ချင်းတော်လှန်ရေးအင်အားစု နှစ်ခုဖြစ်သည့်ချင်းပြည်(Chinland)ကောင်စီ နှင့် ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) တို့အကြား ကောင်စီနှစ်ခုကို ပေါင်းစည်းပြီး ချင်းအမျိုးသားကောင်စီဟုခေါ်တွင်ရန် သဘောတူညီကြောင်း ပူးတွဲထုတ်ပြန်လာပါတယ်။ ချင်းပြည်အတွင်းရှိ ပြည်သူများအတွက် ကောင်စီနှစ်ရပ်ရှိနေခြင်းကို မဖြစ်သင့်ကြောင်းနှစ်ဖက် လက်ခံယုံကြည်ပြီး ယခုကဲ့သို့ ကောင်စီသစ်တစ်ရပ်အဖြစ်ပေါင်းစည်းရန် သဘောတူခဲ့ကြတယ်။ ချင်းအမျိုးသားကောင်စီ အမြန်ဆုံးပေါ်ပေါက်လာနိုင်ရေးအတွက် ချင်းအမျိုးသားဖွဲ့စည်းပုံအခြေခံ ဥပဒေမူကြမ်းရေးဆွဲရေးအဖွဲ့ကိုဖွဲ့စည်းရန်ကိုလည်း သဘောတူညီခဲ့ကြတယ်။
ထိုချင်းတော်လှန်ရေး အင်အားစုနှစ်ခုဟာ ပြီးခဲ့သည့် အပါတ်အတွင်းက အိန္ဒိယ နိုင်ငံ မီဇိုရမ်ပြည်နယ်၌ တွေ့ဆုံခဲ့ခြင်းဖြစ်ပြီး တွေ့ဆုံပွဲကို မီဇိုရမ်ဝန်ကြီးချုပ်က စီစဉ်ပေးခြင်းဖြစ်တယ် လို့သိရတယ်။ ချင်းပြည်နယ်မှာကွဲနေတဲ့ ထိုအဖွဲ့နှစ်ခု ပေါင်းစည်းနိုင်ရေး ကြိုးစားနေတာကြာပါပြီ။ ဒီကြားထဲမှာလဲ မြေပြင်မှာအချင်းချင်းတိုက်ပွဲတွေဖြစ်ခဲ့သေးတယ်။ အခုတော့ ကနဦးသဘောတူညီချက် ရသွားပြီပေါ့။
ပေါင်းစည်းရေးအတွက်အဓိက ဆွေးနွေးရမည့် အကြောင်းအရာမှာ ရက္ခိုင့်တပ်တော်(AA)နှင့် မဟာမိတ်ကိစ္စ ဖြစ်တယ်။ လက်ရှိတွင်ချင်းညီနောင်အဖွဲ့ဟာAAနှင့် မဟာမိတ်အဖြစ် ပြုလုပ်ကာ ချင်းပြည်နယ်အတွင်း မြို့သိမ်းတိုက်ပွဲများ ပူးပေါင်းဆောင်ရွက်နေတယ်။ ဒါကိုနောက်တဖွဲ့ကမကြိုက်ပါဘူး။ AAနှင့် မဟာမိတ်ကိစ္စ ဆွေးနွေးညှိနှိုင်းနိုင်မည်ဆိုပါက ပေါင်းစည်းရေး အောင်မြင်နိုင်ပါတယ်။