မကွေးတိုင်း၊ရေလယ်ကျွန်းဒေသ ကျေးရွာတွေကိုစစ်သူပုန်တွေ ဆက်လက်မီးရှို့ဖျက်စီးနေဆဲပါပဲ။ပြီးခဲ့တဲ့ရက်တွေက ထိုဒေသကပြည်သူ၅၀ခန့်ကိုလဲ လူသားဒိုင်းအဖြစ်ဖမ်းဆီးခေါ်ဆောင်သွားပြီး အခုချိန်ထိပြန်မလွတ်ပေးသေးပါဘူး။ကျေးရွာ၁၁ရွာက အိမ်ခြေတစ်ထောင်ခန့်မီးရှို့ခံထားရလို့ ဒေသခံတွေအတော်ဒုက္ခရောက်နေပြီး အကူအညီတွေလိုအပ်နေတယ်။
အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ နောက်ပိုင်းကစပြီး ရေစကြိုနယ် ရေလယ်ကျွန်းဒေသကို စစ်အုပ်စု တွေဟာ နှစ်စဉ်လိုလို အကြိမ်ကြိမ် ဝင်ရောက်စီးနင်း မီးရှို့လေ့ရှိသလို ဒေသခံအချို့ကို ဖမ်းဆီးသတ်ဖြတ်တာ တွေ ရှိခဲ့ပေမဲ့ အခုလက်ရှိ တစ်လ ကျော်ကြာ စစ်ကြောင်းထိုး စီးနင်းလုယက် မီးရှို့သတ်ဖြတ်နေတဲ့ဟာ အရင်က ထက် ကျူးလွန်ခဲ့တာတွေထက် ပိုမိုဆိုးရွားစွာ ရက်ရက်စက်စက်ကျူးလွန်နေတာဖြစ်တယ်။လက်ရှိ စစ်အုပ်စုနဲ့ ပျူစောထီးတွေ ရေလယ်ကျွန်းဒေသ ကျေးရွာတွေကို မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ်မီးလောင် ပျက်စီးဆုံးရှုံးမှုနဲ့ ဒေသခံတွေ ဖမ်းဆီးသတ်ဖြတ်ခံရမှုဟာ အာဏာသိမ်းလေးနှစ်အတွင်း အများဆုံး အရေအတွက် ဖြစ်နေပါပြီ။ တော်လှန်ရေးအားကောင်းတဲ့ဒေသတွေမှာ စစ်သူပုန်တွေကို တန်ပြန်တိုက်ခိုက်နိုင်နေပေမယ့် အချို့ဒေသတွေမှာတော့ စစ်သူပုန်တွေရဲ့ရန်ကို ပြည်သူတွေခါးစည်းခံနေရဆဲပါ။