နိုင်ငံ၏ အနောက်မြောက်ပိုင်း တော်လှန်ရေးစိုးမိုးနယ်မြေများပြားသည့် စစ်ကိုင်းတိုင်းအတွင်းမှာလဲ စစ်တပ်က အင်အားအလုံးအရင်း သုံးကာ မြို့နယ် ၁၀ ခုထက်မနည်းကို တပြိုင်နက် စစ်ကြောင်းထိုးနေပါတယ်။ စစ်တပ်က ဇူလိုင်လကုန်မှ ယခုလပထမပတ်အတွင်း စစ်ကိုင်းတိုင်းအတွင်းမှ ကလေး၊ တမူး၊ ပုလဲ၊ စစ်ကိုင်း၊ မုံရွာ၊ ချောင်းဦး၊ အရာတော်၊ ဝက်လက်၊ ကန့်ဘလူ၊ တန့်ဆည် ၊ ရေဦးနှင့် ရွှေဘိုမြို့နယ် များတွင် ဖြန့်ကျက် စစ်ကြောင်းထိုးနေတာဖြစ်တယ်။ အခု စစ်ကြောင်းထိုးတာတွေကို ကြည့်ရင် ကလေး-တမူးဘက် ကနေ ပုလဲဘက်နဲ့ ချင်းတွင်း အရှေ့ဘက်ခြမ်းဒေသတွေများတယ်။ နေရာတော်တော်များများမှာ ရက်တွေ တစ်ထပ်တည်းလို အချိန်ကိုက် ထိုးတာမျိုးဖြစ်ပြီး တော်လှန်ရေးတပ်တွေကို ဖိအားပေးနေတာပါ။
လတ်တလောမှာတော့ တော်လှန်ရေးပူးပေါင်းတပ်တွေသိမ်းပိုက်ထားတဲ့ ပုလဲမြို့နယ်ကန်ဒေါင့်ရဲစခန်းအနီးမှာတိုက်ပွဲတွေပြင်းထန်နေတယ်။ စစ်တပ်က ကန့်ဒေါင့်အနီး တမိုင်ခန့်အကွာအထိ ရောက်ရှိလာနေပြီလို့သိရတယ်။ ထိတွေ့တိုက်ပွဲများပြင်းထန်သည့်အတွက် အနီးအနားရှိကျေးရွာ ၂၀ ဝန်းကျင်ခန့်မှာ စစ်ရှောင်နေရတယ်။
မုံရွာမြို့မှာ အခြေစိုက်ထားသော စစ်တပ် စစ်ကြောင်းတစ်ခုဟာလဲ မုံရွာမြို့အရှေ့ဘက်ကျေးရွာများသို့ စစ်ကြောင်းထိုးနေတယ်။ စစ်တပ်ဟာ စစ်ကိုင်းတိုင်းထဲကအခြားဒေသတွေကိုလဲ အင်အားထောင်ချီသုံးပြီး စစ်ကြောင်းထိုးဖို့ပြင်ဆင်နေတယ်လို့လဲ သတင်းတွေထွက်နေတယ်။