ယခုနှစ်ကုန် ကျင်းပမည့် စစ်ကောင်စီ၏ ရွေးကောက်ပွဲမှာ နိုင်ငံရေးအရ စိန်ခေါ်ချက်များရှိနေသလို လုံခြုံရေးဆိုင်ရာ အခက်အခဲများကြောင့် ရွေးကောက်ပွဲကို ကာကွယ်စောင့်ရှောက်သည့် အထူးဥပဒေပြဋ္ဌာန်းရန် စီစဉ်နေ ကြောင်းသိရ သည်။
စစ်ခေါင်းဆောင်နှင့် တွေ့ဆုံချိန် နိုင်ငံရေးပါတီများဘက်မှ ထိုဥပဒေပြဋ္ဌာန်းပေးရန် တောင်းဆိုခဲ့ကြခြင်းဖြစ်ပြီး လာမည့် ဒီဇင်ဘာ ရွေးကောက်ပွဲမတိုင်မီ လုပ်ဆောင်နေကြောင်း နိုင်ငံရေးပါတီများထံမှ သိရသည်။
လက်ရှိနိုင်ငံတွင်း ကြုံနေရသည့် နိုင်ငံရေးအပြောင်းအလဲနှင့် ပဋိပက္ခများကြောင့် ရွေးကောက်ပွဲကျင်းပရန် စိန်ခေါ်မှုများ ရှိနေပြီး လွှတ်တော်ကိုယ်စားလှယ်များနှင့် မဲပေးကြမည့် ပြည်သူအတွက်လည်း လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုများမြင့်မား နေဆဲဖြစ်၍ ရွေးကောက်ပွဲအား ကာကွယ်စောင့်ရှောက်သည့် ဥပဒေပြဋ္ဌာန်းရန် လိုအပ်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် ပါတီများက ဆိုသည်။
ဒီမိုကရက်တစ်ပါတီ ဒုဥက္ကဋ္ဌ ဦးတင့်ဆွေက “ဥပဒေရှိထားတော့ ပိုကောင်းတာပေါ့။ ဥပဒေရှိရင် အသက်ဝင်ဖို့က ရဲတို့ အုပ်ချုပ်ရေးပိုင်းက အကောင်အထည်ဖော်ရမှာပေါ့။ ရွေးကောက်ပွဲကတော့ အမြဲတမ်း စိန်ခေါ်မှုရှိတာ သဘာဝပဲ။ စိန်ခေါ်မှု ထဲကနေ စိန်ခေါ်မှုဖြစ်သွားတာက မြန်မာပြည်က ရိုးရိုးစိန်ခေါ်မှုမဟုတ်တော့ဘူး။ နစက ကဖွဲ့စည်းပုံအရ အာဏာသိမ်းတဲ့ အစိုးရဖြစ်တော့ ပိုပြီးတော့ စိန်ခေါ်မှုက ကြီးမားတာပေါ့။ သူတို့က တဦးချင်း လုံခြုံရေးကို မဖန်တီးပေးနိုင်ဘူးဆိုတော့ ကိုယ့် ကံကြမ္မာကိုယ်ဖန်တီးနေရတာ” ဟု ပြောသည်။
အရေးပေါ်ကာလအဖြစ် သတ်မှတ်ထားသည့် ၆ လသက်တမ်းတိုးခြင်းမှာ လာမည့် ဩဂုတ်လ (၁)ရက်တွင် ပြည့်မည်ဖြစ်၍ ထိုအချိန်မတိုင်မီ ရွေးကောက်ပွဲ ကာကွယ်စောင့်ရှောက်သည့် အထူးဥပဒေ ပြဋ္ဌာန်းလာနိုင်ကြောင်း ရခိုင်ဦးဆောင်ပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က စစ်ကောင်စီ၏ မီဒီယာများသို့ သုံးသပ် ပြောဆိုထားသည်။

ရွေးကောက်ပွဲစောင့်ကြည့် လေ့လာသူတဦးက “အဓိကကတော့ ကာကွယ်ပေးဖို့ထက် ဖိနှိပ်ဖို့ကို ဦးတည်တဲ့ ဥပဒေဖြစ် တယ်။ အရေးယူ အပြစ်ပေးမှုတွေ ပိုကဲတဲ့ ဥပဒေဖြစ်လိမ့်မယ်။ ဖြစ်နိုင်ချေရှိတာတော့ ရွေးကောက်ပွဲ ဝင်ပြိုင်မယ့်ပါတီတွေ နဲ့ ကိုယ်စားလှယ်လောင်းတွေကို မက်လုံးပေးတာတွေလည်း ပါကောင်းပါနိုင်တယ်။ အထူးသဖြင့် နိုင်ငံရေးပါတီတွေ လက်နက်ကိုင်ဆောင်ခွင့်ဆိုတာမျိုးတွေ ထည့်ကောင်းထည့်လာနိုင်တယ်။ နိုင်ငံရေးပါတီတွေရဲ့ လုံခြုံရေးကို အာမခံတယ် ဆိုတာလည်း ထည့်ရေးကောင်းရေးနိုင်တယ်။ ဒီလူတွေကိုကာကွယ်ပေးတဲ့ ဥပဒေတွေ ပါ ကောင်းပါနိုင်တယ်” ဟု ပြောသည်။
ယင်းသို့ ရွေးကောက်ပွဲအား အကာအကွယ်ပေးရသည့်ဥပဒေမျိုးကို နိုင်ငံတကာတွင်လည်း ကျင့်သုံးသည်ဟု မကြားဖူး ကြောင်း၊ ရွေးကောက်ပွဲကို အစစ်အမှန်လုပ်ပါက ဥပဒေဖြင့် ကာကွယ်ပေးစရာ မလိုကြောင်း ၎င်းက ဆိုသည်။
သို့သော် စစ်အစိုးရအုပ်ချုပ်သည့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ဦးဆောင်သော အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ (နအဖ) လက်ထက်တွင်လည်း အမျိုးသားညီလာခံကိုအကာအကွယ်ပေးသည့် ဥပဒေတရပ် ပြဋ္ဌာန်းခဲ့ပြီး အဆိုဥပဒေနှင့် နိုင်ငံရေးသမားများ၊ စစ်တပ်ဆန့်ကျင်သူများကို အရေးယူ၊ ထောင်ချခဲ့သည့် ဖြစ်စဉ်များရှိခဲ့ကြောင်းလည်း နိုင်ငံရေးလေ့လာ သုံးသပ်သူများက ပြောသည်။
စစ်ကောင်စီသည် လာမည့် ဒီဇင်ဘာလတွင် မြို့နယ် ၂၆၇ မြို့နယ်၌ အပိုင်းလိုက်ခွဲ၍ ရွေးကောက်ပွဲကျင်းပရန် စီစဉ်ထားပြီး လွတ်လပ်တရားမျှတသည့် ရွေးကောက်ပွဲ တရပ်ဖြစ်ရမည်ဟု ကြွေးကြော်ထားသော်လည်း လက်ရှိတိုင် ရွေးကောက်ပွဲ အတွက် လိုအပ်သည့် နည်းဥပဒေ၊စည်းမျဉ်း၊ စည်းကမ်းများ ထုတ်ပြန်နိုင်ခြင်း မရှိသေးပေ။
ဒီဇင်ဘာရွေးကောက်ပွဲတွင် ယှဉ်ပြိုင်ရန် စစ်ကောင်စီ ရွေးကောက်ပွဲကော်မရှင်ထံ မှတ်ပုံတင်ထားသည့် ပါတီ ၇၇ ပါတီ အနက် လက်ရှိအချိန်အထိ ၅၄ ပါတီကို ခွင့်ပြုထားပြီး ၉ ပါတီက တနိုင်ငံလုံးနှင့် ၄၅ ပါတီမှာ အချို့သော ပြည်နယ်နှင့် တိုင်းများ၌ ယှဉ်ပြိုင်မည်ဖြစ်သည်။
စစ်ရေး၊နိုင်ငံရေး၊စီးပွားရေးနှင့် နိုင်ငံတကာဖိအားများရှိနေသောစစ်ကောင်စီသည် ထွက်ပေါက်အဖြစ် အသုံးချနိုင်မည့် ရွေးကောက်ပွဲအား မဖြစ်မနေ ကျင်းပသွားမည်ဖြစ်ကာ ကုလသမဂ္ဂအပါအဝင် အနောက်နိုင်ငံများက စစ်ကောင်စီ ရွေးကောက်ပွဲကို လက်ခံမည်မဟုတ်ဟု ပြောဆိုထားသလို အမျိုးသားညီညွတ်ရေးအစိုးရအပါအဝင် ဒီမိုကရေစီရေးလှုပ်ရှားသူများ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများကလည်း ဆန့်ကျင် သပိတ်မှောက်ထားသည်။