မနေ့ကလှုပ်ခတ်သွားတဲ့ငလျင်ကြီးဟာ နာမည်ကျော်စစ်ကိုင်းပြတ်ရွှေ့ကြော လှုပ်ရှားမှုကြောင့်ဖြစ်ပေါ်လာတာပါ။ထိုပြတ်ရွှေ့ကြောမှာ ငလျင်ကြီးကြီးမားမားမလှုပ်တာ နှစ်ပေါင်းတစ်ရာနီးပါးရှိနေပြီဖြစ်ပြီး အခုမှ ပြန်လှုပ်ရှားလာတာဖြစ်တယ်။ထိုငလျင်ကြောင့် မန္တလေးမြို့တင်မကပြတ်ရွေ့ကြောတစ်လျောက်က မြို့တွေမှာထိခိုက်သေကြေပျက်စီးဆုံးရှုံးမှုကတော့ ကြောက်ခမန်းလိလိပါပဲ။
ငလျင်ဗဟိုချက်စစ်ကိုင်းမြို့နဲ့မန္တလေးမြို့ကတော့ အကြီးမားဆုံးထိခိုက်ပျက်စီးသွားပါပြီ။မန္တလေးမြို့ကအချက်အခြာကျတဲ့ နေရာအများအပြားမှာ တိုက်တာအိုးအိမ်တွေပြိုကျပျက်စီးသွားပြီ။စစ်ကိုင်းမြို့မှာလဲထိခိုက်ပျက်စီးမှုများပြားပေမယ့် စစ်ကိုင်းမြို့ကအခြေအနေအတွေကို လမ်းပန်းဆက်သွယ်ရေးနဲ့ အင်တာနက်ပြတ်တောက်မှုတွေကြောင့် သေချာမသိရသေးပါဘူး။စစ်ကိုင်းနဲ့မန္တလေးကူးတဲ့ ဧရာဝတီမြစ်ကူးတံတားတစ်စင်းကျိုးကျသွားပြီး နောက်တစ်စင်းကိုလဲကြံခိုင်မှုအခြေအနေအရ ပိတ်ထားတာကြောင့်စစ်ကိုင်းနဲ့မန္တလေးဟာ အဆက်အသွယ်ပြတ်သလို ဖြစ်နေတယ်။
မန္တလေးမြို့ကို အကူအညီတွေပေးဖို့ကလဲ ခက်ခဲမယ့်အနေအထားပါပဲ။ရန်ကုန်မန္တလေးအမြန်လမ်းက တံတားတွေကျိုးကျကုန်ပြီး အမြန်လမ်းဟာလဲ ဆိုးဆိုးရွားရွားပျက်စီးသွားတယ်။ဒါ့အပြင်ငလျင်ဒဏ် ကြောင့် မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်အဆောက်အအုံပျက်စီးသွားပြီး လေဆိပ်ကိုပါပိတ်ထားလိုက်တယ်။မန္တလေးလေဆိပ်ထက် ပိုဆိုးတာကနေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်ပါ။နေပြည်တော်လေဆိပ်လေကြောင်းထိန်းတာဝါကျိုးကျသွားပြီး တာဝါပေါ်ကအမှုထမ်းတွေအားလုံး သေဆုံးသွားပါတယ်။ငလျင်ကြောပေါ်မှာရှိနေတဲ့ စစ်ကောင်စီရုံးစိုက်ရာနေပြည်တော်လဲ အခြေအနေဆိုးပါတယ်။အစိုးရအဆောက်အုံတွေနဲ့ ဝန်ထမ်းအိမ်ရာတွေပျက်စီးသွားတယ်။
ဒါ့အပြင်ရှမ်းပြည်နယ်အောင်ပန်းမြို့မှာလဲ အောင်ပန်းဟိုတယ်ပြိုကျလို့ လူအများအပြားပိတ်မိနေတယ်။နာမည်ကျော်အင်းလေးကန်ထဲမှာလဲ ထိခိုက်ပျက်စီးမှုတွေရှိနေပါတယ်။ဖျက်အားပြင်းငလျင်ကြောင့်လူသေဆုံးမှုနှုန်းဟာလဲ တရိပ်ရိပ်တက်နေပါတယ်။ငလျင်လှုပ်ပြီး ၂၄နာရီမပြည့်ခင်မှာပဲ သေဆုံးသူသုံးရာကျော်သွားပါပြီ။ထိခိုက်သေကြေပျက်စီးမှုနည်းနိုင်သမျှ အနည်းဆုံးဖြစ်ပါစေလို့ပဲဆုတောင်းမိတယ်။