စစ်ကောင်စီဟာ သင်္ကြန်တွင်းလဲမရှောင် အညာဒေသအနှံအပြားကို ဗုံးကြဲတိုက်ခိုက်နေပါတယ်။ စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်ထဲက ကြက်ခတ်ကျေးရွာဘုန်းကြီးကျောင်းမှာ အခါတွင်းကာလ တရားပွဲလုပ်နေချိန် ဗုံးကြဲချခဲ့လို့ ကိုရင်သုံးပါး အပါအဝင် ငါးဦး သေဆုံးပြီး ဒဏ်ရာရသူတချို့ရှိခဲ့တယ်။ အလားတူပဲ စစ်ကိုင်းတိုင်းထဲက ကောလင်း၊ ဝန်းသို၊ ကနီ၊ အင်းတော်၊ အရာတော်။ မန္တလေးတိုင်းထဲက သပိတ် ကျင်း၊ စဉ့်ကူး ၊ မတ္တရာ မြို့ဒေသကျေးရွာတွေကို အခါတွင်းကာလတစ်လျှောက်လုံး နေ့စဉ်မရပ်မနား လေကြောင်း ကနေ ဖျက်အားပြင်းဗုံးတွေ ဗုံးကြဲတိုက်ခိုက်နေခဲ့တာပါတယ်။ အခုလို အခါတွင်းသမယ ချစ်စရာသင်္ကြန်ကာလရဲ့ အနှစ်သာရကို ပြည်သူတွေ မခံစားနိုင်ကြပါဘူး။ တခြားသော အရာတွေ အသာထားဦး ရေကလေးတော့ ပက်လိုက်မယ်လို့တောင် စိတ်မှာမတွေးနိုင်အောင်ဘဲ နေ့ရောညပါမရှောင် စစ်အုပ်စုရဲ့ လေကြောင်းဗုံးကြဲတဲ့ဒုက္ခကို ကျီးလန့်စာစားရင်း ဖြတ်သန်းနေထိုင် နေရတယ်။ ငလျင်ဘေးကြောင့် အပစ်အခတ် ခေတ္တရပ်စဲပါတယ်လို့ လူကြားကောင်းအောင် ကြေငြာထားတဲ့ စစ်အုပ်စုဟာ အညာဒေသကို လေကြောင်းကနေ ဗုံးကြဲပစ်ခတ်တာကို ရပ်တန့်မထားခဲ့ပါဘူး။ အခါတွင်း သင်္ကြန်နေ့ရက်တွေမှာ ပြည်သူတွေဟာ ဘယ်တော့များ လေယာဉ်ရောက်လာမလဲဆိုတဲ့စိတ်နဲ့ ကောင်း ကင်ပေါ် တမော့မော့ကြည့်ရင်း ကြောက်ကြောက်ရွံ့ရွံ့ နေထိုင်နေကြရတယ်။ လေယာဉ်သံကြား လိုက် တာနဲ့ ဗုံးခိုကျင်းဆီပြေးဖို့ ခြေလှမ်းပြင်ထားကြရတယ်။သင်္ကြန်ကာလ ဥပုသ်သီလလည်း ကောင်းစွာမဆောက်တည်နိုင်ကြပါဘူး။ ဘုန်းကြီးကျောင်းပါမချန် လေယာဉ်နဲ့ ဗုံးကြဲနေတာကြောင့် လူစုလူဝေးနဲ့တောင် မနေရဲကြတော့တာပါ။
လှူချိန်တန်လှူကြ ၊ ပျော်ချိန်တန်ပျော်ကြ၊ ဥပုသပ်သီလဆောက်တည်ချိန်တန် ဆောက်တည်ကြနဲ့ ရိုးသားလှတဲ့ အညာက ပြည်သူတွေဟာ အခါတွင်းသင်္ကြန်ကာလမှာ မပျော်ရွှင်နိုင်ကြပါဘူး။အလှူအတန်း မလုပ်နိုင်ကြတော့ပါဘူး။ ဥပုသ်သီလဆောက်တည်ဖို့ အေးငြိမ်းရာ ဘုန်းတော်ကြီးကျောင်းဆောင်တွေထက် ဗုံးဒဏ်မှာပျက်စီး ပြိုကျ နေတဲ့ ကျောင်းဆောင်တွေပဲ ရှိပါတော့တယ်။ ဆွမ်းချက်ဖို့ နေအိမ်တွေ မရှိကြတော့ပါဘူး။ဝတ်ကောင်းစားလှတွေ ဝတ်ပြီး ရေထွက်မကစားနိုင်ကြတော့ပါဘူး။ စစ်အုပ်စုရဲ့ လေကြောင်းဗုံးကြဲမှုမှာ အကုန် ပျက်စီးဆုံးရှုံးကုန်ပါပြီ။ နေအိမ်တွေကို ပြန်ဆောက်ဖို့ထက် အဝတ် တစ် ထည် ကိုယ်တစ်ခုနဲ့ ကိုယ့်အသက် မသေအောင် ကြိုးစားရှင်သန်နေကြရတယ်။ ပြည်သူတွေရဲ့ နှစ်သစ်ကူးဆုတောင်းကလည်း စစ်အုပ်စုတပ်တွေ အမြန်အမြစ်ပြတ်ဖို့ ဆိုတဲ့အကြောင်းကလွဲလို့ ထပ်ပြီးမရှိနိုင်တော့ပါဘူး။