မကွေးတိုင်း၊ ရေစကြိုနယ် ရေလယ်ကျွန်းဒေသ ကျေးရွာတွေကို စစ်သူပုန်တွေက နေ့စဉ် စီးနင်းလုယက် မီးရှို့ဖျက်ဆီးနေပါတယ်။ ဧရာဝတီမြစ်နဲ့ ချင်းတွင်းမြစ်ဆုံရာဒေသဖြစ်တဲ့ ရေစကြိုနယ် ရေလယ်ကျွန်းဒေသ ကျေးရွာတွေကို စစ်အုပ်စုနဲ့ ပျူ စောထီးအဖွဲ့တွေဟာ ဖေဖော်ဝါရီလ ၂၆ ရက်က စပြီး စစ်ကြောင်းထိုးဝင်ရောက်လာခဲ့ပြီးနောက် စီးနင်းလုယက် မီးရှို့ဖျက်ဆီးနေတာဖြစ်ပြီး အခုဆိုရင် ၁လနီးပါးကြာလာနေပါပြီ။စစ်သူပုန်တွေဟာ ကျွန်းအလယ်လောက်ထိ ရောက်လာတာဆိုတော့ အနောက်ဖက် ချင်းတွင်းမြစ်ကမ်းဘေးက ကျေးရွာတွေပါ ထွက်ပြေးနေကြရပြီး လူဦးရေ သောင်းနဲ့ချီ စားနပ်ရိက္ခာနဲ့ အရေးပေါ် အကူအညီတွေလိုအပ်နေတယ်။ ဒေသခံတွေ ကနဦး ကောက်ယူထားတဲ့ စာရင်းတွေအရ မီးရှို့ဖျက်ဆီးမှုကြောင့် ထိုဒေသက ကျေးရွာ ကိုးရွာက အိမ်ခြေပေါင်း ၆၀၀ ကျော်ထက်မနည်း မီးလောင်ပျက်စီးထားပြီးဖြစ်တယ်လို့ သိရတယ်။
စစ်သူပုန်တွေဟာ ကျေးရွာတွေကို စီးနင်းလုယက်မီးရှို့ဖျက်ဆီးတဲ့အပြင် ကျေးရွာအတွင်း မပြေးနိုင်ဘဲ ကျန်ခဲ့တဲ့ သက် ကြီး ရွယ်အိုတွေနဲ့ ပိတ်မိနေတဲ့ ဒေသခံတွေကိုပါ ဖမ်းဆီး ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်ခဲ့တာကြောင့် အခုချိန်ထိဒေသခံ ၁၈ ဦးထိသေဆုံးထားတယ်။ ဆက်လက်ပြီး စစ်ကြောင်းထိုးဖျက်စီးနေဆဲပါပဲ။