ဒီဇင်ဘာဟာ နှစ်တနှစ်ရဲ့ အဆုံးသတ်ဖြစ်သလို ဒီဇင်ဘာလမှာ အံ့အားသင့်ဖွယ် အဆုံးသတ်တွေကို မြင်ရတယ်။
အာဏာရှင် ဆီးရီးယားသမ္မတ ဘာရှား အယ်လ် အာဆတ်ဟာ သူနေထိုင်တဲ့ နန်းတော်ကို စွန့်ပြီး နိုင်ငံက ထွက်ပြေးသွားရလိမ့်မယ်လို့ (စောစောပိုင်းက) ဘယ်သူမှ မထင်ခဲ့ကြဘူး။ ဒါပေမယ့် အာဆတ်ဟာ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၈ ရက်မှာ ရုရှားကို ကသောကမျောနဲ့ ထွက်ပြေးသွားခဲ့ရတယ်။
ဒီဇင်ဘာလ ပထမပတ်အတွင်း သူပုန်တပ်ဖွဲ့တွေက ဒုတိယအကြီးဆုံးမြို့ အလက်ပိုကို သိမ်းပိုက်ခဲ့တယ်။ အာဆတ်ဟာ သူ့စစ်သားတွေ စိတ်ဓာတ်ပြိုကွဲနေပြီဆိုတာ သိရှိဟန်မတူဘူး။
အာဏာရှင်တွေရဲ့ ထုံးစံအတိုင်း မြို့တော်မှာ သာသာယာယာနဲ့ ရှိနေတယ်။ အာဆတ်ကို တော်လှန်နေတဲ့ အာမက် အယ်လ်ရှာရား ဦးဆောင်တဲ့ သူပုန်အုပ်စု ဟာယတ် တာရီရာ အယ်လ် ရှမ် (HTS) ဟာ နှစ်ပတ်အတွင်း မြို့တော် ဒမတ်စကတ်ကို ချဉ်းကပ်လာချိန်မှာတော့ အာဆတ်ဟာ မြို့တော်ကနေ ဒရောသောပါးနဲ့ ထွက်ပြေးခဲ့ရတယ်။ အဲဒီနေ့ဟာ ဒီဇင်ဘာလ ၈ ရက်ပါ။
ဒီဇင်ဘာလ ၈ ရက်နေ့မှာပဲ မောင်တော အမှတ် (၅) နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ (နခခ ၅) ကျပါတယ်။ လပေါင်းအတန်ကြာ အတားအဆီးအကာအရံ အထပ်ထပ်ချထားတဲ့ တပ်ရင်းထဲကနေ ခုခံနေတဲ့ လက်ကျန် စစ်ကောင်စီတပ်ဟာ အာရက္ခတပ်တော် (AA) ရဲ့ ထိုးစစ်ကို မခံနိုင်တော့တဲ့အဆုံး အလံဖြူထောင် လက်နက်ချခဲ့ကြတယ်။
အားအင်ပြတ်လပ်၊ ပိန်ချုံးချိနဲ့နေတဲ့ စစ်ကောင်စီတပ်သားတွေဟာ နခခ ဌာနချုပ်ထဲကနေ တလှုပ်လှုပ်နဲ့ တန်းစီပြီး ထွက်လာကြတယ်။ ဒီအချိန်မှာ စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ဟာ ဇနီးသည်နဲ့အတူ သီးသန့်ချပေးထားတဲ့ ထိုင်ခုံကြီးပေါ်ကနေ အလံကလေးဝှေ့ရမ်းပြီး အမျိုးသားအားကစားပွဲတော် ဖွင့်ပွဲအခမ်းအနားကို ကြည့်ရှုနေခဲ့တယ်။
ရခိုင်ပြည်နယ်ရဲ့ အဓိကနယ်စပ်မြို့ မောင်တောကို AA က အပြီးသတ် သိမ်းပိုက်လိုက်ချိန်မှာ စစ်ခေါင်းဆောင်ဟာ ဘာသိဘာသာ အမျိုးသားအားကစားပွဲတော် အခမ်းအနားကို အားပေးကြည့်ရှုနေခဲ့တယ်။
ရခိုင်ပြည်နယ်ရဲ့ အဓိကနယ်စပ်မြို့ မောင်တောကို AA က အပြီးသတ် သိမ်းပိုက်လိုက်ချိန်မှာ စစ်ခေါင်းဆောင်ဟာ ဘာသိဘာသာ အမျိုးသားအားကစားပွဲတော် အခမ်းအနားကို အားပေးကြည့်ရှုနေခဲ့တယ်။
တိုက်ဆိုင်တယ်လို့ပဲ ဆိုရမလားမသိ။ ဒီဇင်ဘာလ ၂၀ ရက်မှာ လအတန်ကြာ တောင့်ခံနေတဲ့ စစ်ကောင်စီရဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ကျပါတယ်။ AA ဟာ စစ်ဌာနချုပ်အတွင်း ခုခံနေတဲ့ နောက်ဆုံးလက်ကျန် အရာရှိအချို့နဲ့ စစ်သားတွေကို ဖမ်းဆီးပြီး ဌာနချုပ်တခုလုံးကို သိမ်းပိုက်ခဲ့တယ်။ AA က ဖမ်းဆီးလိုက်သူတွေထဲမှာ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဒု တိုင်းမှူး ဗိုလ်မှူးချုပ် သောင်းထွန်းနဲ့ တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်ကျော်သန်းတို့ ပါဝင်တယ်။
နိုင်ငံရဲ့အနောက်ပိုင်းမှာ အဓိကကျတဲ့ စစ်တိုင်းကြီးတခု သိမ်းပိုက်ခံလိုက်ရချိန်မှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ ဇနီးသည်တို့ဟာ အမျိုးသားအားကစားပွဲတော် ပိတ်ပွဲအခမ်းအနားကို သီးသန့်ချပေးထားတဲ့ ထိုင်ခုံပေါ်ကနေ ထိုင်ကြည့်နေကြတယ်။ တိုက်ဆိုင်တယ်လို့ပဲ ဆိုရမလားမသိ။ ဖွင့်ပွဲအခမ်းအနားတုန်းက နခခ ၅ ကျပြီး ပိတ်ပွဲအခမ်းအနားမှာ နပခ ကျတယ်။
ဒီအဖြစ်အပျက်တွေဟာ ၂၀၂၄ ခုနှစ်၊ နှစ်ကုန်ခါနီး ဒီဇင်ဘာလမှာ ဖြစ်ခဲ့တာပါ။
မကြာမီ ၂၀၂၄ ခုနှစ်ဟာ ကုန်ဆုံးပါတော့မယ်။ ၂၀၂၄ ကုန်ဆုံးသွားသလို စစ်ကောင်စီရဲ့ နိဂုံးကလည်း တစစနဲ့ ရုပ်လုံးပေါ်လာနေပါပြီ။
မြန်မာ့သမိုင်းမှာ အခုလို စစ်တိုင်းကြီးနှစ်ခု လက်လွှတ်ဆုံးရှုံးခဲ့ရတဲ့ဖြစ်စဉ် မရှိခဲ့ပါဘူး။ ၁၉၇၂ ခုနှစ် နိုင်ငံတော်ကာကွယ်ရေးနဲ့ လုံခြုံရေးကို စနစ်တကျ ကွပ်ကဲဖို့ ဖွဲ့စည်းခဲ့တဲ့ စစ်တိုင်းကြီးတွေအနက် အဓိက စစ်တိုင်းကြီးနှစ်ခုဟာ လက်ရှိ စစ်ခေါင်းဆောင် မင်းအောင်လှိုင် လက်ထက်မှာ ပျောက်ဆုံးခဲ့ရပြီ ဖြစ်တယ်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက် အာဏာသိမ်းပြီးနောက်ပိုင်း လေးနှစ်တာကာလအတွင်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနဲ့ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြတဲ့ တော်လှန်ရေးအင်အားစုတွေဟာ မြို့ပေါင်း ၉၁ မြို့ကို သိမ်းပိုက်ထားပြီ ဖြစ်တယ်။
BBC သတင်းဌာနရဲ့ ထုတ်ပြန်ချက်အရ နိုင်ငံရဲ့ ၄ ပုံ ၁ ပုံ (၂၅ ရာခိုင်နှုန်း) သာ စစ်ကောင်စီရဲ့ ထိန်းချုပ်မှုအောက်မှာ ကျန်ရှိပြီး ကျန်နယ်မြေအားလုံးဟာ တော်လှန်ရေးအဖွဲ့အသီးသီးရဲ့ လက်အောက်ကို ရောက်ရှိနေပြီလို့ သိရတယ်။ ဒါဟာ ၂၀၂၄ ခုနှစ် ကုန်ဆုံးခါနီး မြန်မာပြည်မြေပုံ အခင်းအကျင်း ဖြစ်ပါတယ်။
နှစ်ကာလတာရှည် လက်နက်ကိုင်တော်လှန်ရေးနဲ့ ပတ်သက်လို့ နိုင်ငံရေးသုံးသပ်သူတွေကြား အငြင်းပွားကြတာ ရှိတယ်။ ရေရှည်မှာ အောင်မြင်ဖို့ မလွယ်ကူ။ ကျရှုံးပြိုကွဲမယ်ဆိုတဲ့ အယူအဆပါ။ ဒီအယူအဆမှားကြောင်း အာဆတ် ထွက်ပြေးသွားရတဲ့ ဆီးရီးယားဖြစ်စဉ်က လတ်တလော သက်သေပြပါတယ်။
နှစ်ကာလတာရှည် လက်နက်ကိုင်တော်လှန်ရေးနဲ့ ပတ်သက်လို့ နိုင်ငံရေးသုံးသပ်သူတွေကြား အငြင်းပွားကြတာ ရှိတယ်။ ရေရှည်မှာ အောင်မြင်ဖို့ မလွယ်ကူ။ ကျရှုံးပြိုကွဲမယ်ဆိုတဲ့ အယူအဆပါ။ ဒီအယူအဆမှားကြောင်း အာဆတ် ထွက်ပြေးသွားရတဲ့ ဆီးရီးယားဖြစ်စဉ်က လတ်တလော သက်သေပြပါတယ်။
အာဆတ်ဟာ အာရပ်နွေဦးတော်လှန်ရေးနဲ့အတူ ပေါ်ပေါက်လာတဲ့ ဆီးရီးယားပြည်သူတွေရဲ့ တော်လှန်ရေးကို အီရန်၊ ရုရှားတို့ရဲ့ အကူအညီနဲ့ နှစ်ကာလအတန်ကြာ ဖိနှိပ်ထားနိုင်ခဲ့တယ်။ ၂၀၁၁ ခုနှစ်က စတင်ခဲ့တဲ့ ဆီးရီးယားတော်လှန်ရေးဟာ ၂၀၂၄ ခုနှစ်မှာ အာဆတ် ထွက်ပြေးခြင်းနဲ့ နိဂုံးချုပ်သွားခဲ့တယ်။
တော်လှန်ရေးအုပ်စုတွေမှာ မတူညီ ကွဲပြားမှုတွေ ရှိခဲ့ကြပေမယ့် တခုတည်းသော ရည်မှန်းချက်ပန်းတိုင်က စစ်အာဏာရှင် အာဆတ် ဖယ်ရှားရေးပါ။ အာဆတ်ကို တွန်းလှန်ဖယ်ရှားလိုက်တဲ့ HTS အဖွဲ့ကို အမေရိကန်နဲ့ အနောက်အုပ်စုက အကြမ်းဖက်အဖွဲ့လို့ သတ်မှတ်ထားခဲ့ပေမယ့် အခုချိန်မှာတော့ ခေါင်းဆောင် အာမက် အယ်လ် ရှာရားကို ဆုကြေးငွေ ထုတ်ထားရာက ဖယ်ရှားပြီး အသိအမှတ်ပြု ဆက်ဆံလာတာ တွေ့ရတယ်။
အာဆတ်အလွန် ဆီးရီးယားဟာ ထင်ထားသလို ဖရိုဖရဲမဖြစ်ဘဲ အာမက် အယ်လ် ရှာရားရဲ့ ဦးဆောင်မှုအောက်မှာ အခုချိန်အထိ အခြေအနေ တည်ငြိမ်နေတာ တွေ့ရတယ်။
မြန်မာ့နွေဦးတော်လှန်ရေးကရော ဘယ်လိုအခြေအနေကို ရောက်ရှိနေပြီလဲ။
စစ်အာဏာသိမ်းပြီး လေးနှစ်တာကာလအတွင်း နိုင်ငံဟာ အဘက်ဘက်က လုံးဝချွတ်ခြုံကျ ပျက်စီးသွားခဲ့တယ်။ အာဏာကို ရသလောက် ကုပ်တွယ်ရယူထားဖို့ ကြံရွယ်ထားတဲ့ စစ်ခေါင်းဆောင်ဟာ လေးနှစ်ပြည့်လာချိန်မှာ ထွက်ပေါက်ရှာဖို့ လမ်းစရှာလာပါတယ်။
နိုင်ငံရဲ့ ထက်ဝက်မကတဲ့ နယ်မြေတွေကို စွန့်လွှတ်ထားရပြီး တနေ့တခြား ချွတ်ခြုံကျလာတဲ့ စီးပွားရေးအခြေအနေ၊ တနေ့တခြား လက်လွှတ်ဆုံးရှုံးလာရတဲ့ နယ်မြေတွေကြောင့် စစ်ကောင်စီဟာ ထွက်ပေါက်မဲ့အနေအထားတခုကို ရောက်လာနေတယ်။
မြန်မာစစ်တပ်ဟာ ၁၉၈၈ ခုနှစ် ဒီမိုကရေစီလူထုအုံကြွမှုကို နှိမ်နင်းပြီး အာဏာရယူပြီးကတည်း နိုင်ငံကို စစ်အာဏာရှင် အုပ်ချုပ်ရေးစနစ်အောက် သွတ်သွင်းထားရှိဖို့ နည်းလမ်းပေါင်းစုံနဲ့ ကြိုးပမ်းခဲ့တယ်။ လက်ရှိ စစ်ဗိုလ်ချုပ်မျိုးဆက်ဟာ အရင် စစ်ဗိုလ်ချုပ်မျိုးဆက်က ဆင်းသက်လာသူတွေဖြစ်ပြီး နိုင်ငံနဲ့ လူထုအပေါ်ထားရှိတဲ့ အတွေးအခေါ်ကလည်း အတူတူပဲဖြစ်တယ်။
အရင်စစ်ခေါင်းဆောင် ဦးသန်းရွှေဟာ အာဏာရယူပြီး နှစ်ပေါင်း ၂၀ နီးပါးမှာ သူလိုချင်တဲ့ပုံစံအတိုင်း နိုင်ငံဖွဲ့စည်းပုံကို ရေးဆွဲပြီး ထွက်ပေါက်ရှာသွားခဲ့တယ်။ လူထုအထက်မှာ စစ်အာဏာရှင် လူတန်းစားတရပ် ထာဝရ တည်ရှိနေရေးမူဝါဒကို ချမှတ်သွားခဲ့တယ်။
ဦးသန်းရွှေ တည်ဆောက်ခဲ့တဲ့ အိပ်မက်ကို လက်ရှိစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဖြိုဖျက်ပစ်လိုက်တယ်။ သူဟာ ဦးသန်းရွှေအနီး ရောက်ရှိလာတဲ့ စစ်ဗိုလ်ချုပ်တွေအနက် အသက်အငယ်ဆုံးနဲ့ အရည်အချင်းအနိမ့်ဆုံးသူတဦး ဖြစ်တယ်။
ဦးသန်းရွှေရဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်ပြီး အာဏာလုယူခဲ့တဲ့ မင်းအောင်လှိုင်ဟာ အာဏာလုပြီးနောက်ပိုင်း အရင်စစ်ဗိုလ်ချုပ်တွေရဲ့ လုပ်နည်းလုပ်ဟန်အတိုင်း အာဏာကို ဆက်လက် ဆုပ်ကိုင်ဖို့ ကြိုးပမ်းခဲ့တယ်။
ဦးသန်းရွှေရဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်ပြီး အာဏာလုယူခဲ့တဲ့ မင်းအောင်လှိုင်ဟာ အာဏာလုပြီးနောက်ပိုင်း အရင်စစ်ဗိုလ်ချုပ်တွေရဲ့ လုပ်နည်းလုပ်ဟန်အတိုင်း အာဏာကို ဆက်လက် ဆုပ်ကိုင်ဖို့ ကြိုးပမ်းခဲ့တယ်။
ဒါပေမယ့် ဒီတကြိမ်ဟာ အရင်တုန်းကနဲ့မတူ အဘက်ဘက်က ပြိုကွဲလာနေပြီး ထွက်ပေါက်မဲ့ အနေအထားကို ရောက်ရှိလာနေတယ်။ ဒီတကြိမ် လူထုဆန္ဒကို ဆန့်ကျင်၊ လူထုရွေးချယ်တင်မြှောက်ထားတဲ့ အစိုးရတရပ်ကို လက်နက်နဲ့ ဖယ်ရှားခဲ့တာ ၂၀၂၁ ပါ။ ၁၉၈၈ မဟုတ်ပါဘူး။
လူထုတရပ်လုံးကို လက်နက်နဲ့ ဖိနှိပ်အုပ်ချုပ်ပြီး မိမိတို့အလိုကျ စစ်အာဏာရှင်စနစ် တည်ဆောက်မယ့် မင်းအောင်လှိုင်ရဲ့ အိပ်မက်ဟာ တိုင်းပြည်ပြိုကွဲပျက်စီးခြင်းနဲ့အတူ လေးနှစ်အကြာ ၂၀၂၄ ခုနှစ်အကုန်မှာ သိသိသာသာ ပြိုကျပျက်စီးလာခဲ့ပြီ ဖြစ်တယ်။
၂၀၂၄ ခုနှစ်ဟာ မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ စစ်အုပ်စုအတွက် အထိနာဆုံးနဲ့ ဆုံးရှုံးမှုအများဆုံး နှစ်တနှစ်ပါ။ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး ညီနောင်မဟာမိတ် သုံးဖွဲ့ရဲ့ ၁၀၂၇ ပထမလှိုင်း စစ်ဆင်ရေး၊ ၁၀၂၇ ဒုတိယလှိုင်း စစ်ဆင်ရေးအတွင်း ရှမ်းပြည်အရှေ့မြောက်၊ ရှမ်းပြည်မြောက်ပိုင်း၊ မန္တလေးတိုင်းနယ်စပ်အထိ၊ စစ်ကိုင်း၊ မကွေး၊ ချင်း၊ ရခိုင်ပြည်နယ်တခုလုံးကို သိမ်းပိုက်ခဲ့ပြီး ကယား၊ ကရင်၊ တနင်္သာရီနယ်မြေတချို့ဟာ တော်လှန်ရေးအင်အားစုတွေရဲ့ ထိန်းချုပ်မှုအောက်ကို ရောက်နေပါပြီ။ လက်ရှိအခြေအနေမှာ စစ်ကောင်စီ ထိန်းချုပ်နယ်မြေဟာ နေပြည်တော်၊ မန္တလေးနဲ့ ရန်ကုန်၊ ဧရာဝတီ ကွက်ကွက်ကလေးပဲ ကျန်ပါတော့တယ်။
မကြာမီက အမ်း နပခစစ်ဌာနချုပ်ကို သိမ်းပိုက်လိုက်ပြီးတဲ့နောက် AA ဟာ ဧရာဝတီတိုင်းကိုပါ စတင် ခြိမ်းခြောက်လာနေပြီ ဖြစ်တယ်။ ၂၀၂၄ ခုနှစ်အတွင်း ညီနောင်သုံးဖွဲ့ (ကိုးကန့်မဟာမိတ်အဖွဲ့ MNDAA, တအာင်း ပလောင်လွတ်မြောက်ရေးအဖွဲ့ TNLA, ရခိုင် AA) နဲ့ တော်လှန်ရေးအုပ်စုတွေရဲ့ ၁၀၂၇ စစ်ဆင်ရေးဟာ စစ်ကောင်စီတပ်ကို အကြီးအကျယ် ဖြိုလှဲဖျက်ဆီးနိုင်ခဲ့ပြီး လျင်မြန်တဲ့အဟုန်နဲ့ မြို့တွေ တမြို့ပြီးတမြို့ ဆက်တိုက် သိမ်းပိုက်နိုင်ခဲ့တယ်။
မြောက်ပိုင်းမှာ အဓိကကျတဲ့ လောက်ကိုင်မြို့ကို MNDAA က ထိန်းချုပ်နိုင်ခဲ့ပြီး ဩဂုတ်လ ၃ ရက်မှာ လားရှိုးမြို့နဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရပခ) ကို သိမ်းပိုက်ခဲ့သလို အဓိကကျတဲ့ မိုးကုတ်၊ သီပေါ၊ ကျောက်မဲ၊ နမ္မတူ၊ နောင်ချိုအထိ TNLA လက်အောက်ကို ကျရောက်ခဲ့တယ်။
ရခိုင်ပြည်နယ်မှာ ၁၀၂၇ စစ်ဆင်ရေး စတင်ချိန်ကစပြီး တနှစ်တာကာလအတွင် အမ်းမြို့နဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် အပါအဝင် အဓိကနယ်စပ် မောင်တောခရိုင်၊ ပလက်ဝခရိုင်၊ နာမည်ကျော် ငပလီကမ်းခြေ တည်ရှိတဲ့ သံတွဲခရိုင်အပါအဝင် မြို့ပေါင်း ၁၄ မြို့ဟာ AA ရဲ့ လက်အောက်ကို ကျရောက်သွားခဲ့ပြီ ဖြစ်တယ်။
၂၀၂၄ ခုနှစ်ဟာ မြန်မာပြည်မြေပုံ အရောင်ပြောင်းလဲသွားတဲ့ နှစ်တနှစ်ဖြစ်သလို မြန်မာ့သမိုင်းတလျှောက် မြန်မာစစ်တပ်ရဲ့ ဂုဏ်သိက္ခာအမဲ့ဆုံး ရှုံးနိမ့်မှုတွေကို ဆက်တိုက် မြင်တွေ့ကြရတဲ့ နှစ်တနှစ်လည်း ဖြစ်တယ်။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနဲ့ စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်နေကြတဲ့ တော်လှန်ရေးအဖွဲ့များရဲ့ သိသာထင်ရှားတဲ့ အောင်မြင်မှုမှတ်တိုင်တွေ တတိုင်ပြီးတတိုင် စိုက်ထူနိုင်တဲ့ နှစ်တနှစ်လည်းဖြစ်တယ်။
တော်လှန်ရေးအဖွဲ့တွေရဲ့ အောင်မြင်မှုအရှိန်အဟုန်ဟာ အခုချိန်အထိ အားကောင်းနေဆဲဖြစ်ပြီး စစ်ကောင်စီတပ်ဟာ သိမ်းပိုက်ခံနယ်မြေတွေကို ပြန်လည်ရယူနိုင်စွမ်းလည်း မရှိတော့တာ တွေ့ရတယ်။ လေကြောင်းအားသာချက် တခုကိုသာ အသုံးချပြီး မြို့ရွာတွေအပေါ် ဗုံးကြဲတိုက်ခိုက်ခြင်းမှအပ စစ်ကောင်စီတပ်ဟာ မြေပြင်စွမ်းဆောင်ရည် မရှိတော့သလို စုဆောင်းခံစစ်သားသစ်တွေရဲ့ စိတ်ဓာတ်ပိုင်း ကျဆင်းနေပြီး တိုက်ရည်ခိုက်ရည် မရှိတော့တာတွေ့ရတယ်။
ရွေးကောက်ပွဲထွက်ပေါက်
နိုင်ငံနယ်မြေ သုံးပုံနှစ်ပုံမက လက်လွှတ်ဆုံးရှုံးလာနေချိန်မှာ စစ်ကောင်စီဟာ ၂၀၂၅ ခုနှစ်မှာ ရွေးကောက်ပွဲ ကျင်းပမယ်လို့ တဖွဖွဆိုနေတယ်။ ပြီးခဲ့တဲ့ရက်ကပဲ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေဟာ ထိုင်းကိုသွားပြီး အိမ်နီးချင်းနဲ့ အာဆီယံနိုင်ငံတွေကို ရွေးကောက်ပွဲလုပ်မယ့်အကြောင်း ဈေးဗန်းခင်းခဲ့တယ်။
စစ်ကောင်စီရဲ့ ရွေးကောက်ပွဲအစီအစဉ်ကို တရုတ်က ထောက်ခံပြီး အာဆီယံနိုင်ငံတွေကတော့ နိုင်ငံရေးပြဿနာတွေကို ဦးစားပေး ဖြေရှင်းစေချင်ကြတယ်။ နယ်မြေတွေ လက်လွှတ်ဆုံးရှုံးရမှု များပြားလာခြင်းနဲ့အတူ စစ်ကောင်စီရဲ့ တရားဝင်မှုဟာ တဖြည်းဖြည်းနဲ့ ကျဆင်းလာနေတယ်။ စစ်ကောင်စီဟာ ၂၀၂၅ ခုနှစ်အတွင်း ရသမျှနယ်မြေတချို့မှာ ရွေးကောက်ပွဲကျင်းပဖို့ ကြံရွယ်နေပြီး ဒါကို ထွက်ပေါက်တခုလို့ ယူဆထားပုံရတယ်။
စစ်ကောင်စီရဲ့ ရွေးကောက်ပွဲအစီအစဉ်ကို တရုတ်က ထောက်ခံပြီး အာဆီယံနိုင်ငံတွေကတော့ နိုင်ငံရေးပြဿနာတွေကို ဦးစားပေး ဖြေရှင်းစေချင်ကြတယ်။ နယ်မြေတွေ လက်လွှတ်ဆုံးရှုံးရမှု များပြားလာခြင်းနဲ့အတူ စစ်ကောင်စီရဲ့ တရားဝင်မှုဟာ တဖြည်းဖြည်းနဲ့ ကျဆင်းလာနေတယ်။ စစ်ကောင်စီဟာ ၂၀၂၅ ခုနှစ်အတွင်း ရသမျှနယ်မြေတချို့မှာ ရွေးကောက်ပွဲကျင်းပဖို့ ကြံရွယ်နေပြီး ဒါကို ထွက်ပေါက်တခုလို့ ယူဆထားပုံရတယ်။
လက်ရှိအခြေအနေမှာတော့ တော်လှန်ရေးအင်အားစုတွေရဲ့ နယ်မြေချဲ့ထွင် စိုးမိုးလာမှုဟာ ကင်ဆာဆဲလ်လို နေပြည်တော်နဲ့ တဖြည်းဖြည်း နီးကပ်လာနေပြီ ဖြစ်တယ်။ တိုင်းစစ်ဌာနချုပ်နှစ်ခုကို လက်လွှတ်ဆုံးရှုံးထားရပြီး တော်လှန်ရေးစစ်မျက်နှာပေါင်းစုံနဲ့ ရင်ဆိုင်တိုက်ခိုက်နေရတဲ့ စစ်ကောင်စီဟာ ၂၀၂၅ ခုနှစ်မှာ ဆက်လက် တောင့်ခံနိုင်ပါ့မလားဆိုတာ ခုချိန်မှာ သံသယဝင်စရာဖြစ်လာပြီလို့ ဆိုရမယ်။
၂၀၂၄ နှစ်ဆန်းက အရှေ့မြောက် ကိုးကန့်ဒေသ လောက်ကိုင် သိမ်းပိုက်မှုနဲ့ အရာရှိစစ်သည် ထောင်ချီ လက်နက်ချ အဖမ်းခံရတဲ့မြင်ကွင်းဟာ ၂၀၂၄ နှစ်ကုန်ပိုင်း ရခိုင်ပြည်နယ် မောင်တော နခခ ၅ သိမ်းပိုက်မှု၊ အမ်းမြို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် သိမ်းပိုက်မှုနဲ့ ဗိုလ်မှူးချုပ်အဆင့်ရှိ ဒုတိုင်းမှုးအပါအဝင် အရာရှိ၊ စစ်သည်တွေ ဖမ်းဆီးခံရတဲ့မြင်ကွင်းအထိ မပြီးဆုံးသေးပါဘူး။
တနှစ်တာအတွင်း စစ်တိုင်းကြီး နှစ်တိုင်း ကျရှုံးခဲ့ရတဲ့အထိ စွမ်းဆောင်ရည် ညံ့ဖျင်းနေတဲ့ စစ်ကောင်စီတပ်ဟာ ၂၀၂၅ ခုနှစ်မှာ ဆက်လက် သက်ဆိုးရှည်နိုင်ပါ့မလား။
ဆီးရီးယားတော်လှန်ရေးအုပ်စု HTS နဲ့ တူရကီ ထောက်ခံအားပေးတဲ့ တော်လှန်ရေးပူးပေါင်းအုပ်စုတွေဟာ နိုဝင်ဘာလ ၂၉ ရက်မှာ ဒုတိယအကြီးဆုံး အလက်ပိုမြို့ကို စတင်ထိုးစစ်ဆင်ခဲ့ပြီး နိုဝင်ဘာလ ၃၀ ရက်နေ့မှာ အလက်ပိုမြို့ကို သိမ်းပိုက်နိုင်ခဲ့ကြတယ်။
ဒီလက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေဟာ လျင်မြန်တဲ့အဟုန်နဲ့ ဆက်လက် ချီတက်ခဲ့ကြပြီး မြောက်ဘက် ဟားမားမြို့ကို ဒီဇင်ဘာလ ၅ ရက်မှာ သိမ်းပိုက်ခဲ့တယ်။ ဒီဇင်ဘာလ ၈ ရက်နေ့မှာတော့ မြို့တော် ဒမတ်စကတ်ကို ရောက်ရှိလာပြီး ဒမတ်စကတ်ကို သိမ်းပိုက်ခဲ့ကြတယ်။
လက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေ ရောက်ရှိမလာခင်လေးမှာပဲ သမ္မတ ဘာရှား အယ်လ် အာဆတ်ဟာ လေယာဉ်နဲ့ ရုရှားကို ထွက်ပြေးသွားခဲ့တယ်။ ၁၄ နှစ်ကြာ ဆီးရီးယားပြည်တွင်းစစ်ဟာ အာဆတ် ထွက်ပြေးသွားခြင်းနဲ့အတူ ပြီးဆုံးသွားခဲ့တယ်။
တခါတရံ မပြိုလဲတော့ဘူးလို့ ထင်ရတဲ့ အာဏာရှင် အုတ်တံတိုင်းဟာ ရုတ်ချည်း အလွယ်တကူ ပြိုလဲသွားနိုင်တယ်ဆိုတာ ဆီးရီးယားက သက်သေပြနေတယ်။