မန္တလေးမြို့မှာ စစ်အုပ်စုက လူငယ်လူရွယ်တွေကို ထင်တိုင်းကျဲ ပေါ်တာဆွဲ ဖမ်းဆီးနေပြီး စစ်သင်တန်း ပေးကာ အသေခံ စစ်သား အဖြစ် တိုက်ပွဲဖြစ်ပွားရာ နေရာတွေဆီ ပို့လွှတ်နေပါတယ်။
စစ်အုပ်စုက လမ်းသွားလမ်းလာတွေကို ပေါ်တာဆွဲတာ၊ ဧည့်စာရင်းစစ်ရင်း ပေးတာဆွဲတာ၊ လက်ဖက်ရည်ဆိုင်နဲ့ စားသောက်ဆိုင်တွေကို စီးနင်းပြီး ပေါ်တာဆွဲတာ စတဲ့ နည်းမျိုးစုံနဲ့ ပေါ်တာဆွဲနေတယ်။ စစ်အုပ်စုက တွေ့ရာနေရာမှာ ပေါ်တာဆွဲနေပြီး စစ်သားသစ် စုဆောင်းခံရသူ များလာတာကြောင့် ပြည်သူတွေ ကြား စိုးရိမ်မှု မြင့်တက်နေပြီး တော်ရုံ အိမ်ပြင်မထွက်ရဲကြဘဲ ညနေပိုင်း ၆နာရီနောက်ပိုင်း လမ်းပေါ် အသွားအလာ ပြတ်နေပြီ။
ဇန်နဝါရီလ ၁၅ရက် မွန်းလွဲပွဲကလည်း မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ မြရည်နန္ဒာရပ်ကွက်၊ မြရည်နန္ဒာ အိမ်ယာကို စစ်အုပ်စုက တိတ်တဆိတ် ချောင်းမြောင်း စီးနင်းပြီး ဘိလိယက်ခုံမှာ ဘိလိယက် ကစားနေတဲ့ လူငယ် တစ်စုကို ပေါ်တာဆွဲ ဖမ်းခေါ်သွားတယ်။
အခုဖမ်းနေတဲ့ပုံစံက မြိုအစွန်ပိုင်းကျတဲ့ မြိုနယ်တွေဆိုရင် ကားရပ်ပြီးတော့ အလွတ် ဝင်ဆွဲတာမျိုးတွေ ရှိပါတယ်။ လက်ဖက်ရည်ဆိုင်ထဲ ဝင်ဆွဲတာမျိုးတွေထိ စည်းကမ်းမဲ့ ဖမ်းဆီးမှု ပုံစံပါ။ နောက်တစ်မျိုးက လူငယ်တွေ ဆိုင်ကယ်စီးလာရင်ကို တားစစ်၊ အကြောင်းရှာ ဆွဲတာမျိုးပါ။ ဖမ်းဆီးမှုအားလုံးရဲ့ အဓိကအချက်က ငွေညှစ်တာပါပဲ။ ရွေးရမယ့်ငွေ တတ်နိုင်ရင် ပြန်လွှတ်တာမျိုးပေါ့။ နောက်တစ်ချက် လူစားထိုးနိုင်ရင် ပြန်လွှတ်တာ မျိုးတွေ လုပ်နေတာပါပဲခင်ဗျ။ တချိုရပ်ကွက်မှာတော့ လစဉ်ကြေးပုံစံ ငွေထည့်ရတာတွေ ရှိနေပါတယ်။ငွေကြေးတတ်နိုင်သူတွေ နေထိုင်တဲ့ ရပ်ကွက်တွေမှာတော့ စစ်အုပ်စုကို လစဉ် ဆက်ကြေးသဘောမျိုး ကောက်ယူပြီး ပေါ်တာမဆွဲဘဲ ဆက်ကြေး မပေးနိုင်တဲ့ ရပ်ကွက်တွေ၊ ဆင်းရဲသား လက်လုပ်လက်စားတွေ နေထိုင်တဲ့ ရပ်ကွက်တွေနဲ့ မြို့စွန် ဆင်ခြေဖုံးရပ်ကွက်တွေကို အဓိကထား ပေါ်တာဆွဲတာဖြစ်တယ်။ ၂၀၂၄ ဒီဇင်ဘာလ ၁ရက်ကနေ ယခု ဇန်နဝါရီလလယ်အထိ မန္တလေးခရိုင် ခုနှစ်မြို့နယ်မှာ လူ ၅၀၀ ကျော်အထိ ပေါ်တာဆွဲ ဖမ်းဆီးခံရတယ်လို့ စစ်အုပ်စုရဲ့ ပေါ်တာဆွဲ ဖမ်းဆီးမှုတွေကို စောင့်ကြည့် မှတ်တမ်းတင် နေတဲ့ မန္တလေးသပိတ်အင်အားစုက ဖော်ပြထားတယ်။ဒီအရေအတွက်ဟာ မြေပြင်ကင်းထောက်နဲ့ သတင်းမီဒီယာတွေရဲ့ ဖော်ပြချက်ကို အခြေခံ တွက်ချက်ထားတာ ဖြစ်ပြီး ဖမ်းဆီးခံရသူအရေအတွက် ပိုများနိုင်တယ်။