ထိုင်းဝန်ကြီးချုပ် ပေထုံတန်ရှင်နာဝပ်အစိုးရသည် ပြီးပြည့်စုံပြီး ထိရောက်သော အစီအစဉ် သို့မဟုတ် နိုင်ငံရေးစိတ် မရှိခြင်းကြောင့် အိမ်နီးချင်းမြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေး ပြန်ဖော်ဆောင်မည့် ထိုင်း၏ နောက်ဆုံးကြိုးပမ်းမှုသည် အခက်အခဲပြဿနာများကို ကျော်လွှားနိုင်ဖွယ်မရှိကြောင်း ကျွမ်းကျင်သူများက ဆိုသည်။
လက်ရှိအကျပ်အတည်းများကို လျော့ပါးရန်နှင့် ငြိမ်းချမ်းရေးပြန်လည်တည်ဆောက်ရန် ထိုင်းနိုင်ငံက မြန်မာနိုင်ငံ၊ အိမ်နီးချင်းနိုင်ငံများနှင့် အာဆီယံအဖွဲ့ဝင်အချို့တို့နှင့် ဘန်ကောက်မြို့တွင် ဒီဇင်ဘာ ၁၉ ရက်မှ ၂၀ ရက်နေ့အထိ အစည်းအဝေးပွဲများ ကျင်းပခဲ့သည်။ ရည်ရွယ်ချက်မှာ မြန်မာ့အခြေအနေအပေါ် အမြင်ချင်းဖလှယ်ကြရန်နှင့် အာဆီယံ၏ ဘုံသဘောတူညီချက် ငါးရပ်ကို အကောင်အထည်ဖော်ရေး နည်းလမ်းများ ရှာဖွေရန်ဖြစ်သည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် စစ်အာဏာသိမ်းပြီးနောက် မြန်မာ့အကျပ်အတည်းသည် ထိုင်းနိုင်ငံအတွက် လုံခြုံရေး ခြိမ်းခြောက်မှုတခု ဖြစ်လာပြီး ထိုကိစ္စကို ကိုင်တွယ်ဖြေရှင်းရန် ထဲထဲဝင်ဝင်သိရှိပြီး ထိရောက်သည့် အစီအစဉ် လိုအပ်ကြောင်း ထိုင်းဝန်ကြီးချုပ်ရုံးမှ ဒု-ဝန်ကြီး နီပတ်သွန်လက်ခ်က ပြောသည်။
“မြန်မာနိုင်ငံက ပဋိပက္ခတွေကို ကမ္ဘာမှာ အရှည်ကြာဆုံး ပြည်တွင်းစစ်လို့ သတ်မှတ်နေကြပြီး တိုင်းရင်းသားတွေအတွက်တိုက်တဲ့ မူလရည်ရွယ်ချက်ကနေ အကျိုးအမြတ်အတွက်တိုက်တဲ့ စစ်ပွဲပုံစံ ဖြစ်သွားပြီ။ အသက်မွေးဝမ်းကြောင်းအတွက် အဓိက အာရုံစိုက်လာကြတယ်”ဟု အငြိမ်းစား ဗိုလ်ချုပ်ကြီး နီပတ်က မဟာဗျူဟာမူဝါဒ (CSP) အကြံပေးအဖွဲ့မှ ကျင်းပသော မကြာသေးမီ ဆွေးနွေးပွဲတခုတွင် ပြောကြားခဲ့သည်။
မကြာသေးမီက ထိုင်းအစိုးရ ဖွဲ့ထားသည့် ဗျူရိုကရေစီအဖွဲ့သည် အိမ်နီးချင်း မြန်မာနိုင်ငံ အကျပ်အတည်းကြောင့် ဖြစ်ပေါ်လာသော ခက်ခဲသည့်စိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းမည့် ထိရောက်သော လက်နက်တခု မဟုတ်ဟု ၎င်းက ပြောသည်။
မြန်မာအကျပ်အတည်းနှင့် ထိုင်းနိုင်ငံ၏ လုံခြုံရေးအပေါ် သက်ရောက်မှုများကို ကိုင်တွယ်ဖြေရှင်းရန် အောက်တိုဘာလက ဒု-ဝန်ကြီးချုပ် ဖန်သမ်ဝီချာယာချိုင် ဖွဲ့စည်းခဲ့သည့် အထူးကော်မတီကို နီပတ်က ရည်ညွှန်းပြောဆိုခဲ့ခြင်းဖြစ်သည်။
ထိုအဖွဲ့သည် မြန်မာနိုင်ငံ၏ အခြေအနေများကို ကိုင်တွယ်ဖြေရှင်းရန် အစိုးရအဖွဲ့များပေါင်းစည်းရေးအတွက် ဖွေထိုင်းပါတီ ဦးဆောင်သော အစိုးအဖွဲ့က ရွေးချယ်သည့် ဒုတိယမြောက်အဖွဲ့ဖြစ်သည်။ နိုင်ငံခြားရေးဝန်ကြီးဟောင်း ပါန်ပရီး ဘာဟီဒါ-နူခရာ ဦးဆောင်သော ပထမအဖွဲ့ကို ဧပြီလက တည်ထောင်ခဲ့သော်လည်း သြဂုတ်လ၌ ဆရက်သာသာဝီဆင်းအစိုးရ အဆုံးသတ်သွားချိန်တွင် နှုတ်ဆိတ်သွားခဲ့သည်။
နိုင်ငံခြားရေးဝန်ကြီး မာရစ်ဆာဂီအမ်ပွန်ဆာ ဦးဆောင်သော အဖွဲ့သစ်တွင် နိုင်ငံခြားရေး၊ ကာကွယ်ရေးနှင့် ပြည်ထဲရေး ဝန်ကြီးဌာနများမှ အမြဲတမ်း အတွင်းဝန်များ၊ ထောက်လှမ်းရေးအေဂျင်စီ အကြီးအကဲ၊ ထိုင်းစစ်တပ် အကြီးအကဲများ၊ ကြည်းတပ်နှင့် ရဲတပ်ဖွဲ့တို့ ပါဝင်သည်။
မြန်မာနိုင်ငံနှင့် စပ်လျဉ်း၍ ထိုင်း၏ မူဝါဒအကောင်အထည်ဖော်မှုကို အဟန့်အတား ဖြစ်စေသည့် အခြေခံအကျဆုံး အတားအဆီးမှာ ထိုင်းအစိုးရအဖွဲ့များ၏ လုပ်ငန်းဆောင်ရွက်မှုများ အားနည်းခြင်းဖြစ်သည်ဟု Kasetsart University မှ ပညာရှင် လာလီတာဟန်ဝေါင်က အဆိုပါ နှီးနှောဖလှယ်ပွဲတွင် ပြောကြားခဲ့သည်။
သက်ဆိုင်ရာ တဖွဲ့ချင်းစီသည် ဆင်တူသော လုပ်ဆောင်မှုများ ရှိသော်လည်း ပူးပေါင်းညှိနှိုင်းဆောင်ရွက်ရမည့်အစား ၎င်းတို့သည် မတူကွဲပြားသော နည်းလမ်းများနှင့် လမ်းညွှန်မှုများဖြင့် လုပ်ဆောင်နေကြကြောင်း လာလီတာက ပြောသည်။
အားမကိုးရသော အာဆီယံ
ထိုင်းနိုင်ငံအနေဖြင့် မြန်မာ့အခြေအနေကို ကိုင်တွယ်ရန် အာဆီယံအပေါ် အလွန်အကျွံ အားမကိုးသင့်ကြောင်း၊ အာဆီယံသည် မြန်မာကိစ္စ အရေးစိုက်ပုံမရဟု ထင်မြင်မိကြောင်းနှင့် ထိုင်းအနေဖြင့် အာဆီယံကို အားကိုးခြင်းထက် မိမိဘာသာ ကြိုးပမ်းအားထုတ်ရေး အာရုံစိုက်သင့်ကြောင်း နီပတ်က ပြောသည်။
အထူးသဖြင့် ထိုင်းစစ်ဦးစီးချုပ် ဆောင်ဝတ်နွန်းပက်ဒီနှင့် မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်တို့က ပူးတွဲဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေသည့် ထိုင်းအဆင့်မြင့်ကော်မတီ (HLC) မှ အစည်းအဝေးများကျင်းပခြင်းဖြင့် ထိုင်းသည် မြန်မာ့အရေးကိုင်တွယ်ရန် နှစ်နိုင်ငံအကြား ဖြေရှင်းရေးယန္တရားများစွာ ရှိကြောင်း လာလီတာက ပြောသည်။
“HLC က ထိုင်းရဲ့ မဟာဗျူဟာနဲ့ မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်တဲ့ တိုးတက်မှုကို အရှိန်မြှင့်ဖို့ ဖြတ်လမ်းတခုပါပဲ” ဟု မြန်မာ့အရေး ကျွမ်းကျင်သူဖြစ်သည့် လာလီတာက ဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီး မာရစ်သည် ဒီဇင်ဘာ ၂၀ ရက်က လာအို၊ အင်ဒိုနီးရှားနှင့် မလေးရှားနိုင်ငံတို့မှ နိုင်ငံခြားရေးဝန်ကြီးများနှင့် တွေ့ဆုံခဲ့ပြီး ငြိမ်းချမ်းရေးပြန်လည်ရရှိရန်နှင့် တိုက်ပွဲများဖြစ်ပွားနေသော မြန်မာနိုင်ငံသို့ လူသားချင်းစာနာထောက်ထားမှုအကူအညီများ ပေးအပ်ရန် ကြိုးပမ်းမှုအဖြစ် ၂၀၂၁ ခုနှစ် ဧပြီလတွင် ချမှတ်ခဲ့သော ဘုံသဘောတူညီချက်ငါးရပ် အကောင်အထည်ဖော်ရေး နည်းလမ်းရှာဖွေရန် ဆွေးနွေးခဲ့သည်။
ယမန်နှစ် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ အင်ဒိုနီးရှား၊ လက်ရှိ အာဆီယံဥက္ကဋ္ဌ လာအိုနှင့် နောင်နှစ်ဥက္ကဋ္ဌ မလေးရှားတို့ တက်ရောက်သည့် Trioka plus ခေါ် အလွတ်သဘော တွေ့ဆုံမှုမှ တိကျခိုင်မာသော ရလဒ်များ ထွက်ပေါ်လာခြင်း မရှိခဲ့ပေ။
အာဆီယံအဖွဲ့ဝင်နိုင်ငံအားလုံးသည် ဘုံသဘောတူညီချက် ငါးရပ်ကို ဆက်လက် လိုက်နာကာ မြန်မာ့ အကျပ်အတည်းကို ဖြေရှင်းရာတွင် တိုးတက်မှု သို့မဟုတ် အပြုသဘောဆောင်သော လက္ခဏာများကို မြင်တွေ့ရမည်ဟု မျှော်လင့်ကြောင်း၊ ဆုံးဖြတ်ချက်ဟူသမျှ၏ အကျိုးဆက်သည် မြန်မာပေါ်မှာသာ မူတည်ကြောင်းနှင့် မြန်မာအကြောင်း မြန်မာကသာလျှင် အသိဆုံးဖြစ်ကြောင်း မာရစ်က အစည်းအဝေးအပြီးတွင် သတင်းထောက်များအား ပြောကြားခဲ့သည်။
အာဆီယံအလွတ်သဘောအစည်းအဝေးမတိုင်မီတွင် မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်က ဇန်နဝါရီလအစ၌ အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် မလေးရှားတာဝန်စယူချိန်တွင် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်အား အလွတ်သဘောအကြံပေးအဖြစ် ခန့်အပ်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
သက်ဆင်၏ အခန်းကဏ္ဍကို ရှင်းရှင်းလင်းလင်းမသိရသော်လည်း အန်ဝါသည် မြန်မာ့ငြိမ်းချမ်းရေး ကြိုးပမ်းမှုများ အဆင်ပြေချောမွေ့စေရေးအတွက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အချို့နှင့် ချိတ်ဆက်မှုကို အားကောင်းစေရန် ထိုသို့ စီစဉ်ခြင်းဖြစ်ကြောင်း ထင်ကြေးပေးနေကြသည်။
ဧပြီလက သက်ဆင်၏ မြန့်မာ့အရေးကြိုးပမ်းမှု ကမ်းလှမ်းချက်မှာ မအောင်မြင်ခဲ့ဘဲ ကရင်အမျိုးသားအစည်းအရုံး (KNU) ၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ ကချင်အမျိုးသားအစည်းအရုံးနှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)တို့ အပါအဝင် သက်ဆိုင်သူများက ၎င်း၏ ဦးဆောင်ဦးရွက်ပြုမှုကို ငြင်းပယ်ခဲ့သည်။
အလှည့်ကျ အထူးသံတမန်စနစ်သည် မပြည့်စုံသည့် ကြိုးပမ်းမှုများ ဖြစ်ပေါ်စေပြီး မြန်မာနိုင်ငံမှ သက်ဆိုင်သူများနှင့် စဉ်ဆက်မပြတ် ထိတွေ့ဆက်ဆံမှု နည်းပါးခြင်းကြောင့် အာဆီယံတွင် အထူးသံတမန်တဦး ရှိသင့်ကြောင်း မဟာဗျူဟာမူဝါဒဌာန (CSP) က ဆွေးနွေးပွဲအတွင်း အဆိုပြုခဲ့သည်။
လက်ရှိအာဆီယံအလှည့်ကျဥက္ကဋ္ဌ၏ မူဝါဒကို အားကိုးနေခြင်းထက် အမြဲတမ်းသံတမန်က သတ်မှတ်သက်တမ်းတခုဖြင့် အာဆီယံတခုလုံး၏ ကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်ရန် လုပ်ပိုင်ခွင့်အပြည့်ရှိသင့်သည်ဟု နိုင်ငံခြားရေး ဒု-ဝန်ကြီးဟောင်း ဆီဟာဆက်ဖူအန်ကက်ကောင်က ဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။ ဝါရင့်သံတမန် ဆီဟာဆက်သည် CSP အကြံပေးအဖွဲ့ တည်ထောင်သည့် အဖွဲ့ဝင်ဖြစ်သည်။
ရှုပ်ထွေးသော နယ်စပ်
အလွတ်သဘောအာဆီယံအစည်းအဝေးမတိုင်မီ တရက်အလိုတွင် ထိုင်းနိုင်ငံသည် ဘင်္ဂလားဒေ့ရှ်၊ တရုတ်၊ အိန္ဒိယ၊ လာအိုနှင့် မြန်မာနိုင်ငံတို့မှ ဝန်ကြီးများနှင့် ခြောက်နိုင်ငံ အလွတ်သဘော ညှိနှိုင်းဆွေးနွေးပွဲကို လက်ခံကျင်းပကာ နယ်စပ်လုံခြုံရေးနှင့် မူးယစ်ဆေးဝါးမှောင်ခိုကူးမှု၊ လူမှောင်ခိုကူးမှုနှင့် လိမ်လည်မှုများလုပ်ဆောင်သည့်နေရာများကဲ့သို့သော နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုများဆိုင်ရာ ဘုံစိန်ခေါ်မှုများအပေါ် အမြင်ချင်းဖလှယ်ခဲ့ကြသည်။
ရှေ့ဆက် ပူးပေါင်းဆောင်ရွက်မည့် ကတိကဝတ်မှလွဲ၍ အစည်းအဝေးမှ တိကျခိုင်မာသောရလဒ်ထွက်ပေါ်ခဲ့ခြင်း မရှိပေ။ “နိုင်ငံတိုင်းက အဆိုပါကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန် အထူးသဖြင့် သတင်းအချက်အလက်ဖလှယ်ခြင်းနှင့် တရားဥပဒေစိုးမိုးရေးပူးပေါင်းလုပ်ဆောင်ရန် သဘောတူညီခဲ့ကြသည်” ဟု မာရစ်က ပြောကြားခဲ့သည်။
စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေအား နိုင်ငံရေးရည်ရွယ်ချက်ဖြင့် အစည်းအဝေးသို့ ဖိတ်ကြားခဲ့သော်လည်း ၎င်းသည် နယ်စပ်ရေးရာကိစ္စနှင့် ပတ်သက်၍ အထူးတလည် မပြောကြားခဲ့ပေ။ ၎င်းက မြန်မာနိုင်ငံ၏ နိုင်ငံရေးလမ်းပြမြေပုံနှင့် လာမည့်နှစ် ရွေးကောက်ပွဲအတွက် ပြင်ဆင်မှုများအကြောင်း ပြောခဲ့သည်။ စစ်ကောင်စီသည် အိမ်နီးချင်းနိုင်ငံများကဲ့သို့သော ပြည်ပမှ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူများကို ဖိတ်ကြားရန် ရည်ရွယ်ထားသည်ဟု မာရစ်က ဆိုသည်။
အိမ်နီးချင်းနိုင်ငံအားလုံးသည် မြန်မာဦးဆောင်ပြီး မြန်မာ့ကိုယ်ပိုင်နည်းလမ်းဖြင့် ငြိမ်းချမ်း၊ တည်ငြိမ်ပြီး စည်းလုံးညီညွတ်သော မြန်မာနိုင်ငံကို အတူမြင်လိုကြသည်ဟု မာရစ်က ပြောသည်။ မာရစ်က ငြိမ်းချမ်းသောနည်းလမ်းများရှာဖွေနိုင်ရေး အကြမ်းဖက်မှုများရပ်တန့်ရန်နှင့်တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ရန် နိုင်ငံတွင်းရှိ ပါတီအားလုံးကိုလည်း တိုက်တွန်းခဲ့သည်။
စစ်ကောင်စီသည် နိုင်ငံရေးနည်းလမ်းဖြင့် ငြိမ်းချမ်းစွာ အဖြေရှာရေး တွေ့ဆုံဆွေးနွေးရန် တံခါးဖွင့်ထားကြောင်း ဦးသန်းဆွေက အစည်းအဝေးတွင် ပြောကြားခဲ့သည်ဟု မာရစ်က ဆိုသည်။
လက်နက်ကိုင်တောက်လှန်ရေးသမားများသည် အများအားဖြင့် နယ်စပ်ဒေသများတွင် လှုပ်ရှားနေသောကြောင့် စစ်ကောင်စီတဖွဲ့တည်းနှင့် တရားဝင် ထိတွေ့ဆက်ဆံမှုသည် နယ်စပ်လုံခြုံရေး အစီအစဉ်များအတွက် ထိရောက်သော စီမံချက်များ မည်သည့်အခါမျှ ထွက်ပေါ်လာမည်မဟုတ်ပေ။ ရက္ခိုင့်တပ်တော် (AA)၊ မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) နှင့် ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) စသည့် အဖွဲ့အများအပြားသည် တရုတ်နိုင်ငံနှင့် နီးကပ်သော ဆက်ဆံရေးရှိသည်။
ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) တို့နှင့် လက်ရှိ ထိုင်းအစိုးအကြား ဆက်ဆံရေးသည် ကတောက်ကဆဖြစ်နေသည်။ လက်ရှိထိုင်းအစိုးရသည် မြန်မာစစ်တပ်နှင့် နီးကပ်သော ဆက်ဆံရေးရှိကြောင်း လုံခြုံရေးသတင်းရင်းမြစ်တခုက ပြောသည်။
ထိုင်းနိုင်ငံသည် သက်ဆိုင်သူအားလုံး၊ လက်နက်ကိုင်အဖွဲ့များနှင့် အပြုသဘောဆန်စွာ ထိတွေ့ဆက်ဆံရန်နှင့် ထိရောက်သော နယ်စပ်ထိန်းချုပ်ရေးအတွက် AI အခြေခံ စောင့်ကြည့်ရေးစနစ်များကဲ့သို့သော အဆင့်မြင့်နည်းပညာများကို အသုံးပြုရန် CSP မဟာဗျူဟာစာတမ်းတွင် အကြံပြုထားသည်။