ဘာကြောင့် တော်လှန်ရေး လုပ်ခဲ့ကြတာလဲဆိုတာကို မျက်ခြည်ပြတ်လာကြလေသလားလို့ စိုးရိမ်စရာတွေ ဖြစ်လာရပါတယ်။
“ကျနော်တို့ တော်လှန်ရေးအင်အားစုများအနေနဲ့ ရန်သူ စစ်အုပ်စု နှစ်ပေါင်းများစွာ ဖြန့်ခဲ့တဲ့ ဝါဒမှိုင်း ထိုးဇာတ်က တကယ်မှန်ကန်ကြောင်း ကိုယ်တွေကိုယ်တိုင်က သက်သေမပြမိကြဖို့ အထူးအရေးကြီးပါတယ်။ အဲ့ဒီလို ဆက်လုပ်နေကြမယ်ဆိုရင်တော့ ဒီကမ္ဘာမှာ ကိုယ့်ထက်မိုက်မဲသူ ရှိမှာတောင် မဟုတ်တော့ဘူးလို့ ဆိုချင်ပါကြောင်း”လို့ ဒေါက်တာတေဇာစန်းက ပြောလိုက်ပါတယ်။
အကြောင်းကတော့ လူမျိုးစုလက်နက်ကိုင်တွေကြားမှာ နိုင်ငံရေးအရ ဆွေးနွေးတာမျိုး မဟုတ်ဘဲ နယ်မြေကျူးတာ၊ လက်နက်နဲ့ ဖြေရှင်းတာ၊ လူမျိုးစုအတွင်းမှာပဲ ညှိမရဘဲ အစုအဖွဲ့ ကွဲတွေ ထပ်ဖြစ်လာတာ ဒါတွေ တွေ့မြင်လာရတာပါ။ သူက စစ်တပ်မှ မရှိရင် နိုင်ငံဟာ တစစီဖြစ်ပြီး အချင်းချင်း တိုက်ခိုက်ကာ ဒေသတွင်း မတည်ငြိမ်မှုကိုပါ ဖြစ်စေမယ်ဆိုတဲ့ စကစရဲ့ ဝါဒမှိုင်းထိုးဇာတ်ကို မှန်ကန်ကြောင်း သက်သေမပြကြပါနဲ့လို့ ဆိုတာပါ။
စကစက အာဏာသိမ်းလိုက်လို့ နွေဦးတော်လှန်ရေး ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။ နိုင်ငံရေးမှာ စစ်တပ် ဘယ်တော့မှ မပါဝင်အောင် စစ်တပ်ရဲ့ ဗိုလ်ကျစိုးမိုးအနိုင်ကျင့်မှုကို တန်ပြန်ခုခံရအောင် ရည်ရွယ်ပါတယ်။ လွတ်လပ်စွာ ရေးသားထုတ်ဖော်ပြောဆိုခွင့်အပါအဝင် စစ်အာဏာသိမ်းပြီးတာနဲ့ ဆုံးရှုံးသွားရတဲ့ အခြေခံလူ့ရပိုင်ခွင့်တွေကို ခုခံကာကွယ်ဖို့၊ မြှင့်တင်ကျင့်သုံးဖို့ ရည်ရွယ်ပါတယ်။ ဒါပေမဲ့ လက်နက်ကိုင်တော်လှန်ရေးဘက်အခြမ်းက စကစကို ပိုထိခိုက်အောင် တတ်နိုင်လာတဲ့အခါ တော်လှန်ရေးထက် စစ်ရေးဘက်ကို ဦးစားပေးကြရာက နွေဦးရဲ့ ရည်ရွယ်ချက်တွေကို မသိကျိုးကျွံပြုလာတဲ့အပိုင်းတွေ ရှိလာနေပါတယ်။
ဖက်ဒရယ်ခေါင်းစဉ်အောက်ကနေ နယ်မြေသိမ်း နယ်မြေလု နယ်မြေချဲ့ စစ်ဆင်ရေးတွေ လုပ်တာဟာ တော်လှန်ရေးရဲ့ ရည်ရွယ်ချက် မဟုတ်ပါဘူး။ တော်လှန်ရေးမှာ လွတ်မြောက်နယ်မြေတွေ ပေါ်ထွက်လာတာဟာ စကစရဲ့ မတရားအနိုင်ကျင့်အုပ်ချုပ်ရေးနည်းစနစ်များက ကင်းလွတ်တဲ့၊ ပြည်သူကို အကာအကွယ် ပေးပြီး အနိုင်ကျင့်ခံရခြင်းမှ ကင်းဝေးစေအောင် တတ်နိုင်တဲ့ နယ်မြေတွေ ဖြစ်ပေါ်လာဖို့သာ ဖြစ်ပါတယ်။ စကစ ကင်းစင်ရုံနဲ့ တော်လှန်ရေး မပြီးဆုံးပါဘူး။ စကစကို ကင်းစင်အောင် တိုက်တာမှာ သူ့ရဲ့ မကောင်းတဲ့ အပြုအမူများအားလုံးကိုပါ တိုက်ထုတ်ရမှာပါ။ တနည်းအားဖြင့် စကစတွေရဲ့ အကြမ်းဖက်အနိုင်ကျင့်တဲ့ အပြုအမူမျိုးကို တော်လှန်ရေးတပ်သားတွေက လိုက်လုပ်နေဦးမယ်ဆိုရင် အဲဒီအပြုအမူ ပြုမူတဲ့ တော်လှန်ရေးတပ်သားတွေကိုပါ တိုက်ထုတ်ရမှာပါ။
ဒီနေရာမှာ လူမျိုးတူချင်းမို့ မတိုက်နိုင်ဘူးဆိုတဲ့ အတွေးအမြင်မျိုးတွေကိုလည်း ဆင်ခြင်ကြရပါလိမ့်မယ်။ တော်လှန်ရေးဟာ လူမျိုးတမျိုးမျိုးကို ဦးတည်ပြီး တိုက်ခိုက်ဖို့ မရည်ရွယ်ပါဘူး။ ဘယ်လူမျိုးဖြစ်ဖြစ် အာဏာရှင်ဆန်တဲ့ အပြုအမူမျိုး ရှိနေရင် အကြမ်းဖက်အနိုင်ကျင့်ရင် တိုက်ထုတ်ဖို့သာ ရည်ရွယ်တာပါ။ အဲဒီလို အပြုအမူမျိုး ရှိရင် ဘယ်လူမျိုးကိုမဆို တူတူ ကွဲကွဲ တိုက်ထုတ်ရမှသာ တော်လှန်ရေး လုပ်တာ ဖြစ်မှာပါ။ လူမျိုးတူရုံနဲ့ ဘာအမှားလုပ်လုပ် ခွင့်လွှတ်မယ်လို့ တွေးရင် တော်လှန်ရေး လုပ်တာ မဟုတ်ဘဲ လူမျိုးရေးစစ် ဆင်နွှဲတာ ဖြစ်ပါမယ်။ အဲဒီလိုပဲ လူမျိုးအခြေခံ နယ်မြေသိမ်းပိုက်လုယူကျူးကျော်တယ် ဆိုတာ တော်လှန်ရေးနဲ့ လားလားမှ မဆိုင်တဲ့ အပြုအမူပါပဲ။
ဖက်ဒရယ်ဒီမိုကရေစီဆိုတာ နယ်နမိတ်အပိုင်းအခြားတစ်ခုကို လူမျိုးအခြေခံ ပိုင်စိုးကျင့်သုံးရတဲ့ စနစ်မျိုး မဟုတ်တာကို သတိချပ်ကြရပါမယ်။ အာဏာရှင်ဆန်တဲ့ အမူအကျင့် အကြမ်းဖက်အနိုင်ကျင့်မှုတွေကို မတွန်းလှန်ဘဲ ကိုယ့်လူမျိုးတွေနေတဲ့နယ်မြေကို ကိုယ့်လူမျိုးက အုပ်ချုပ်ရင် လွတ်မြောက်တာပဲလို့ ထင်နေရင်တော့ နောက်ထပ်နောက်ထပ် ကိုယ့်လူမျိုးအာဏာရှင်အသစ်အသစ်တွေ ပေါ်ထွက်လာဖို့ပဲ ရှိမှာပါ။ ဒါကြောင့် စစ်ရေးဘက် အာရုံအစိုက်လွန်ရာက တော်လှန်ရေးဟာ မူလပန်းတိုင်ကို မျက်ခြည်ပြတ် သွားတာမျိုး မဖြစ်ဖို့ အားလုံးက အားထုတ်ရပါမယ်။ ဒီလိုအကြောင်းအကျိုးကို နားလည်ကြသူတွေအနေနဲ့လည်း ကိုယ့်လူမျိုးအချင်းချင်းမို့ မပြောရဲ မပြောရက်ဘဲ နေကြမယ်ဆိုရင် ကိုယ့်လူမျိုးကို ကိုယ် မချစ်ရာရောက်ရုံပဲ ရှိမှာပါ။ တော်လှန်ရေးရဲ့ ရည်ရွယ်ချက်ဖြစ်တဲ့ အခြေခံ လူ့ရပိုင်ခွင့်တွေကို ကာကွယ်မြှင့်တင်ရာလည်း မရောက်နိုင်တော့ပါဘူး။ အာဏာရှင်ဆန်တဲ့ အပြုအမူဟာ လူမျိုးအလိုက် မျိုးရိုးလိုက်တဲ့ ရောဂါမျိုး မဟုတ်ပေမဲ့ ငါနဲ့ ငါ့လူမျိုးကြားမှာ ဒီလိုမျိုး အဖြစ်မခံဘူးလို့ စိတ်ပိုင်းဖြတ်ထားတာ မရှိရင် တချိန်မှာ ကိုယ့်အချင်းချင်းက အနိုင်ကျင့်အကြမ်းဖက်တာကို အားလုံးက ခံစားကြရမှာပါ။
တကယ်တော့ တော်လှန်ရေး အောင်မြင်ဖို့ဆိုတာ စစ်ရေး အသာစီး ရနေရုံနဲ့ မဖြစ်နိုင်ပါဘူး။ နိုင်ငံရေးအရ အသာစီး ရဖို့မှာ တော်လှန်ရေးအင်အားစုတွေဟာ ဘယ်လောက်အမြော်အမြင်နဲ့ အရည်အသွေး ရှိကြတယ်၊ စည်းလုံးပြီး စွမ်းဆောင်နိုင်တယ်ဆိုတာပေါ်မှာ အများကြီး မူတည်နေပါတယ်။ ခုတော့ အန်ယူဂျီက နိုင်ငံတကာကိုရော အာဆီယံကိုပါ စကစကို မထောက်ခံဖို့နဲ့ စကစလမ်းပြမြေပုံကို မလိုက်သွားကြဖို့ကိုသာ ထပ်တလဲလဲ ပြောနေရဆဲပါ။ ကိုယ့်တော်လှန်ရေးအစုအဖွဲ့တွေကြားမှာ သဘောတူညီထားတဲ့ လမ်းပြမြေပုံအသေးစိတ်မှ မရှိသေးတာကိုး။ ဒီတော့ နိုင်ငံတကာအနေနဲ့ စကစ အသုံးမကျမှန်း ရက်စက်ကြမ်းကြုတ်မှန်းလည်း သဘောပေါက်ပါတယ်။ ဒါပေမဲ့ တော်လှန်ရေးဘက်အခြမ်းကို ပုံအောအားပေးရအောင်ကလည်း အန်ယူဂျီအပြင် တော်လှန်ရေးပိုင်ရှင်အစုအဖွဲ့တွေဟာ ဒါဇင်နဲ့ချီပြီး များနေလေတော့ ရေတိုမှာလည်း ပြောရဆိုရမှာ မတစ်ရာသားတွေက တပုံတခေါင်းမို့ မနိုင်မနင်းဖြစ်၊ ရေရှည်မှာလည်း သူတို့အချင်းချင်းက နှုတ်နဲ့တင်မက လက်နက်နဲ့ပါ ရန်စောင်နေကြလေတော့ စကစဆိုက်ဝါးဟာ အမှန်တချို့ကို အခြေခံထားရှာတာပဲလို့ သဘောပေါက်လိုပေါက်ကြပေါ့။ အဆုံးမတော့ ကျင့်ဝတ်မကောင်းပေမဲ့ အမိန့်စီးဆင်းမှု အားကောင်းတဲ့ စကစနဲ့ ဆက်ဆံရတာက ပိုလွယ်ကူပါတယ်လို့ တွေးလာကြတာပါပဲ။
နိုင်ငံတကာကို တော်လှန်ရေးအောင်မြင်အောင် အားပေးကြဖို့ ပြောကြတဲ့အခါ စစ်ရေးအောင်မြင်အောင် ဝိုင်းကူပါလို့ တောင်းဆိုမရနိုင်တာဟာလည်း လက်တွေ့ပါပဲ။ တကမ္ဘာလုံး သူ့နေရာနဲ့သူ စစ်ရေးပြင်ဆင်မှုတွေကို အားထည့်နေကြရချိန် ဖြစ်လာနေပြီမို့ ကိုယ့်အရေးကိုရော ကိုယ့်ဘက်ကိုရော အားပေးလာဖို့ လုပ်မယ်ဆိုရင် ကိုယ့်တော်လှန်ရေးဟာ ဘာကို ရည်ရွယ်တယ်လို့ ပြောပြနေရုံနဲ့ မရဘဲ အဲဒီရည်ရွယ်ချက်အတွက် (စစ်ရေးအပြင်) ဘာတွေ ဘယ်လိုပြင်ဆင်ဆောင်ရွက်နေကြောင်း၊ နောက်တစ်ဆင့်မှာ ဘာတွေ ဘယ်လိုဆက်လုပ်သွားမှာဖြစ်ကြောင်း၊ ဘယ်လိုပဲ အစုအဖွဲ့တွေများများ ဘယ်လိုစုဖွဲ့မှုနဲ့ ဘယ်လိုသဘောတူမှုတွေကို အခြေခံပြီး အနာဂတ်မှာ ဖြစ်လာနိုင်တဲ့ စကစအလွန် အာဏာလေဟာနယ်ကို ဘယ်လိုအုပ်ချုပ်ရေးအစီအမံ၊ ဘယ်လိုလက်နက်ဖျက်သိမ်းရေးအစီအစဉ်၊ ဘယ်လိုနိုင်ငံရေးဆွေးနွေးမှုအခင်းအကျင်းတွေနဲ့ အတူတကွ ပူးပေါင်းတာဝန်ယူသွားကြမယ်ဆိုတာကို အခိုင်အမာ ပြောပြနိုင်၊ လုပ်ပြနိုင်ဖို့က အရေးကြီးလှပါတယ်။
လေးနှစ်တာ ဖြတ်သန်းမှုရဲ့ အားနည်းချက်၊
အားသာချက်တွေကို ပြန်လည်သုံးသပ်ကြပြီး တော်လှန်ရေးပွဲသိမ်း လှဖို့ မြန်ဖို့အတွက်
မူလ တော်လှန်ရေးရည်ရွယ်ချက်များကို
မျက်ခြည်မပြတ်ကြပါစို့။ ။