ပြည်ပထွက်အလုပ်လုပ်ခွင့်ကို စစ်ကောင်စီရဲ့ အလုပ်သမားဝန်ကြီးဌာနက မူဝါဒတွေ ပြောင်းလဲ ပြီး စိစစ်ခွင့်ပြုမှုတွေ ကြန့်ကြာတာကြောင့် ပြည်ပထွက်ဖို့ လုပ်ဆောင်ထားတဲ့ အလုပ်သမားတွေဟာ အတိုးငွေ ပိကာနစ်နာဆုံးရှုံးမှုတွေ ဖြစ်ပေါ်နေကြပါတယ်။ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ကုန်ပိုင်းက စပြီး အလုပ်သမားတွေအတွက် ပြည်ပထွက်ခွင့်ကို စစ်ကောင်စီရဲ့ အလုပ်သမားဝန်ကြီးဌာနက ကန့်သတ်ပိတ်ပင် စိစစ်မှုတွေ ပြုလုပ်ခဲ့တယ်။ ပြည်ပထွက် အလုပ်လုပ်ဖို့စာချုပ်ချုပ်ဆိုထားတဲ့ အသက် ၁၈မှ၃၅နှစ် အတွင်း အမျိုးသား လုပ်သားတွေ ကို ပြည်ပ ထွက်ခွင့် ပိတ်ခဲ့သလို စာချုပ်ထားတဲ့ အမျိုးသမီးလုပ်သားတွေမှာလဲ ပြည်ပထွက်ခွင့် မရသေးဘဲ ကြန့်ကြာမှုတွေ ဖြစ်နေတယ်။ ထိုသူတွေအားလုံးဟာ အေဂျင်စီကို ပိုက်ဆံ အကုန်သွင်းထားရတာဖြစ်ပြီး ထိုသွင်းငွေအတွက် အတိုးနဲ့ ချေးထားရတာဖြစ်တယ်။ အခုဆိုရင် ထိုအတိုးဆပ်ဖို့ကို ပြည်တွင်းမှာပဲ ရှာကြံ အလုပ်လုပ်နေရတာတွေ၊ တချို့ဆို ခြံတွေအိမ်တွေ ရောင်းပြီးပေးရတာတွေပါရှိနေတယ်။ တချို့ဆိုရင် ဖြစ်ချင်ရာဖြစ် ရှိတာရောင်းချပြီး တရားဝင်အထောက်အထားနဲ့ သွားချင်ပေမယ့် အောက်လမ်းကနေ သွားလိုက်ရတဲ့သူတွေလည်းရှိတယ်။
ပြည်တွင်းမှာလည်း စစ်မှုထမ်းဥပဒေနဲ့ အတင်းအဓမ္မခေါ်ယူစစ်မှုထမ်းခိုင်းနေတဲ့အတွက် လူငယ်အများစု ပြည်ပနိုင်ငံတွေကို တရားမဝင် သွားရောက်တာများလာသလို အခုလို ပြည်ပထွက်ခွင့်ကြန့်ကြာတာတွေကြောင့်လည်း တရားမဝင် သွားရောက်သူ အရေအတွက် ပိုမိုများလာပြီး ငွေကြေးသိန်းရာချီကုန်ကျပေမယ့် ဖမ်းဆီးခံရသူတွေလည်း အများအပြားရှိနေပါတယ်။