မြန်မာနိုင်ငံနှင့်ဟာ တရုတ်နိုင်ငံနဲ့အတူကမ္ဘာပေါ်မှာ အင်တာနက်လွတ်လပ်ခွင့် အဆိုးဆုံးနိုင်ငံဖြစ်နေကြောင်း နိုင်ငံတကာစစ်တမ်းတစ်ခုက ဖော်ပြလာတယ်။ စစ်တပ် အာဏာသိမ်းကတည်းက အင်တာနက်လိုင်းများကို ကန့်သတ်ထားရာမှာပြည်တွင်း အသုံးပြုနေရတဲ့ အင်တာနက်လိုင်းများဟာ အတော်ကိုဆိုးရွားနေဆဲဖြစ်တယ်။ အဓိကအချက်တွေကတော့အင်တာနက်လိုင်းမြန်နှုန်း လျော့ထားခံရသဖြင့် လိုင်းနှေးကွေးခြင်း၊ VPN ချိတ်ဆက်ရန် မိနစ်များစွာ စောင့်ဆိုင်းရခြင်းတို့ ဖြစ်ပေါ်နေတယ်။ အင်တာနက်ဆက်သွယ်ရေးအပြင် ဖုန်းဒေတာဆက်သွယ်မှု၊ တယ်လီဖုန်းဆက်သွယ်ရေးလိုင်းများကိုပါ ကန့်သတ်ထားပြီး ဖုန်းဒေတာဈေးနှုန်းတွေကလဲ မိုးထိုးနေတယ်။
ပြည်တွင်းမှာ အင်တာနက်လိုင်းဖြတ်တောက်ခံထားရတဲ့ ဒေသအများအပြားရှိနေပြီး အင်တာနက်လိုင်းရတဲ့ဒေသတွေမှာလဲ လွတ်လပ်စွာသုံးစွဲခွင့်မရှိပါဘူး။ အရင်ကဆို ဖုန်းထဲမှာ VPN တွေ့ရင်အဖမ်းခံရတဲ့အထိ အခြေအနေဆိုးခဲ့တယ်။ ဒါ့အပြင် တယ်လီကွန်းဆက်သွယ်ရေးအော်ပရေတာလေးခုလုံး စစ်အုပ်စုရဲ့ထိန်းချုပ်မှုအောက်ရောက်သွားတဲ့အတွက် အင်တာနက်နဲ့ဖုန်းလိုင်းအသုံးပြုသူပြည်သူတွေရဲ့လူံခြုံရေးအတွက် စိုးရိမ်စရာဖြစ်နေတယ်။


