စစ်မှုထမ်းဥပဒေ ထုတ်ပြန်ပြီး တလကြာလာတဲ့အချိန် မြို့ကြီးတွေမှာ စစ်ကောင်စီ လက်အောက်ခံ အဖွဲ့တွေက စစ်မှုထမ်းဥပဒေနှင့် အကျုံးဝင်တဲ့ အသက်အရွယ်ရှိသူတွေကို စတင် စာရင်း ကောက်ယူနေပါပြီ။ အသက်၁၈နှစ်မှ ၃၅နှစ်အတွင်း အမျိုးသားများကို ဦးစားပေး စာရင်း ကောက်နေခြင်းဖြစ်တယ်။ ရန်ကုန်မှာတော့ မြို့နယ်အားလုံးကိုတ ပြေးညီစာရင်း ကောက်နေတာ မဟုတ်ပဲ ရပ်ကွက်အုပ်ချုပ်ရေးမှုးတွေက ကိုယ့်အစီအစဉ်နဲ့ကိုယ် ကောက်ယူနေတာပါ။ တချို့ရပ်ကွက်တွေမှာ ရပ်ကွက်ရုံးက အစည်းအဝေးသဘောမျိုးခေါ်ပြီး တအိမ်တယောက် မတက်မနေရ တက်ခိုင်းနေတယ်။ စစ်တပ်အုပ်ချုပ်ရေးမြို့တော်ဖြစ်တဲ့ နေပြည်တော်ပတ်ဝန်းကျင်က ရွာတွေကတော့ တပ်သားသစ်စုဖို့မဲတောင်နိုက်ပြီးပြီလို့သိရတယ်။
ထိုဥပဒေရဲ့အကျိုးသက်ရောက်မှုဟာ မြို့ပေါ်ရပ်ကွက်တွေထဲထိ မြန်မြန်ဆန်ဆန်ရောက်လာတာကြောင့် လူငယ်အများအပြားထိန့်လန့်နေကြတယ်။ အများစုက အခုချိန်ထိ ဘာလုပ်ရမယ်မှန်းမသိသေးဘူး။ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာတော့ ပြည်ပထွက်ခွာသူတွေ အရင်ကထပ်ပိုမိုများပြားလာတယ်။ ငွေကြေးတတ်နိုင်သူတွေကတော့ ပြည်ပထွက်ရှောင်ကြပေမယ့် မတတ်နိုင်သူတွေကတော့ လမ်းပျောက်နေဆဲပဲ။ ပြည်ပထွက်ရှောင်တဲ့သူတွေလဲ တသက်လုံးပြည်ပမှာရှောင်မနေနိုင်ပါဘူး။ အရင်းစစ်လိုက်ရင်တော့ ဒီစနစ်ဆိုးခေတ်ဆိုးကြီးကို မြန်မြန်တိုက်ဖျက်ကြဖို့က အားလုံးအတွက် အဖြေတစ်ခုဖြစ်တယ်။