စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ကနီမြို့ကို မတ်(၂)ရက်ကနေ (၁၂)ရက်အထိ ယင်းမာပင်ခရိုင် တပ်ပေါင်းစုက မြို့သိမ်း တိုက်ပွဲ ဆင်နွှဲခဲ့ရာ စစ်အုပ်စု (၄၇)ယောက် သေပြီး တော်လှန်ရေး ရဲဘော် (၁၁)ဦး ကျဆုံးခဲ့ပါတယ်။ ကနီမြို့ ရဲစခန်း၊ ထွေအုပ်ရုံး၊ ဘုရားကုန်း၊ ဆေးရုံ၊ စာသင်ကျောင်းတွေမှာ အခြေချထားတဲ့ စစ်အုပ်စုကိုစတင်တိုက်ခိုက်ခဲ့ပြီးစစ်အုပ်စုဖက်က ပုလဲနယ် အင်မထီးရွာ ပျူစခန်းကနေထပ်တိုး အင်အား (၁၂၀)နဲ့ ရေဦးမြို့ကနေ စစ်ကူလာတဲ့ ဘီလူးစစ်ကြောင်း အမည်ခံ အင်အား (၈၀)တို့ကို စစ်ကူပို့ပေးခဲ့တယ်။
ကနီမြို့သိမ်းတိုက်ပွဲအတွင်း စစ်အုပ်စုက လေကြောင်းကနေ (Mi-35) တိုက်ခိုက်ရေး ရဟတ်ယာဉ်၊ Jet Fighter တိုက်လေယာဉ်တွေနဲ့ လေကြောင်းတိုက်ခိုက်မှု (၅၄) ကြိမ် တိုက်ခိုက်ခဲ့ပြီး (Y-12) တိုက်လေယာဉ်နဲ့လည်း ဗုံးသီးအလုံး (၁၀၀) ကျော် ကြဲချတိုက်ခိုက်ခဲ့တယ်။
ကနီမြို့သိမ်းတိုက်ပွဲအတွင်း မြို့ရဲ့ နေရာအများစုကို တော်လှန်ရေး တပ်တွေက ထိန်းချုပ်နိုင်ခဲ့ပေမယ့် စစ်အုပ်စုက လေကြောင်း အလွန်အကျွံ အသုံးပြုခြင်း၊ စစ်ကူအင်အား အများအပြား ပို့ချခြင်းတို့ကြောင့် တော်လှန်ရေး တပ်တွေ မြို့ပေါ်က ပြန်လည် ဆုတ်ခွာ ခဲ့ရတယ်။ မြို့ပေါ် အခြေအနေကတော့ သူတို့ လေယာဉ်နဲ့ ဗုံးကြဲလို့ ဘာမှ ရစရာ မရှိတော့ဘူး။ ပျက်စီးသွားပါပြီ။ စစ်အုပ်စုရဲ့ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် ကနီမြို့ခံ ပြည်သူတွေ ထိခိုက် သေဆုံးမှု ရှိသလို နေအိမ် အဆောက်အဦးတွေနဲ့ လယ်ယာသုံး ခိုင်းနွားတွေလည်း ထိခိုက်သေဆုံးတာတွေ ရှိခဲ့တယ်။ ကနီမြို့ဟာ ချင်းတွင်းမြစ်ကမ်းမှာ တည်ရှိပြီး လမ်းပန်းဆက်သွယ်ရေးအရ အချက်အချာကျကာ ယင်းမာပင်၊ ပုလဲ၊ မင်းကင်း၊ ဂန့်ဂေါ၊ ရေဦး၊ ဒီပဲယင်း၊ ဘုတလင် စတဲ့ မြို့နယ်တွေနဲ့ ထိစပ်နေတဲ့ မြို့ ဖြစ်တယ်။ ဒါပေမယ့် ပတ်ပတ်လည်က မြို့တွေဟာ စစ်ကောင်စီစိုးမိုးဒေသတွေဖြစ်တာကြောင့် မြို့ကိုသိမ်းနိုင်ရင်တောင် ထိန်းနိုင်ဖို့မလွယ်ပါဘူး။ စစ်ကိုင်းတိုင်း မြောက်ပိုင်းကမြို့တွေတောင် အကုန်မသိမ်းနိုင်သေးပဲနဲ့ စစ်ကိုင်းတိုင်းအလယ်ပိုင်းက ကနီလို့မြို့ကို ဘာလို့သိမ်းပိုက်ဖို့ ကြိုးစားနေလဲ ဆိုတာကို စဉ်းစားလို့မရဘူး။