ထိုင်း-မြန်မာနယ်စပ်မှတဆင့် ထိုင်းနိုင်ငံသို့ တရားမဝင်ဝင်ရောက်လာသည့် မြန်မာရွှေ့ပြောင်းများမှာ ယခုရက်ပိုင်းအတွင်း နေ့စဉ်နီးပါး ရာနှင့်ချီ၍ ဖမ်းဆီးခြင်း ခံနေရတယ်။ ပြီးခဲ့တဲ့နှစ်ရက်အတွင်းမှာပဲ ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် မြန်မာလုပ်သား ၂၅၁ ဦး မှာ ထိုင်းအာဏာပိုင်များ၏ ဖမ်းဆီးခြင်းကို ခံခဲ့တယ်။
ထိုင်းအစိုးရဟာ အောက်တိုဘာ ၁၅ ရက်နေ့မှ စတင်ကာ အထောက်အထားမဲ့ ရွှေ့ပြောင်းအလုပ် သမားများအတွက် တရားဝင်အလုပ်လုပ်ခွင့် ပန်းရောင်ကတ်လုပ်ပေးမည်ဟု ကြိုတင်ကြေညာခဲ့ သော်လည်း အောက်တိုဘာ ၁၆ ရက်နေ့တွင် အဆိုပါလုပ်ငန်းစဉ်ကို ယာယီရပ်ဆိုင်းကြောင်း ထုတ်ပြန်ခဲ့သည့်အတွက် မြန်မာအလုပ်သမားများ၏ ဘတ်ငွေ သန်းချီ ဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့တယ်။ ထိုပန်းရောင်ကတ်အတွက် ပွဲစားတွေကို ပိုက်ဆံကြိုပေးထားတဲ့သူတွေ ထိုင်းထဲကို ဝင်လာတဲ့ မြန်မာတွေ အများကြီးပါပဲ။ တစ်ဖက်မှာလဲမြန်မာပြည်ထဲမှာ မင်းအောင်လှိုင်ကိုကြောက်လို့ စစ်မှုထမ်း ရှောင်ချင်တဲ့ လူငယ်လူရွယ်တွေက အနီးစပ်ဆုံး ထိုင်းနိုင်ငံထဲကို ပြေးလာကြတာ များတယ်။ အဲ့ဒါကြောင့် အခု ဖမ်းဆီးခံရမှုတွေ ဆက်တိုက်ဖြစ်နေတာပါ။ အရင်တုန်းကဖမ်းဆီးခံရတာတွေရှိပေမယ့် လေးငါးရက်တစ်ခါ၊ တစ်ပတ်၊ တစ်လ တစ်ခါမှလောက်ပါပဲ။ အခုတော့ နေ့စဉ်နီးပါးကို တစ်နေရာထဲတောင်မဟုတ်ဘဲ နေရာစုံမှာ ဖမ်းဆီးခံရတာတွေ ဖြစ်နေတာဖြစ်တယ်။
ထိုင်းနိုင်ငံကိုနယ်စပ်လမ်းကြောင်းမှ ဝင်ရောက်လာတဲ့မြန်မာနိုင်ငံသားအများစုသည် သိန်းဆယ်ချီ ကုန်ကျခံခဲ့ကြရတယ်။ ထိုင်းဘက်တွင် ဖမ်းဆီးခြင်းခံရပါက ငွေဆုံးရှုံးမှုအပြင် ပြည်တွင်းသို့ပြန်လည်ပို့ ဆောင်ခြင်းခံရပါက စစ်ကော်မရှင်၏ အဆင်သင့်စောင့်ဆိုင်းကာ တပ်သားသစ်အဖြစ် စုဆောင်းခြင်း ခံရဦးမှာပါ။ ထိုင်းနိုင်ငံမှာ အဖမ်းခံလိုက်ရတဲ့ပြည်သူတွေရဲ့ အခြေအနေဟာအလွန်ဆိုးရွားလှပါတယ်။


