၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုမှ စတင်သည့် ဖရိုဖရဲအခြေအနေသည် မြန်မာတွင် လူငယ်များ ဆုံးရှုံးစေသည်။
လက်နက်ကိုင်ပဋိပက္ခ၊ အလုပ်အကိုင်အခွင့်အလမ်း ဆုံးရှုံးခြင်း၊ လူ့အခွင့်အရေးချိုးဖောက်မှုများ၊ အတင်းအကျပ် စစ်သားစုဆောင်းခြင်း၊ မလုံခြုံမှုနှင့် စီမံခန့်ခွဲမှု မှားယွင်းခြင်းသည် လူငယ်များကို အလုံးအရင်းဖြင့် ပြည်ပသို့ မောင်းထုတ်ပြီး နိုင်ငံ၏ အရေးအပါဆုံး အနာဂတ်ရင်းမြစ်များကို ဆုံးရှုံးစေသည်။
ပထမလှိုင်း
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် စစ်အာဏာသိမ်းပြီးနောက် နိုင်ငံတဝန်းမှ ပြည်သူထောင်ပေါင်းများစွာသည် လမ်းမများသို့ ထွက်လာပြီး ရွေးကောက်ခံ အရပ်သားအစိုးရသို့ အာဏာပြန်လည်လွှဲပြောင်းပေးရန် စစ်အုပ်စုကို တောင်းဆိုကြသည်။ သို့သော် ၎င်းတို့၏ ငြိမ်းချမ်းသောဆန္ဒပြပွဲများသည် စစ်အုပ်စု၏ ရက်စက်ကြမ်းကြုတ်သော ဖြိုခွဲမှုများကို ရင်ဆိုင်ရကာ လူရာပေါင်းများစွာသေဆုံး၊ အပြင်းအထန်ဒဏ်ရာရပြီး အများစုသည် လူငယ်များဖြစ်သည်။
ထောင်ပေါင်းများစွာသော ဆန္ဒပြသူများကို ထောင်များတွင် ဖမ်းဆီးထားပြီး အချို့သည် စစ်အုပ်စု၏ ညှဉ်းပန်းနှိပ်စက်ခြင်းခံရသည်။
လူငယ်ထောင်ပေါင်းများစွာသည် စစ်အုပ်စုကို လက်နက်ကိုင်ဆန့်ကျင်ရန် နေအိမ်များမှ ထွက်ခွာကြပြီး အခြားသူ အများအပြားလည်း လုံခြုံမှုနှင့် ပိုမိုကောင်းမွန်သော အခွင့်အလမ်းရှာရန် နိုင်ငံမှထွက်ခွာကြသည်။
လူငယ်ထောင်ပေါင်းများစွာသည် စစ်အုပ်စုကို လက်နက်ကိုင်ဆန့်ကျင်ရန် နေအိမ်များမှ ထွက်ခွာကြပြီး အခြားသူ အများအပြားလည်း လုံခြုံမှုနှင့် ပိုမိုကောင်းမွန်သော အခွင့်အလမ်းရှာရန် နိုင်ငံမှထွက်ခွာကြသည်။
“စစ်အာဏာမသိမ်းခင်တုန်းက လူငယ်တွေ အများကြီးရှိတယ်။ အခု ကျနော့်အရွယ်လူငယ်တွေကို လမ်းမတွေမှာ မတွေ့ရတော့ဘူး” ဟု အတင်းအကျပ် စစ်သားစုဆောင်းမှုကိုရှောင်ရန် ၂၀၂၄ ခုနှစ်က ရန်ကုန်မှ ထိုင်းနိုင်ငံ၊ ဘန်ကောက်သို့ ထွက်ပြေးလာသည့် အသက် ၂၆ နှစ်အရွယ် လူငယ်တဦးက ပြောသည်။
စစ်အုပ်စုသည် စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး စုဝေးမှုများကို ပိတ်ဆို့ရန် အင်တာနက်အသုံးပြုမှု ဖြတ်တောက်ပြီး အွန်လိုင်းဝန်ဆောင်မှုများကို မှီခိုသည့် စီးပွားရေးလုပ်ငန်းများကို ပြတ်တောက်အောင်လုပ်ကာ ဘဏ်လုပ်ငန်းများကို အပြင်းအထန် ထိခိုက်စေသည်။
ပြည်သူများသည် အေတီအမ် ငွေထုတ်စက်မှ ငွေထုတ်မရသည့်အချိန်တခု ကြုံတွေ့ရပြီး ဘဏ်များမှငွေများကို အလုအယက် ထုတ်ယူကာ စီးပွားရေးသည် မကြာမီ ထိုးစိုက်ဆင်းသည်။
ပြည်တွင်းမှ အခက်အခဲများကြောင့် လူအများအပြား၊ အထူးသဖြင့် လူငယ်များသည် ပြည်ပတွင် အလုပ်အကိုင်နှင့် ပိုမိုကောင်းမွန်သော အခွင့်အလမ်းများ ရှာကြရသည်။
ယခုအခါ လူငယ်အများအပြားသည် ဂျပန် သို့မဟုတ် တောင်ကိုရီးယားတွင် အလုပ်လုပ်ရန်၊ အဓိကအားဖြင့် စိုက်ပျိုးရေးလုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်းနှင့် ဝန်ဆောင်မှုလုပ်ငန်းများတွင် အလုပ်လုပ်ရန် မျှော်လင့်နေကြသည်။
စစ်အာဏာသိမ်းပြီး နောက်နှစ်များတွင် နှစ်စဉ်လူငယ် ၃ သောင်းခွဲခန့်သည် တောင်ကိုရီးယားတွင် အလုပ်လုပ်ရန် EPS-TOPIK စာမေးပွဲ ဖြေကြသည်။ သို့သော် အတင်းအကျပ် စစ်မှုထမ်းသည့်ဥပဒေကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလတွင် စတင် အသက်သွင်းပြီးနောက် ထိုအရေအတွက်သည် ၁ သိန်းကျော်အထိ မြင့်တက်သွားကြောင်း စစ်အုပ်စု အလုပ်သမားဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။
သို့သော် အကြီးမားဆုံးပမာဏသည် အလုပ်လုပ်ရန် ထိုင်းနိုင်ငံသို့ ထွက်ပြေးကြသည်။ ယခုအခါ ထိုင်းနယ်စပ်ဒေသများမှ ကျောင်းတိုင်းတွင် မြန်မာကျောင်းသားများ ရှိနေသည်ဟု ထိုင်းနိုင်ငံမှ အလုပ်သမားအခွင့်အရေး တက်ကြွလှုပ်ရှားသူ ကိုသားကျော်က ပြောသည်။
ပြည်တွင်းတွင် လူငယ်အများအပြားသည် မြို့ပြဒေသများမှ တော်လှန်ရေးတွင် မြေအောက်အခန်းကဏ္ဍမှ ပါဝင်ကြပြီး စစ်ကော်မရှင်က ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်ကဲ့သို့သော မြို့ကြီးများတွင် အခိုင်အမာ ကင်းစခန်းများနှင့် စစ်ဆေးရေးဂိတ်များ တည်ဆောက်ကာ လုံခြုံရေးတင်းကျပ်ထားရသည်။
ရဲနှင့် စစ်သားများသည် လမ်းသွားလမ်းလာများ၏ အိတ်များ၊ ပိုက်ဆံအိတ်များ၊ စမတ်ဖုန်းများ၊ လူမှုကွန်ရက်ပို့စ်များနှင့် ဆက်သွယ်မှုများကို စစ်ဆေးပြီး သံသယဖြစ်စရာ တွေ့ပါက ပြည်သူများထံမှ ငွေညှစ်ခြင်း၊ ဖမ်းဆီးခြင်းများ လုပ်ကြသည်။ ထိုသို့ ရန်လိုသော အခြေအနေသည် လူငယ်အများအပြားကို ထွက်ခွာသွားအောင် ပြုလုပ်နေသည်။
ရဲနှင့် စစ်သားများသည် လမ်းသွားလမ်းလာများ၏ အိတ်များ၊ ပိုက်ဆံအိတ်များ၊ စမတ်ဖုန်းများ၊ လူမှုကွန်ရက်ပို့စ်များနှင့် ဆက်သွယ်မှုများကို စစ်ဆေးပြီး သံသယဖြစ်စရာ တွေ့ပါက ပြည်သူများထံမှ ငွေညှစ်ခြင်း၊ ဖမ်းဆီးခြင်းများ လုပ်ကြသည်။ ထိုသို့ ရန်လိုသော အခြေအနေသည် လူငယ်အများအပြားကို ထွက်ခွာသွားအောင် ပြုလုပ်နေသည်။
ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် (UNDP) ၏ လွန်ခဲ့သောနှစ်က မြန်မာလူငယ်စစ်တမ်းအရ မြန်မာတွင် ကျန်ရစ်သော လူငယ်များ၏ ၂၅.၁ ရာခိုင်နှုန်းသည် ဂျပန်သို့ ပြောင်းရွှေ့လိုပြီး ၁၇.၆ ရာခိုင်နှုန်းက ထိုင်းသို့ ပြောင်းရွှေ့လိုကာ ၁၇.၁ ရာခိုင်နှုန်းက တောင်ကိုရီးယားသို့ သွားရောက်လိုသလို ကျန်သူများက စင်ကာပူ၊ အမေရိကန် ပြည်ထောင်စု၊ မလေးရှား၊ ဥရောပ၊ အာရပ်စော်ဘွားများနိုင်ငံ၊ တရုတ်၊ သြစတြေးလျနှင့် အခြားနိုင်ငံများသို့ သွားရောက်လိုသည်ဟု သိရသည်။
အဆင့်မြင့်ပညာ တတ်မြောက်သူ ၅၃ ရာခိုင်နှုန်းသည် ပြည်ပသို့ ပြောင်းရွှေ့လိုပြီး ဦးနှောက်ယိုစီးမှုအတွက် အပြင်းအထန် စိတ်ပူစရာ ဖြစ်နေသည်။
ဒုတိယလှိုင်း
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလတွင် စစ်ကော်မရှင်သည် အတင်းအကျပ် စစ်သားစုဆောင်းသည့် ဥပဒေကို စတင်အကောင်အထည်ဖော်ပြီး အသက် ၁၈ နှစ်မှ ၃၅ နှစ်ကြား အမျိုးသားများနှင့် အသက် ၁၈ နှစ်မှ ၂၇ နှစ်ကြား အမျိုးသမီးများကို အတင်းအကျပ် နှစ်နှစ် စစ်မှုထမ်းစေသည်။
ထိုသို့လုပ်ခြင်းကြောင့် လူငယ်များ အလုံးအရင်း ထွက်ပြေးကြပြီး လစဉ် လူငယ်ထောင်ပေါင်းများစွာ နိုင်ငံမှထွက်ပြေးကြကာ အခြားလူငယ် အများအပြားသည် လက်နက်ကိုင်တော်လှန်ရေးတွင် ပူးပေါင်းပါဝင်ကြသည်။
လူငယ်များ နိုင်ငံမှထွက်ခွာခြင်းကို တားဆီးရန် စစ်တပ်က အသက် ၂၃ နှစ်မှ ၃၁ နှစ်ကြား လူငယ်များ ပြည်ပသို့ သွားရောက် အလုပ်လုပ်ခြင်းကို တားဆီးပိတ်ပင်ကာ အသက် ၁၈ နှစ်မှ ၃၅ နှစ်ကြား ခရီးသွားမျာကို လေဆိပ်တွင် တားဆီးသည်။ သို့သော် ထောင်ပေါင်းများစွာသည် မလုံခြုံသော နယ်စပ်မှ ထွက်ပြေးလွတ်မြောက်ကြသည်။
ပြင်းထန်သော စစ်သားမလုံလောက်မှုကို ကိုင်တွယ်ဖြေရှင်းရန် စစ်တပ်သည် ရန်ကုန်နှင့် မန္တလေးကဲ့သို့ အဓိက မြို့ကြီးများတွင်ပင် လမ်းမများ၊ ဘတ်စ်ကားများ၊ နေအိမ်များမှ ကျန်းမာသန်စွမ်းသော လူငယ်များကို ဖမ်းဆီးခေါ်ဆောင်နေသည်။
စစ်တပ်၏ စာရင်းအရ လွန်ခဲ့သော တနှစ်ခွဲကာလအတွင်း လူ ၇၅,၀၀၀ ခန့်ကို စစ်သင်တန်း အပတ်စဉ် ၁၅ ခုတွင် အတင်းအကျပ် စစ်သားစုဆောင်းခဲ့သည်။ ထိုသူများအနက် ၆၀ ရာခိုင်နှုန်းခန့်သည် အတင်းအကျပ် စစ်သားစုဆောင်းခံရသူများဖြစ်ပြီး ၃၀ ရာခိုင်နှုန်းသည် မဲနှိုက်ခြင်း သို့မဟုတ် အခကြေးငွေယူပြီး လူစားထိုးထားသူများဖြစ်ကြောင်း အာဏာဖီဆန်ရေး လူထုလှုပ်ရှားမှု (CDM) တွင် ပါဝင်သည့် စစ်သားဟောင်းများ ထူထောင်ထားသော မြန်မာ့စစ်ဘက်ရေးရာနှင့် လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့ (MDSI) ၏ စာရင်းအရ သိရသည်။
တော်လှန်ရေးတွင် ပါဝင်နေသည့် လူငယ်များကို တိုက်ခိုက်ရန်အတွက် အတင်းအကျပ် စစ်သားစုဆောင်းထားသူများကို ရှေ့တန်းစစ်မျက်နှာများသို့ ပို့သည်။
“အတင်းအကျပ် စစ်သားစုဆောင်းမှုကို တိမ်းရှောင်ဖို့ ကျနော့်ရဲ့ အသက် ၂၁ နှစ်အရွယ်တူက မလေးရှားမှာအလုပ်ရှာဖို့ တရားမဝင် ထွက်ခွာသွားတယ်။ နောက်ထပ် အသက် ၂၀ အရွယ်တူက စစ်သားစုဆောင်းမခံရအောင် ထိုင်းမှာ ပညာသင်ဖို့သွားတယ်” ဟု ရန်ကုန်ဒေသခံတဦးက ဧရာဝတီသတင်းဌာနသို့ ပြောသည်။
အိမ်နီးချင်း မိသားစုတခုမှ စစ်သားစုဆောင်းသည့် အသက်အရွယ်ရှိ သားသည်လည်း ထိုင်း နိုင်ငံသို့ ရွှေ့ပြောင်းသွားပြီး အသက် ၂၂ နှစ်အရွယ် အသိလူငယ်သည် ကရင်ပြည်နယ်မှ တော်လှန်ရေးအင်အားစုများနှင့် သွားရောက်ပူးပေါင်းသည်။
လုပ်အား မလုံလောက်
“စစ်မှုထမ်းဥပဒေ စတင်ကျင့်သုံးပြီးနောက် ကျနော့်စက်ရုံမှာ ဘယ်လူငယ်ကိုမှ မတွေ့တော့ဘူး။ စစ်သားစုဆောင်းတာကို ရှောင်ဖို့ နိုင်ငံခြားကို ထွက်ပြေးကြတယ်” ဟု ရန်ကုန်ရှိ အထည်ချုပ်စက်ရုံ အကြီးအကဲတဦးက ပြောသည်။
“ကျနော်တို့က အသက် ၁၈ နှစ်နဲ့ ၃၀ ကြားလူငယ်တွေကို လစာကောင်းကောင်းပေးပေမဲ့ သူတို့က ခဏပဲလုပ်ပြီး နိုင်ငံခြားကို ထွက်သွားကြတယ်” ဟု ၎င်းကပြောသည်။
“ရန်ကုန်က ဆိုင်အများအပြားက အလုပ်နေရာ လစ်လပ်ကြောင်း ကြေညာထားတယ်။ အဲဒါက ရှင်းလင်းတဲ့ လက္ခဏာပဲ” ဟု ရန်ကုန်တွင်နေသည့် ကိုသန့်ဇင်က ပြောသည်။
“အတင်းအကျပ် စစ်သားစုဆောင်းတဲ့ဥပဒေ စတင်သက်ဝင်ပြီးနောက် ကျနော့်ကားကို ပြင်နေကျဝပ်ရှော့မှာ လုပ်သား မလုံလောက်မှု အကြီးအကျယ်ဖြစ်နေတယ်။ အလုပ်သမားအများအပြားက စစ်သားစုဆောင်းတာကို ရှောင်ဖို့ အလုပ်က ထွက်သွားပြီး တချို့က လစာပိုကောင်းတဲ့အလုပ်ကို ပြောင်းသွားကြတယ်။ စက်ပြင်ဆရာတွေ လုံးဝမရှိတော့လို့ ကားကို မပြင်ဘဲ အိမ်ကို ပြန်ရတယ်” ဟု ကိုသန့်ဇင်က ဆက်ပြောသည်။
ယခုနှစ် အလုပ်သမားနေ့က စာတစောင်တွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က လူအများအပြား နိုင်ငံမှထွက်ခွာသောကြောင့် လုပ်အားမလုံမလောက် ဖြစ်နေကြောင်း ဝန်ခံသည်။
ယခုနှစ် အလုပ်သမားနေ့က စာတစောင်တွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က လူအများအပြား နိုင်ငံမှထွက်ခွာသောကြောင့် လုပ်အားမလုံမလောက် ဖြစ်နေကြောင်း ဝန်ခံသည်။
ဧရာဝတီတိုင်း၊ လပွတ္တာမြို့နယ်မှ လယ်သမားတဦးက “ကျနော်တို့ ဒီနှစ် လုပ်သားထက်ဝက် ဆုံးရှုံးသွားတယ်။ စစ်မှုထမ်းဥပဒေ ဒါမှမဟုတ် အခြားအကြောင်းတွေကြောင့်လည်း ဖြစ်နိုင်တယ်။ လူငယ်အများစုက ဒီမှာ မရှိတော့ဘူးဆိုတာပဲ ပြောလို့ရတယ်” ဟု ပြောသည်။
ထို့ကြောင့် လယ်ယာလုပ်ငန်းသည် အချိန် နှစ်ဆကုန်ပြီး သီးနှံထွက်လျော့ကျမည့် သဘောရှိသည်။
ရန်ကုန်တွင် အခြေအနေ အလွန်ဆိုးရွားနေသောကြောင့် သာမန် ပြည်သူများသည် စစ်မှုထမ်းဥပဒေနှင့် အခြားလုံခြုံရေးကို စိုးရိမ်ပြီး ည ၇ နာရီနောက်ပိုင်းတွင် အိမ်အပြင်သို့ မထွက်ကြတော့ကြောင်း အသက် ၃၁ နှစ်အရွယ် ရုံးဝန်ထမ်းအမျိုးသမီးတဦးက ပြောသည်။
“မိသားစုတိုင်းက သူတို့အိမ်သားတွေ ဘေးကင်းစွာ အိမ်ပြန်ရောက်ဖို့ ဆုတောင်းနေရတယ်” ဟု ၎င်းကပြောသည်။
သို့သော် ရန်ကုန်ရှိ ဘားများနှင့် ညကလပ်များတွင် ချမ်းသာကြွယ်ဝသူများ၊ အဆက်အသွယ်ကောင်းသူများနှင့် ပြည့်ကျပ်နေသည်။
မျှော်လင့်ချက် အနည်းငယ်ရှိသည်။ နိုင်ငံမှ ထွက်ခွာလိုသူများအနက် ၉၀ ရာခိုင်နှုန်းသည် နိုင်ငံရေးနှင့် စီးပွားရေးအခြေအနေ တည်ငြိမ်သောအခါ ပြန်လာလိုကြောင်း UNDP စစ်တမ်းက ဖော်ပြသည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ မျိုးပြည့်၏ Myanmar: A Country Without Youth ကို ဘာသာပြန်သည်။)


