အာဏာသိမ်း စစ်ကောင်စီက ဆေးရုံဆေးခန်းတွေကိုပါ တိုက်လေယာဉ်နဲ့ ဗုံးကြဲနေတာကြောင့် ပြည်သူကို ဆေးဝါးကုသပေးနိုင်ရေး မြေအောက်ဆေးရုံတွေ စတင် ဆောက်လုပ်နေပြီလို့ NUG က ပြောလာတယ်။ NUG အနေနဲ့ မြေအောက် ဆေးရုံ ခုနှစ်ရုံ ဒါမှမဟုတ် ရှစ်ရုံအထိ ဆောက်လုပ်နိုင်ဖို့ လျာထား ဆောင်ရွက်နေပြီး လက်ရှိမှာ ဆေးရုံ နှစ်ခု စတင် ဆောက်လုပ်နေတယ်လို့သိရတယ်။
မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်အုပ်စုဟာ မြေပြင်စစ်ပွဲတွေမှာ ရှုံးနိမ့်တိုင်း နိုင်ငံတဝန်း လေကြောင်း ဗုံးကြဲနေတာ ဖြစ်ပြီး ဆေးရုံတွေ၊ ဆေးပေးခန်းတွေကိုပါ ပစ်မှတ်ထားပြီး ဗုံးကြဲတိုက်ခိုက်နေတယ်လို့ NUG က ထုတ်ပြန်ထားပါတယ်။ ဆေးရုံတွေဆောက်ဖို့လဲ NUG က Safe Hospital , Safe Healthcare ကမ်ပိန်းကို ပြုလုပ်ခဲ့တယ်။ ထိုကမ်ပိန်းကနေ အမေရိကန် ဒေါ်လာ လေးသိန်း ရရှိဖို့ မျှော်မှန်းထားခဲ့ပေမယ့် ပြည်သူတွေရဲ့ ပါဝင် ထောက်ပံ့မှုတွေကြောင့် ဒေါ်လာ ခြောက်သိန်းကျော် အထိ ကျော်လွန်ပြီး ရရှိခဲ့တယ်။ တကယ်ဖြစ်လာမယ်ဆိုရင်တော့ ပြည်သူတွေအတွက်ကောင်းမွန်တဲ့ အစီအစဥ်တစ်ခုပဲ။