တရုတ်ဟာစစ်ကောင်စီကိုမီးစတဖက်ရေမှုတ်တစ်ဖက်ဗျူဟာကိုအသုံးပြုပြီးဆက်လက်ဆက်ဆံလျက်ရှိတယ်။ဘာလို့လဲဆိုတော့ဒီရက်ပိုင်းအတွင်းမှာပဲကျင်းပသွားတဲ့မဲခေါင်လန်မန်အစည်းအဝေးဗီဒီယိုကွန်ဖရန့်မှာစစ်ခေါင်းဆောင်မင်းအောင်လှိုင်အွန်လိုင်းကနေစကားပြောခွင့်ရသွားတယ်။ထိုအစည်းအဝေးကိုကြီးမှုးကျင်းပတဲ့ဗီယမ်နမ်ကမဖိတ်ခဲ့ပေမယ့်တရုတ်ရဲ့တိုက်တွန်းမှုကြောင့်စကားပြောခွင့်ရသွားတာလို့သိရတယ်။ဒါ့အပြင်မနေ့ကလဲစစ်ကောင်စီနဲ့တရုတ်တို့ဟာရခိုင်ပြည်နယ်ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းအတွက်စာချုပ်တွေဆက်လက်ချုပ်ဆိုခဲ့တယ်။ဒါတွေကိုကြည့်ခြင်းအားဖြင့်တရုတ်ဟာမင်းအောင်လှိုင်ကိုမြောက်ပိုင်းသုံးဖွဲ့ကတဆင့်စစ်ရေးနဲ့ဖိအားပေးနေပြီးတဖက်မှာလဲလိုက်လျောမှုတွေပြုလုပ်နေတာကိုတွေ့ရတယ်။တဖက်ကတွေးကြည့်ရင်တော့တရုတ်ကပေးတဲ့လိုက်လျောမှုတွေဟာဘာမှထွေထွေထူးထူးတော့မဟုတ်ပါဘူး။သာမန်ဒေသတွင်းအစည်းအဝေးလေးတစ်ခုကိုအွန်လိုင်းကတက်ခွင့်ရတာရယ်၊တိုက်ပွဲတွေပြင်းထန်နေတဲ့ရခိုင်လိုဒေသမျိုးမှာဘယ်ဆီနေမှန်းမသိတဲ့စီမံကိန်းတစ်ခုအတွက်စာချုပ်ချုပ်တာရယ်ပါ။တရုတ်ရောစစ်ကောင်စီပါနှစ်ဖက်လုံးမှာအစာမကြေမှုတွေရှိနေဆဲပဲ။တရုတ်ကကျားဖြန်းအွန်လိုင်းလောင်းကစားကိစ္စနဲ့သူ့ရဲ့မြန်မာပြည်ထဲကစီမံကိန်းတွေရှေ့ဆက်မရတာနဲ့ပတ်သက်ပြီးမကျေမနပ်ဖြစ်နေသလိုစစ်ကောင်စီကလဲမြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ကိုတရုတ်ကအားပေးနေတယ်လို့ယူဆပြီးနာကြည်းနေတယ်။ဒါပေမယ့်စစ်ကောင်စီအတွက်ရွေးချယ်စရာရှိမနေဘူး။ခုလောလောဆယ်မှာရှမ်းမြောက်ကတိုက်ပွဲတွေအပစ်ရပ်နိုင်ရေးတရုတ်ကိုခြေသလုံးဖက်ပြီးအကူအညီတောင်းနေရတယ်။တရုတ်ကတော့အခုချိန်ထိစစ်ကောင်စီကိုပညာကောင်းကောင်းပေးထားဆဲပဲ။သူတို့နှစ်ဦးရဲ့အကွဲအပြဲကြောင့်တော်လှန်ရေးမှာအမြတ်ထွက်နေတာကိုတွေ့ရတယ်။
အောက်တိုဘာ ၀၆၊ ၂၀၂၄။ (တနင်္ဂနွေ)
ဒီရက်ပိုင်းမှာတော့စစ်ကောင်စီဟာအသက်ရှူချောင်နေပါတယ်။စစ်ရေးပိုင်းမှာတရုတ်ဖိအားကြောင့်မြောက်ပိုင်းထိုးစစ်တွေကြီးကြီးမားမားမလုပ်တော့ပဲရပ်တန့်ထားရတယ်။ဒါ့အပြင်ရေဘေးကြောင့်နိုင်ငံရဲ့နေရာဒေသအနှံအပြားမှာလဲတော်လှန်ရေးထက်ကယ်ဆယ်ရေးကိုဦးစားပေးလုပ်နေရတယ်။ နိုင်ငံရေးပိုင်းမှာတော့စစ်ကောင်စီဟာလောလောဆယ်မှာသန်းခေါင်စာရင်းကိုတွန်းကောက်နေတယ်။ပြီးရင်လာမယ့်နှစ်ဒီအချိန်မှာအတုအယောင်ရွေးကောက်ပွဲတစ်ခုပြန်လုပ်ပေးမယ်လို့လေသံပစ်ထားတယ်။ စီးပွားရေးဘက်မှာလဲတရုတ်ကပေးထားတဲ့ယွမ်ငွေတစ်ဘီလီယံကြောင့်လတ်တလောကြုံတွေ့နေရတဲ့ငွေကြေးအကြပ်အတည်းကစစ်ကောင်စီဟာလွတ်မြောက်သွားတယ်။ဒေါ်လာစျေးတွေသိသိသာသာကျလာတယ်။စက်သုံးဆီပြတ်လတ်မှုတွေမရှိသလောက်ဖြစ်သွားတယ်။ဒါပေမယ့်စစ်ကောင်စီပဲအသက်ရှူချောင်တာပါ။သာမာန်ပြည်သူတွေကတော့အရင်အတိုင်းကုန်စျေးနှုန်းကြီးမြင့်မှုတွေနဲ့စီးပွားရေးအကြပ်အတည်းတွေကိုရင်ဆိုင်နေရဆဲပါပဲ။