မြန်မာ့စီးပွားရေး ဆက်လက်ကျဆင်းနေဦးမယ်လို့ ကမ္ဘာ့ဘဏ်ခန့်မှန်းလိုက်ပါတယ်။ မြန်မာနိုင်ငံရဲ့ GDPဟာ ဒီနှစ်ထဲမှာ ၁ ရာခိုင်နှုန်းတက်မယ်လို့ ကနဦးခန့်မှန်းခဲ့ပေမယ့် လက်တွေ့မှာ ၁ ရာခိုင်နှုန်း ကျဆင်းခဲ့တယ်လို့ ဆိုတယ်။ ပြည်တွင်းစစ်ဖြစ်နေတာကြောင့် စီးပွားရေး တိုးတက်မှုနှုန်းဟာ ဆက်လက်ပြီး ဆုတ်ယုတ် ကျဆင်းနေဦးမှာပါ။
၂၀၂၁ ခုနှစ်မှာ စစ်တပ်က အာဏာသိမ်းပြီးချိန် ကတည်းက နိုင်ငံအနှံ့ လက်နက်ကိုင် တော်လှန်ရေး လှုပ်ရှားမှုတွေ အားကောင်းလာခြင်းနဲ့အတူ ပြည်တွင်းစစ် အစပြုခဲ့တဲ့ နိုင်ငံဟာ ကျပ်ငွေတန်ဖိုးကျဆင်းမှု၊ လျှပ်စစ်ဓာတ်အားမလုံလောက်မှု၊ လုပ်သားပြတ်လပ်မှု ပြဿနာတွေနဲ့ရုန်းကန်နေရတယ်။ ဒါ့အပြင် စက်တင်ဘာလမှာ ကြုံတွေ့ခဲ့တဲ့ ဆိုးရွားတဲ့ ရေကြီးမှုတွေ အပါအဝင် သဘာဝ ဘေးအန္တရာယ်တွေကလည်း နိုင်ငံရဲ့ စီးပွားရေး တိုးတက်မှုကို နောက်ပြန်ဆွဲသလို ဖြစ်ခဲ့ပါတယ်။ အဲဒီလို ဘက်ပေါင်းစုံ ကျဆင်းမှုတွေရဲ့ အဓိက အကျဆုံး အကြောင်းတရားဟာ စစ်အာဏာသိမ်းမှုနဲ့ နောက်ဆက်တွဲ ပြည်တွင်းစစ်ကြောင့်ပါပဲ။
ရှေ့လျောက်စစ်ရေး အခြေအနေတွေ ပိုဆိုးလာနိုင်တာ၊ စစ်တပ်က ဦးစီးကျင်းပဖို့ ကြိုးစားနေတဲ့ ရွေးကောက်ပွဲ နောက်ဆက်တွဲ အလားအလာတွေ ခန့်မှန်းရ ခက်နေသေးတာ၊ နောက်ထပ် သဘာဝ ဘေးအန္တရာယ် တစ်ခုခု ကြုံလာတာတွေ ရှိမယ်ဆိုရင် နိုင်ငံရဲ့ စီးပွားရေးပြသနာဟာ ဆိုးသထက် ပိုဆိုးလာနိုင်တယ်။ စစ်ကောင်စီရဲ့ စီးပွားရေးဆိုင်ရာကန့်သတ်မှုတွေနဲ့ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုတွေဟာ ကုန်ထုတ်လုပ်မှုနဲ့ အခြားကဏ္ဍမျိုးစုံတွေကို အကြီးအကျယ် အထိနာစေတယ်။
အခြေအနေကို ဆိုးသထက် ဆိုးရွားစေတာက အခုနှစ်ပိုင်းတွေအတွင်း မြန်မာကနေ ပြည်ပကို ထွက်ခွာမှုတွေအရမ်းများပြားလာခြင်းဖြစ်ပြီး ပြည်တွင်းမှာ လုပ်သားအင်အားနဲ့ လူသားရင်းမြစ် ပြတ်တောက်မှုတွေကို ဖြစ်ပေါ်လာစေတယ်။နှစ်ဆန်းပိုင်းမှာ အာဏာသိမ်း စစ်တပ်က စစ်မှုမထမ်း မနေရ စနစ်ကို အသက်သွင်းခဲ့တာကလည်း လူငယ်တွေ ပြည်ပကို ပိုပြီး ထွက်ခွာစေဖို့ တွန်းအား ဖြစ်လာတယ်။ စစ်ကောင်စီရှိနေသ၍တော့ မြန်မာ့စီးပွားရေးဟာတိုးတက်လာဖို့ လမ်းမမြင်ပါဘူး။