်က ဒုဝန်ကြီးတာဝန် ထမ်းဆောင်နေသည့် ဗိုလ်မှူးကြီး စိန်မြကို မဟာဗျူဟာမှူးကြီးအဖြစ် တာဝန်ပေးခဲ့သည်။
၁၉၇၁ ခု နိုဝင်ဘာလတွင် စခဲ့သည့် ရက် ၄၀ကြာသော ဗကပတို့၏ ကွမ်လုံထိုးစစ်ကို ဗိုလ်မှူးကြီးထွန်းရီ၊ ဗိုလ်မှူးကြီး ပေါလ်ထွန်းရှိန်စသည့် စစ်ခေါင်းဆောင်များက နယ်လှည့်စစ်ဗျူဟာ(၁)နှင့် တပ်ရင်း၄ ရင်း၊ တပ်မ ၇၇မှ တပ်ရင်း ၅ရင်း တို့ဖြင့် ကြံကြံခိုင်တိုက်ခိုက်နိုင်ခဲ့ပြီးနောက် ဗကပထိုးစစ် ဦးကျိုးစေခဲ့သည်။
ထိုသို့ လားရှိုးအနီး တိုက်ပွဲများ အရှိန်ကျသွားချိန် ၁၉၇၂ ခုနှစ် ဇူလိုင်နှင့် သြဂုတ်လများအတွင်း မဟာဗျူကွပ်ကဲမှု စစ်ဌာနချုပ်အပါအဝင် တပ်မဟာများကို ဖျက်သိမ်းကာ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် အပါအဝင် တိုင်းစစ်ဌာနချုပ် ၉ ခုကို ဖွဲ့စည်းခဲ့သည်။
၎င်းတို့မှာ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်(မြစ်ကြီးနား)၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(လားရှိုး)၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် (တောင်ကြီး)၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ်(မော်လမြိုင်)၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်(မင်္ဂလာဒုံ)၊ အနောက်တောင်တိုင်း စစ်ဌာနချုပ်(ပုသိမ်)၊ အနောက်ပိုင်း စစ်ဌာနချုပ်(စစ်တွေ)၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်(မန္တလေး)၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်(တောင်ငူ)တို့ဖြစ်သည်။
အရှေ့မြောက်တိုင်း စစ်ဌာနချုပ်သည် ၎င်း၏ နယ်မြေအတွင်း ဗကပနှင့် စီစီဝမ်တာပန်ကဲ့သို့ တိုက်ပွဲကြီးများအပြင် အောင်ကျော်မိုး၊ ရဲမင်းအောင် စသည့်စစ်ဆင်ရေးကြီးများအတွင်း ရှမ်းပြည်တပ်မတော်(SSA)၊ ပလောင်တော်လှန်ရေးတပ် များ၊ ခွန်ဆာဦးဆောင်သည့် အဖွဲ့များ၊ ရှမ်းပြည်မြောက်ပိုင်းရှိ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)တပ်မဟာ ၄တို့နှင့် သာမက ၁၉၈၉ ခုနှစ် ဗကပ မပြိုကွဲမီ အထိ အကြိမ်ကြိမ်အဖန်ဖန် တိုက်ခိုက်ကြသည်။
ဗကပ ပြိုကွဲပြီးနောက် တရုတ်နိုင်ငံက နယ်စပ်တွင် ကုန်သွယ်ရေးဖွင့်လိုက်သည့်အခါ မူဆယ်- လားရှိုးလမ်းကြောင်း တွင် အရှေ့မြောက်တိုင်း စစ်ဌာနချုပ်သည် ပိုုမို အရေးပါလာပြီးနောက် စီးပွားရေးများတွင်လည်းပါဝင်ပတ်သက်လာသည်ကို တွေ့ရသည်။
အထင်ရှားဆုံးမှာ ၂၀၀၄ခု အောက်တိုဘာလက ဖြစ်ပွားခဲ့သည့် မူဆယ် ၁၀၅ မိုင်နှင့် နမ့်ဖတ်ကာဒေသမှ အစပြုခဲ့သည့် ထောက်လှမ်း ရေးတပ်ဖွဲ့ကြီး ပြိုကွဲရသည့် ဖြစ်စဉ်တွင် အရှေ့မြောက်တိုင်း စစ်ဌာနချုပ်ကပင် စခဲ့ပြီး ထိုစဉ်က ထောက်လှမ်း ရေး စတင်ဖြိုခွင်းသည့် စစ်တိုင်းမှူးမှာ ဗိုလ်ချုပ် မြင့်လှိုင်ဖြစ်သည်။ ယခုအခါ စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ ညံ့ဖျင်းမှုများ ကို ဝေဖန်သဖြင့် ထောင်သွင်းအကျဉ်းချထားသည်ဟု ဆိုကြသည်။
၂၀၀၉ ခုနှစ်တွင် နယ်ခြားစောင့်တပ် ပြောင်းလဲရေးနှင့် ပတ်သက်၍ တင်းမာမှုများဖြစ်လာပြီး ဖုန်ကျားရှင် အင်အားစုကို ဖယ်ထုတ်သည့် ကိုးကန့် ဒေသတိုက်ပွဲများသည်လည်း အရှေ့မြောက် တိုင်း စစ်ဌာနချုပ်နယ်မြေတွင် ဖြစ်ပွားခဲ့သလို ၂၀၁၅ ခုနှစ် ကိုးကန့်ဒေသ သို့ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA)များ ပြန်လည်ဝင်ရောက်လာ သည့်အခါ မြောက်ပိုင်း ညီနောင်သုံးဖွဲ့နှင့် တိုက်ပွဲများ ဆက်ခဲ့ရပြန်သည်။
၂၀၂၁ခုနှစ် စစ်တပ်အာဏာ သိမ်းပြီးနောက် အရှေ့မြောက်ဒေသတွင် တိုက်ပွဲအနည်းငယ်သာ ရှိခဲ့သော်လည်း ၂၀၂၃ ခု အောက်တိုဘာ ၂၇ရက်တွင် မြောက်ပိုင်း ညီနောင် သုံးဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးတွင် ကိုးကန့်ဒေသပါမက အရှေ့မြောက် တိုင်းစစ်ဌာနချုပ်၏ ကွမ်းလုံဗျူဟာသမက လားရှိုးမြို့ အနီးရှိ သိန်းနီမြို့နယ်၊ နမ့်ခမ်းမြို့နယ်များပါ သိမ်းယူခံခဲ့ရသည်။
ယခု ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းတွင်မူ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် အခြေစိုက်ရာ လားရှိုးမြို့ MNDAAနှင့် ပူးပေါင်း တပ်များက တိုက်ခိုက်ပြီးနောက် မြို့ကိုသာမက သမိုင်းဝင်ဟု ဆိုကြသည့် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကိုပါ သိမ်းလိုက် နိုင်သဖြင့် ကာကွယ်ရေးဦးစီးချုပ် တာဝန်ယူထားသည့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်လက်ထက်တွင် သမိုင်းတွင်ခဲ့ပြီဟု ဆိုရမည်။
ထိုသို့ စစ်တပ်သမိုင်းတွင် အရှေ့မြောက်တိုင်းကဲ့သို့သော စစ်ဌာနချုပ်ကြီးတခု ကျဆုံးခြင်းနှင့် ပတ်သက်၍ စစ်တပ်အတွင်း ဂယက်ရိုက်ခတ်မှုများ ရှိလာနိုင်သလို စစ်ဗိုလ်ချုပ်ဟောင်းများ၏ ဝေဖန်မှုများ ပိုုမိုပေါ်ထွက်လာနိုင်ကြောင်း ပြောဆိုသုံးသပ် မှုများ ရှိနေသည်။