နိုင်ငံခြားငွေလိုနေသည့်စစ်ကောင်စီကပြည်ပရောက်သန်းနှင့်ချီသောအလုပ်သမားများ၊နိုင်ငံသားများထံမှ ငွေညှစ်နိုင်သည့် အခွန်အကောက်ဥပဒေကိုထုတ်ပြန်ပြီ။စစ်ခေါင်းဆောင်က ကမန်းကတမ်း လက်မှတ်ရေးထိုးကာ ပြင်ဆင်လိုက်တဲ့ထို ဥပဒေဟာ တစ်ပတ်အတွင်း အသက်ဝင်မည်ဖြစ်ကာ လာမည့် အောက်တိုဘာလမှ ၂၀၂၄ ခုနှစ် မတ်ကုန်အထိ ၆ လကြာ အကျိုးသက်ရောက်မှာပါ။ ပြည်ပရောက် မြန်မာနိုင်ငံသားများအတွက် ရရှိသော နိုင်ငံခြားငွေအမျိုးအစားဖြင့် စုစုပေါင်းဝင်ငွေ၏ ၁၀ ရာခိုင်နှုန်းကို အခွန်ပေးဆောင်ရမည်ဟုလည်း ဥပဒေကို ပြင်ဆင်ထားတယ်။
ပြည်ပရောက် မြန်မာအလုပ်သမားများ၏ လုပ်ခလစာ ၂၅ ရာခိုင်နှုန်းကို ဘဏ်မှတစ်ဆင့် မဖြစ်မနေ ပြည်တွင်းကို လွှဲရန် ညွှန်ကြားလိုက်ကတည်းက စစ်ကောင်စီ အခွန်ကောက်တော့မည်ကို တွက်ဆထားမိတယ်။အခုတော့တကယ်ဖြစ်လာပြီပေါ့။ စစ်ကောင်စီလက်ထက်တွင် သယံဇာတဝင်ငွေများ ပိတ်ဆို့ခံထားရသလို ပို့ကုန်ကျဆင်းလာခြင်းကြောင်း နိုင်ငံခြားဝင်ငွေ ကျဆင်းလာချိန်တွင်ပြည်ပရောက်အလုပ်သမားများထံမှနိုင်ငံခြားငွေကိုဓားပြတိုက်နေတယ်။အခွန်မရှောင်လို့မရအောင်နိုင်ငံကူးလက်မှတ်သက်တမ်းတိုးခြင်း၊အသစ်ထုတ်ပေးခြင်းတို့ကိုအခွန်ကင်းရှင်းကြောင်း လက်မှတ်မပြနိုင်ပါက နိုင်ငံကူးလက်မှတ် ရုပ်သိမ်းခြင်း၊ အသစ်ထုတ်ပေးရန် ငြင်းဆန်ခြင်း၊ ပြည်ပထွက်ခွာခွင့် ပိတ်ပင်ခြင်းတို့ကိုပြုလုပ်မယ်လို့ဆိုထားတယ်။ပြည်သူကို အကြမ်းဖက်၊ အနိုင်ကျင့်နေသည့်အာဏာသိမ်းစစ်ကောင်စီလက်ထဲအခွန်ငွေရောက်သွားမည်ကို မလိုလားကြသော်လည်း နိုင်ငံကူးလက်မှတ်ဖြင့် ချိတ်ဆက် ထိန်းချုပ်လာရင်တော့မလွယ်ဘူး။ ဒီအစီအစဉ်ဟာ စစ်ကောင်စီအတွက် ဝင်ငွေအများပြားရနိုင်တယ်။