စက်သုံးဆီတင်သွင်းမှုနဲ့ပတ်သက်ပြီးစစ်ကောင်စီကမူဝါဒအမျိုးမျိုးပြောင်းလဲနေတဲ့ဂယက်ကြောင့်ပြည်တွင်းမှာစက်သုံးဆီပြတ်လပ်မှုဟာပိုမိုဆိုးရွားလာနေပါတယ်။အရင်ကရန်ကုန်တမြို့ထဲလောက်သာဆီပြတ်လေ့ရှိပြီးအခုတော့မန္တလေး၊နေပြည်တော်အပါအဝင်နိုင်ငံအနှံနေရာဒေသအားလုံးနီးပါးစက်သုံးဆီပြတ်နေပြီ။ရန်ကုန်မှာဆိုအရင်ကဆိုင်သေးတွေလောက်ပဲဆီပြတ်တာဖြစ်ပြီးဆိုင်ကြီးတွေမှာဝယ်ယူလို့ရနေခဲ့သေးတယ်။အခုတော့ဆိုင်ကြီးတွေကိုယ်တိုင်ဆီမရှိတော့ပါဘူး။ဆီဘောက်ဆာကားတွေအကုန်သီလဝါဆိပ်ကမ်းမှာတန်းစီပြီးဆီထုတ်ဖို့စောင့်ဆိုင်းနေရတယ်။ထုတ်လို့ရတဲ့ဆီကလဲမဖြစ်စလောက်ဆိုတော့ဆိုင်တွေကိုအလျင်မှီအောင်ဖြည့်ဆည်းပေးနိုင်ခြင်းမရှိတော့ဘူး။ဒါကြောင့်စက်သုံးဆီအရောင်းဆိုင်တွေအားလုံးမှာဆီထုတ်ဖို့နာရီနဲ့ချီပြီးစောင့်နေရတယ်ယာဉ်တန်းရှည်ကြီးတွေဖြစ်ပေါ်နေတယ်။ထိုကဲ့သို့အချိန်ကုန်ခံစောင့်နေလဲဆီရဖို့ကမသေချာတဲ့အခြေအနေပါ။
အကြောင်းရင်းကတော့စစ်ကောင်စီကဆီဝယ်ဖို့ဒေါ်လာရောင်းမပေးတော့တာကြောင့်ပဲ။ဒါ့အပြင်လုပ်ငန်းရှင်တွေကိုပြင်ပကနေဒေါ်လာဝယ်ခိုင်းပြီးစက်သုံးဆီဈေးကိုတော့လွတ်လပ်စွာသတ်မှတ်ခွင့်မပေးပဲစစ်ကောင်စီကဆက်လက်ထိန်းချုပ်ထားတယ်။ဒါ့ကြောင့်လုပ်ငန်းရှင်တွေအနေနဲ့အရှုံးပေါ်နိုင်တာကြောင့်စက်သုံးဆီမတင်သွင်းတော့ဘူး။ပင်လယ်ဝမှာဆီတင်သင်္ဘောတွေရောက်နေပေမယ့်ဒေါ်လာမရှိလို့ဆိပ်ကမ်းကိုမချနိုင်ဘူး။လက်ကျန်ဆီတွေကိုသာထိန်းရောင်းနေတယ်။သပွတ်အူလိုရှုပ်နေတဲ့ဒီပြသာနာဟာအရင်လိုရက်အနည်းအငယ်အတွင်းပြေလည်သွားလိမ့်မယ်လို့မမြင်ဘူး။ကံမကောင်းရင်ပြည်သူတွေဆီတန်းစီရတဲ့ဒုက္ခကရေရှည်ဖြစ်သွားနိုင်တယ်။
အောက်တိုဘာ ၀၆၊ ၂၀၂၄။ (တနင်္ဂနွေ)
ဒီရက်ပိုင်းမှာတော့စစ်ကောင်စီဟာအသက်ရှူချောင်နေပါတယ်။စစ်ရေးပိုင်းမှာတရုတ်ဖိအားကြောင့်မြောက်ပိုင်းထိုးစစ်တွေကြီးကြီးမားမားမလုပ်တော့ပဲရပ်တန့်ထားရတယ်။ဒါ့အပြင်ရေဘေးကြောင့်နိုင်ငံရဲ့နေရာဒေသအနှံအပြားမှာလဲတော်လှန်ရေးထက်ကယ်ဆယ်ရေးကိုဦးစားပေးလုပ်နေရတယ်။ နိုင်ငံရေးပိုင်းမှာတော့စစ်ကောင်စီဟာလောလောဆယ်မှာသန်းခေါင်စာရင်းကိုတွန်းကောက်နေတယ်။ပြီးရင်လာမယ့်နှစ်ဒီအချိန်မှာအတုအယောင်ရွေးကောက်ပွဲတစ်ခုပြန်လုပ်ပေးမယ်လို့လေသံပစ်ထားတယ်။ စီးပွားရေးဘက်မှာလဲတရုတ်ကပေးထားတဲ့ယွမ်ငွေတစ်ဘီလီယံကြောင့်လတ်တလောကြုံတွေ့နေရတဲ့ငွေကြေးအကြပ်အတည်းကစစ်ကောင်စီဟာလွတ်မြောက်သွားတယ်။ဒေါ်လာစျေးတွေသိသိသာသာကျလာတယ်။စက်သုံးဆီပြတ်လတ်မှုတွေမရှိသလောက်ဖြစ်သွားတယ်။ဒါပေမယ့်စစ်ကောင်စီပဲအသက်ရှူချောင်တာပါ။သာမာန်ပြည်သူတွေကတော့အရင်အတိုင်းကုန်စျေးနှုန်းကြီးမြင့်မှုတွေနဲ့စီးပွားရေးအကြပ်အတည်းတွေကိုရင်ဆိုင်နေရဆဲပါပဲ။