မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ် ၇မိုင်ကျေးရွာအနီး စစ်စခန်းတွေထဲ လနဲ့ချီကြာ ခိုအောင်းနေရတဲ့ စစ်အုပ်စုက လေကြောင်းအားကိုးနဲ့ ဖောက်ထွက် လာပါတယ်။ ဇွန်လ ၂၇ရက်က စလို့ သပိတ်ကျင်းနယ် ၇မိုင်ရွာ တဝိုက်မှာ တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားနေပြီး စစ်အုပ်စုက နေ့စဉ်ရက်ဆက် လေကြောင်းဗုံးကြဲလို့ စစ်ဘေးရှောင်ပြည်သူတွေ နေရာရွှေ့ပြောင်း ထွက်ပြေးနေရတယ်။ လက်ရှိမှာ စစ်အုပ်စုက သပိတ်ကျင်းမြို့နဲ့ ၇မိုင်ရွာကြားရှိ ကျေးရွာတွေကို စီးနင်းကာ မီးရှို့ ဖျက်ဆီးနေတယ်။
သပိတ်ကျင်းမြို့ အပါအဝင် သပိတ်ကျင်းနယ်ထဲက စစ်အုပ်စု အခြေစိုက်စခန်း အများအပြားကို တော်လှန်ရေးအင်အားစုတွေက ၂၀၂၄ နှစ်လည်ပိုင်းကတည်းက သိမ်းယူနိုင်ခဲ့ပေမယ့် ၇မိုင်ရွာနဲ့ တွင်းငယ်ရွာ အနီးတဝိုက်ရှိ စစ်ကောင်စီစခန်းတွေကိုသိမ်းယူဖို့ ကျန်နေသေးတယ်။ ထို လက်ကျန် စစ်စခန်းတွေကို သိမ်းယူဖို့ တော်လှန်ရေးတပ်တွေ ဝန်းရံ ပိတ်ဆို့ထားတာ တစ်နှစ်နီးပါး ကြာမြင့်နေပြီဖြစ်ပြီး လက်ရှိမှာတော့ စစ်အုပ်စုက လေကြောင်းကတဆင့် အင်အားဖြည့်ကာ ဖောက်ထွက်နိုင်ဖို့ ထိုးစစ်ဆင်နေတာဖြစ်တယ်။