‘ဒရုန်းတိုက်ခိုက်မှုများ’
တော်လှန်ရေးတပ်သားတွေက ဧပြီ ၄ ရက်နေ့မှာ နေပြည်တော်ကို ကာမီကာဇေဒရုန်း အစင်းရေ ၃၀ ခန့်သုံးပြီး နေရာ ၃ နေရာကို တိုက်ခိုက်ခဲ့ကြတယ်။ စစ်ရုံး၊ အေလာလေဆိပ်နဲ့ စစ်ဦးစီးချုပ် မအလအိမ်တွေကိုဖြစ်တယ်။ ဒီစစ်ဆင်ရေးမှာ ဒရုန်းစစ်ဆင်ရေးအထူးတပ်ဖွဲ့ ရှားထူးဝေါအဖွဲ့က ဦးဆောင်ပြီး ပီဒီအက်ဖ် အထူးတပ်ဖွဲ့တွေလည်း ပါဝင်တယ်။ လေဆိပ်နဲ့ စစ်ရုံးတွေမှာ အထိအခိုက်တွေနဲ့ သေဆုံးမှုတွေကြားရသလို မအလအိမ်ရဲ့ ကိုယ်ရံတော် ဒုဗမက တဦးလည်း ဆေးရုံပို့ပြီးတဲ့နောက် သေဆုံးခဲ့တယ်လို့ သတင်းထွက်ပေါ်လာတယ်။
နောက်တနေ့ ဧပြီ ၅ ရက်နေ့မှာ မကွေးတိုင်းထဲက ကပစ ၂၁ (ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေးစက်ရုံ) ကို မကွေးပြည်သူ့ကာကွယ်ရေး ဒရုန်းလက်ရုံးတပ်ဖွဲက ရော့ကက် ၂၅ ခုနဲ့ ထပ်မံ တိုက်ခိုက်နိုင်တာကိုလည်း တွေ့ရတယ်။ ရက်ပိုင်းလေးပဲကွာပြီး ဧပြီ ၉ ရက်နေ့မှာ မြဝတီ၊ ကော့ကရိတ်နဲ့ သင်္ဃန်းညီနောင်တိုက်ပွဲတွေကို အနီးကပ်ကွပ်ကဲဖို့ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် (မော်လမြိုင်) ကို ရောက်နေတဲ့ ဒုချုပ်စိုးဝင်းကို ရှားထူးဝေါ်နည်းပညာတပ်ဖွဲ့ရဲ့ Alpha Bats ဒရုန်းတပ်ဖွဲ့က ဆက်လက်တိုက်ခိုက်ခဲ့ပြီး ဒုဗခကစိုးဝင်း၊ ကစထမှူး ဒုဗခကညွန့်ဝင်းဆွေတို့ အပါအဝင် ဗိုလ်ချုပ်တွေ ဗိုလ်မှူးချုပ်တွေပါဝင်တဲ့ စစ်တပ်အရာရှိကြီးအဆင့်တွေ ထိခိုက်ဒဏ်ရာရတယ်လို့ ယူဆနိုင်တဲ့ သတင်းတွေ ထွက်ပေါ်လာတယ်။
‘ထိုင်းအနေအထား’
ဒီလိုတိုက်ပွဲတွေကြားမှာပဲ ဧပြီ ၈ ရက်နေ့က ထိုင်းဝန်ကြီးချုပ် စရက်သာသာဗီဆင်က မြန်မာစစ်အာဏာသိမ်းအဖွဲ့ဟာ ခုဆို အင်အားချိနဲ့လာနေတာဖြစ်လို့ ဆွေးနွေးပွဲစဖို့ အချိန်အခါကောင်းဖြစ်တယ်လို့ ရိုက်တာသတင်းဌာနကို ပြောခဲ့တယ်။ သာဗီဆင်ဟာ သူအာဏာရတဲ့ မနှစ်က သြဂုတ်လကစပြီး ဆွေးနွေးညှိနှိုင်းတာတွေလုပ်ရေး သဘောတူဖို့ စကစကို အကြိမ်ပေါင်းများစွာ ကြိုးစားခဲ့တယ်လို့ဆိုတယ်။ ပြီးခဲ့တဲ့ မတ်လတုန်းကလည်း မြန်မာစစ်တပ် ဘက်က ကန့်ကွက်နေတဲ့ကြားကပဲ တော်လှန်ရေးအင်အားစုတွေပါဝင်တဲ့ ဆီမီနာတခုကို ထိုင်းပါလီမန်က ဦးဆောင်ပြုလုပ်ခဲ့တာတွေ့ရတယ်။
ထိုင်းနယ်စပ်တိုက်ပွဲတွေ ပြင်းထန်လာတာကြောင့် နဂိုကတည်းက မြန်မာစစ်တပ်နဲ့ စေ့စပ်ညှိနှိုင်းဆွေးနွေးဖို့လိုတယ်လို့ ခံယူထားတဲ့ ထိုင်းဘက်က မြန်မာ့အရေးကို ပိုပြီး ထဲထဲဝင်ဝင် ပါဝင်ပတ်သက်လာတာ တွေ့ရတယ်။ ဒီတခါတော့ သူ့ချဥ်းကပ်မှုဟာ စစ်တပ်ဘက်ကို ပင်းနေဆဲဖြစ်ပေမယ့် တော်လှန်ရေးတပ်ဖွဲ့တွေရဲ့အောင်မြင်မှုနဲ့ အရေးပါမှုကို ထည့်သွင်း တွက်ချက် လက်ခံလာတာပဲဖြစ်တယ်။
ထိုင်းရဲ့လှုပ်ရှားမှုတွေ၊ တရုတ်သံအမတ် နေပြည်တော်မှာ စစ်တပ်ခေါင်းဆောင်ဟောင်းတွေနဲ့ တွေ့ဆုံမှုတွေကြောင့် စကစခေါင်းဆောင်ပိုင်းဟာ တရုတ်နဲ့ထိုင်း ပေါင်းပြီးတွန်းမယ့် ဆွေးနွေးရေးဟာ သူ့ဘက်ကို အသာစီးပေးမထားမှာကို စိုးရိမ်လာတဲ့သဘောကို တွေ့ရတယ်။ အဲဒါက ယူအင်အထူးသံတမန်ခန့်တာ သူတို့ကို အသိမပေးဘူးဆိုတဲ့သဘော ပြောလာတာဖြစ်တယ်။ ဒါက သူတို့ကို တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုစေလိုတာက တပိုင်းဖြစ်သလို နောက်တပိုင်းက ယူအင်ဘက်ကို မျက်စပစ်တဲ့စကားမျိုး ပြောလာတာပါပဲ။ စကစဟာ ယူအင်၊ အာစီယံ စတဲ့ အဖွဲ့အစည်းတွေနဲ့ တရုတ်၊ ထိုင်းစတဲ့ အိမ်နီးချင်းနိုင်ငံတွေကြားမှာ ဆွေးနွေးဖို့ဆိုတဲ့ကိစ္စကို အခြေအနေကြည့်ပြီး ကစားဖို့ (ဆိုလိုတာ ပိုပြီးရှုပ်ထွေးအောင်လုပ်ဖို့၊ ဘယ်လိုအမြတ်ထုတ်ရင် ရမလဲ) ကြိုးစားချင်တဲ့၊ ကြိုးစားလာမယ့်သဘော တွေ့ရတယ်။
စစ်ရှူံးသမျှနဲ့ နိုင်ငံတကာအမြင်ကနေ ပြန်အဖတ်ဆယ်ဖို့ စကစဟာ မြဝတီ လုံးလုံးကျမသွားအောင် အင်အားသုံးပြီး ခုခံတိုက်ခိုက်မယ့် သဘောထားရှိနေတယ်။ မြဝတီဟာ ကျလုကျခင် အခြေအနေမှာ ရှိနေပေမယ့် စကစဘက်က စစ်ကူလာတဲ့အင်အားတွေနဲ့ တိုက်ပွဲတွေဟာ ဧပြီ ၁၀ ရက်နေ့ထိ ပြင်းထန်နေဆဲဖြစ်တယ်။ ဒါပေမယ့် မြဝတီမှာ နောက်ဆုံးကျန်ရစ်နေတဲ့ ခလရ ၂၇၅ ဟာ ၁၀ ရက်နေ့ညပိုင်းမှာ မြို့ကိုစွန်ခွါပြီး ဆုတ်ပြေးတဲ့အတွက် မြဝတီဟာ တော်လှန်ရေးအင်အားစုတွေလက်ထဲ ကျရောက်ခဲ့ပြီဖြစ်တယ်။ မြဝတီအကျဟာ ကရင်နဲ့ ထိုင်းနယ်စပ်ဘက်မှာ တော်လှန်ရေးရဲ့ အရေးပါတဲ့ တဆစ်ချိုးအောင်မြင်မှုကို ဖော်လိုက်တာပဲဖြစ်တယ်။
‘ဆွေးနွေးပွဲနဲ့ စစ်ပွဲ အလားအလာ’
မြောက်ပိုင်းစစ်ဆင်ရေးတွေ အောင်မြင်မှုအပြီး တရုတ် စေ့စပ်ညှိနှိုင်းမှုတွေ ပေါ်လာသလို မြဝတီနဲ့ ထိုင်းနယ်စပ်တိုက်ပွဲတွေ အရှိန်တက်လာတော့ ထိုင်းရဲ့စေ့စပ်ညှိနှိုင်းမှုတွေ အသံပိုပြီး ထွက်လာတာ သဘာဝကျတယ်လို့တော့ ပြောနိုင်တယ်။ တွေ့ဆုံရေးနဲ့ပတ်သက်လို့ ဒေသတွင်းမှာ အိမ်နီးချင်းတွေဖြစ်တဲ့ တရုတ်နဲ့ထိုင်း ဝင်လာမယ့် အနေအထားက ရှေ့မှာ လုံးလုံးလျားလျား အလုပ်မဖြစ်ခဲ့တဲ့ အာစီယံထက်တော့ သာမှာအမှန်ဖြစ်တယ်။ ဒါပေမယ့် ရှမ်းမြောက်၊ ရခိုင်၊ ကချင်၊ ကရင် စတဲ့ နယ်မြေဒေသအခြေပြုတဲ့ တွေ့ဆုံရေးဘက်ကိုပဲ ကိုင်တွယ်နိုင်ဖို့ရှိပြီး တနိုင်ငံလုံး အတိုင်းအတာနဲ့ ညှိနှိုင်းနိုင်ဖို့ကတော့ လက်ရှိတိုက်ပွဲတွေကို ကြည့်ရင် ဖြစ်နိုင်ခြေမရှိသေးတာ တွေ့ရတယ်။
တရုတ်ကော ထိုင်းဟာ ဆွေးနွေးပွဲထဲ ဒေါ်အောင်ဆန်းစုကြည် ပါဝင်ရေးမူကို အလေးထားတယ်ဆိုတာ သူတို့ ရှေ့မှာ ကြိုးစားအားထုတ်ခဲ့တာတွေကို ကြည့်ရင် သိနိုင်တယ်။ စကစ စိုးရိမ်တာကလည်း ဒီအချက်ပဲဖြစ်တယ်။ စစ်ပွဲမှာ ရှုံးပြီးရင်းရှုံးရင်း အခြေအနေကနေ ဆွေးနွေးပွဲမှာ ဖမ်းထားတဲ့ခေါင်းဆောင်တွေကိုထုတ်ပြီး စကားပြောရမယ် ဆိုတဲ့သဘောထားဟာ လုံးဝ ရှုံးပြီလို့ လက်ခံလိုက်ရတဲ့ အနေအထားဖြစ်သလို အကျပ်အတည်းတခုထဲကို ရောက်သွားနိုင်တယ်ဆိုတာကို သူတို့ သဘောပေါက်ထားတယ်။ ဒါကြောင့် ယူအင်၊ အာစီယံတွေနဲ့ လှည့်ပြီးပတ်ထားမယ့် အခြေအနေမျိုးကို စဥ်းစားလာနိုင်တဲ့သဘောမျိုး တွက်ဆရတာဖြစ်တယ်။
ရခိုင်မှာ အရေးပါတဲ့ မြို့တွေအားလုံး သိမ်းပြီးဖို့၊ ကချင်နဲ့ ကရင်မှာ နယ်မြေစိုးမိုးအားနဲ့ နယ်စပ်ကုန်သွယ်ရေးကို ထိန်းချုပ်ထားနိုင်တဲ့ ဒေသတွေကို သိမ်းထားနိုင်ဖို့ဟာ လအနည်းငယ် ဆက်အချိန်ယူရဖို့ရှိတယ်။ ဒီအချိန်အတွင်းမှာ စစ်တပ်လက်နက်ချမှုတွေ ဆက်လက် ထွက်ပေါ် လာနေမှာဖြစ်ပြီး မြန်မာစစ် တိုင်းတွေအတွင်းမှာလည်း ဒရုန်းအသုံးပြု တိုက်ခိုက်မှုတွေ ဒီ့ထက်ပိုလာမှာဖြစ်တယ်။ ဒါဟာ ဒရုန်းနောက်ကနေ မြေပြင်ထိုးစစ်တွေ လိုက်လာမယ်ဆိုတဲ့ နည်းဗျူဟာပေါ် အခြေခံတဲ့ သဘောမျိုးကိုလည်း တွေ့နေရတယ်။
လတ်တလော နိုင်ငံရေးကတော့ စစ်ရေးကို အမီလိုက်နိုင်တဲ့ အင်အားနဲ့ နားလည်မှုမျိုး မရှိသေးဘူး။ ရှမ်းမြောက်၊ ရခိုင်၊ ကချင်နဲ့ ကရင်တိုက်ပွဲတွေမှာ အခြေခံ စစ်စခန်းပေါင်းများစွာ ဆုံးရှုံးခဲ့ပြီး ရာထောင်ချီတဲ့လူတွေ လက်နက်ချကြ သေဆုံးကြရတာတွေကိုကြည့်ရင် စစ်တပ်ဟာ အချိန်မရွေးပြိုလဲနိုင်တဲ့အနေအထား (tipping point) ကို ရောက်နေပြီလို့ သဘောပေါက်နိုင်တယ်။ တပြိုင်တည်းမှာ စစ်တပ်ကို လုံးလုံး ပြိုလဲမသွားစေချင်တဲ့ နိုင်ငံတကာနဲ့ ဒေသတွင်းနိုင်ငံတွေရဲ့ ကျားကန်မှုကြောင့် စစ်တပ်ဟာ ဒီအခြေအနေအတိုင်းလည်း အတိုင်းအတာတခု (လပိုင်းလောက်) ကြာအောင် ဒရွတ်ဆွဲ လိုက်ပါနိုင်တဲ့ သဘောလည်း ရှိနေတယ်။
ဒါပေမယ့် စကစရဲ့ မြဝတီအကျဟာ စစ်ရေးအရ ရှူံးနိမ့်မှုအပြင် အမိန့်ပေး ထိန်းချုပ်မှုမှာပါရှိနေတဲ့ အက်ကြောင်းကို အထင်အရှား ပြသလိုက်တာဖြစ်တယ်။ စစ်တပ်ဟာ ရှေ့တန်းစစ်မျက်နှာတွေကို မထိန်းချုပ်နိုင်တော့သလို နောက်တန်းလုံခြုံရေးစည်းနဲ့ သတင်းပေါက်ကြားမှုတွေပါ ကြီးမားလာတာကို နေပြည်တော်နဲ့ မော်လမြိုင် တိုက်ခိုက်ခံရမှုတွေက သက်သေခံနေတယ်။
၂၀၂၄ ဟာ အပြောင်းအလဲတခု ထင်ရှားစွာ ဖြစ်တော့မယ်လို့ မြေပြင်တိုက်ပွဲတွေက ညွှန်ပြနေပြီဖြစ်တယ်။
ဆိုရှယ်မီဒီယာများမှကူးယူဖော်ပြခြင်းဖြစ်ပါသည်။မူရင်းရေးသားသူအားခရက်ဒစ်ပေးပါသည်။