နိုင်ငံတဝန်းလျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနိုင်မှု ကျဆင်းလာခြင်းမှာ ဒီတခေါက်ဟာသမိုင်းမှာ အဆိုးရွားဆုံးလို့ပြောလို့ရပါတယ်။တနေ့၈နာရီသာဓာတ်အားပေးမယ်လို့ဆိုပေမယ့် လေးနာရီလောက်ကလူအိပ်ချိန်နဲ့မီးအသုံးမပြုတဲ့ အချိန်တွေဖြစ်နေတယ်။အဲ့ဒီတော့တနေ့လေးနာရီသာ လျှပ်စစ်ဓာတ်အားရရှိနေတဲ့သဘောပဲ။ဒီလိုအခြေအနေမျိုးတသက်လုံး တစ်ခါမှမကြုံဖူးပါဘူး။အရင်ဦးသန်းရွှေခေတ် စစ်အစိုးရလက်ထက်ဆိုးဆိုးရွားရွားမီးပျက်ခဲ့တာတောင် တစ်နေ့၁၂နာရီလောက်မီးရခဲ့ကြသေးတယ်။မြန်မာပြည်သူတွေဟာ ခေတ်အဆက်ဆက်လျှပ်စစ်ဓာတ်အားအလှည့်ကျရရှိတဲ့စနစ်နဲ့ယဥ်ပါးနေပေမယ့် အခုတစ်နေ့လေးနာရီဆိုတဲ့အခြေအနေဟာ ဘယ်လိုမှအဆင်မပြေပါဘူး။၂၄နာရီမီးမှန်တဲ့အခြေအနေမျိုးကို ပြည်သူတွေဟာဒေါ်အောင်ဆန်းစုကြည်အစိုးရလက်ထက် ငါးနှစ်ခန့်သာကြုံံတွေ့ခဲ့ကြရတာပါ။
စစ်ကောင်စီကတော့အခုလို ဓာတ်အားပြတ်တောက်မှုအတွက် ထုံးစံအတိုင်းတော်လှန်ရေးအင်အားစုတွေကို အပစ်ပုံချပါတယ်။တော်လှန်ရေးအင်အားစုတွေက မဟာဓာတ်အားလိုင်းတွေကိုဖောက်ခွဲဖျက်စီးပစ်ခဲ့လို့ဆိုပြီး အပစ်ပုံချတယ်။ဒီလိုသာပြောကြကြေးဆိုရင် အခု၂၀၂၅ခုနှစ်ထဲရောက်လာချိန်မှာ စစ်ကောင်စီဟာတော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားတဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတစ်ခုလုံး၊ရခိုင်ပြည်နယ်နဲ့ချင်းပြည်နယ်တစ်ခုလုံးနီးပါး၊စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်ကနေရာဒေသအနှံအပြားကို လျှပ်စစ်ဓာတ်အားဖြတ်တောက်ထားတယ်လေ။ထိုဒေသတွေရဲ့ဧရိယာစုစုပေါင်းဟာ အနည်းဆုံးမြန်မာနိုင်ငံဧရိယာရဲ့သုံးပုံတစ်ပုံခန့်ရှိတယ်။မဟာဓာတ်အားလိုင်းစနစ်ထဲက ထိုဒေသတွေကိုပေးမယ့်ဓာတ်အားတွေ ဘယ်ရောက်သွားပြီလဲ။
စစ်အုပ်စုဟာသူတို့အသုံးမကျလို့ဖြစ်တဲ့ကိစ္စတိုင်းကို ဘယ်တော့မှဝန်မခံပဲအခြားသူတွေကိုသာ ထိုးချလေ့ရှိတယ်။အခုလဲမီးမှန်ဖို့အတွက် ကော်မရှင်ဖွဲ့ထားတယ်တဲ့။ဒါပေမယ့်သူတို့ဖွဲ့ထားတဲ့ကော်မရှင်မှာဗိုလ်ချုပ်တွေပဲပါပြီး ပညာရှင်တစ်ယောက်မှမပါပါဘူး။လျှပ်စစ်ဓာတ်အားပြတ်တောက်မှုတွေအတွက် စစ်ကောင်စီဆီကဘာမှမျှော်လင့်လို့မရပါဘူး။ပူပြင်းတဲ့နွေရာသီဟာ မကြာမှီရောက်လာတော့မှာပါ။ဒီပုံအတိုင်းဆိုနွေရာသီရောက်လာရင် လျှပ်စစ်မီးကိုမြင်ရတော့မယ်မထင်ဘူး။