နွေဦးတော်လှန်ရေးအတွက် အရေးကြီးပြီးထူးခြားလှတဲ့ ဖြစ်ရပ် သုံးခု နိုဝင်ဘာလ နောက်ဆုံးပါတ်မှာပေါ်ပေါက်ခဲ့ပါတယ် ။
ပထမဆုံးဖြစ်ရပ်ကတော့ နိုဝင်ဘာ ၂၆ ရက်နေ့မှာအမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ယာယီသမ္မတ ဒူဝါလရှီးလ က အစိုးရအဖွဲ့အစည်းအဝေးမှာ NUG အစိုးရဟာ အဝေးရောက်အစိုးရဖြစ်လို့မရဘူး။ ပြည်တွင်းမှာလက်တွေ့ကြကြ အင်အားတည်ဆောက်ကြရမှာဖြစ်လို့ ပြည်ပရောက်အစိုးရအဖွဲ့ဝင်တွေပြည်တွင်းမှာ ပြန်လာစုစည်းအလုပ်လုပ်ကြဖို့ တိုက်တွန်းချက်ပဲ ဖြစ်ပါတယ် ။
ဒုတိယဖြစ်ရပ်ကတော့ ယာယီသမ္မတက NUG အစိုးရအဖွဲ့ဝင်တွေကို ပြည်တွင်းပြန်လာဖို့ တိုက်တွန်းပြီး နောက်တစ်နေ့မှာပဲ အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်ကို ဖမ်းဝရမ်း ထုတ်ပေးဖို့ နိုင်ငံတကာ ရာဇဝတ် ခုံရုံး(ICC)တရားသူကြီးတွေကို ရှေ့နေချုပ် ကာရင် ခန်းက တောင်းဆိုလိုက်တာပါ။
တတိယဖြစ်ရပ်ကတော့ ကချင်လွတ်လပ်ရေးအဖွဲ့အစည်း (KIO) ကသိမ်းပိုက်ထိန်းချုပ်ထားပြီဖြစ်တဲ့ စစ်တပ်လက်အောက်ခံ ဦးစခုန်တိန့်ယိန်း မင်းမူစိုးမိုးခဲ့တဲ့ ကချင်အထူးဒေသ (၁) သတ်မှတ်ချက်ကို နိုဝင်ဘာ ၂၈ ရက်နေ့ကစပြီး အပြီးတိုင်ဖျက်သိမ်းလိုက်တာဖြစ်ပါတယ် ။
ဒီဖြစ်ရပ်ကြီး သုံးခုဟာ သုံးရက်အတွင်း ဆက်တိုက်ပေါ်ပေါက်လာခဲ့တာဖြစ်ပါတယ် ။ ဒီဖြစ်ရပ်သုံးခုစလုံးဟာ အာဏာသိမ်းစစ်အုပ်စုအတွက် အထိနာစရာ ၊မခံချီမခံသာဖြစ်ခဲ့သလို့ ပြည်သူတွေအတွက်တော့ အားတက်စရာတွေဖြစ်ခဲ့ပါတယ် ။
▪︎NUG အစိုးရအဖွဲ့ဝင်တွေပြန်လာဖို့ဘာကြောင့်အရေးကြီးတာလဲ
NUG ယာယီသမ္မတ ဒူဝါလရှီလက ပြည်ပရောက်အစိုးရ အဖွဲ့ဝင်တွေအားလုံး ပြည်တွင်း ပြန်လာပြီး လက်တွေ့ကြကြအလုပ် လုပ်ကြဖို့ တိုက်တွန်းချက်ဟာ ပြည်သူအများစုရဲ့ ဆန္ဒနဲ့ ကိုက်ညီသလို ၊ပြည်သူတွေကိုလည်း အားတက်စရာ ဖြစ်စေခဲ့တာကိုတွေရပါတယ် ။
အထူးသဖြင့်နွေဦးတော်လှန်ရေးအပေါ် အိမ်နီးချင်း အင်အားကြီး တရုတ်နိုင်ငံရဲ့ ဝင်ရောက် စွက်ဖက်မှုတွေ ပိုပြီးအတင့်ရဲလာချိန် ၊ စစ်ကောင်စီက ၂၀၂၅ ခုနှစ်မှာရွေးကောက်ပွဲလုပ်ပြီးနိုင်ငံရေးအရ ထွက်ပေါက်ရှာဖို့ ကြိုးစားနေချိန် ၊ NUG/PDF အပါအဝင် တော်လှန်ရေး အင်အားစုတွေက မြေပြင်မှာစိုးမိုးနိုင်တဲ့ ဒေသကျယ်ပြန့်လာချိန်မှာ ယာယီသမ္မတ ဒူဝါလရှီးလ က NUGအစိုးရအဖွဲ့ဝင်တွေကိုပြည်တွင်းမှာ စုစည်းအလုပ်လုပ်ကြဖို့ တိုက်တွန်းလိုက်တာဖြစ်ပါတယ် ။ဒီတိုက်တွန်းချက်ဟာ နွေဦးတော်လှန်ရေးကာလ ၄ နှစ်နီးပါးအတွင်းမှာပထမဆုံးအကြိမ်ဖြစ်ပါတယ်။
ဒီတိုက်တွန်းချက်ဟာ ဘာကြောင့် အရေးကြီးလဲ ဆိုရင် တရုတ်နိုင်ငံဟာ ၂၀၂၄ သြဂုတ် လလယ်မှာ နိုင်ငံခြားရေးဝန်ကြီးဝမ်ယိရဲ့ နေပြည်တော်ခရီးစဥ်အပြီး အာဏာလု စစ်အုပ်စုဘက်ကို သိသိသာသာရပ်တည်ခဲ့ပါတယ် ။ဒါကြောင့် နိုဝင်ဘာလဆန်းမှာ အာဏာသိမ်းခေါင်းဆောင်ကို တရုတ်နိုင်ငံကူမင်းမြို့ကိုဖိတ်ခေါ်ပြီး မဲခေါင်-လန်ချန်းထိပ်သီးအည်းအဝေးတက်ရောက်စေပြီး အသိအမှတ်ပြုကြောင်းပြသခဲ့ပါတယ် ။
စစ်အုပ်စုဘက်က ဘာတွေပေးခဲ့ရတယ်မသိရသေးပေမယ့် မြန်မာနိုင်ငံအတွင်းကတရုတ်စီမံကိန်းတွေလုံခြုံရေးအတွက် နှစ်နိုင်ငံ ပုဂ္ဂလိကလုံခြုံရေးကုမ္ပဏီခေါင်းစဥ်အောက်ကနေ မြန်မာနိုင်ငံထဲကို တရုတ်လက်နက်ကိုင်အဖွဲ့ဝင်တွေ ဝင်ရောက်ဖို့ စီစဥ်နေကြချိန်လည်းဖြစ်ပါတယ်။ စစ်ကောင်စီ အကြပ်ဆိုက်နေတဲ့ ဘဏ္ဍာရေးအကြပ်အတည်းကို တရုတ်က ရေနံ နဲ့သဘာဝဓါတ်ငွေ့ဖိုး ခေါင်းစဥ်အပါအဝင် ခေါင်းစဥ်မျိုးစုံနဲ့ငွေကြေးထောက်ပံ့ခဲ့ပါတယ် ။
လားရှိုးမြို့က အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) ကျသလို အခြားမြို့အများအပြားလည်းရက်ပိုင်းအတွင်းဆုံးရှုံးပြီး စစ်ရှုံးလို့သွေးရူးသွေးတန်းဖြစ်နေတဲ့ စစ်ကောင်စီကို ဆက်ပြီးထိုးစစ်မဆင်ဖို့ တရုတ်က MNDAA ၊ TNLA ၊ KIA ၊AAတို့ကိုနည်းမျိုးစုံသုံး ဖိအားပေးရပ်တန့်စေပါတယ် ။ တောင်ကြီး ၊မန္တလေး ၊မြစ်ကြီးနား ၊ဗန်မော်စတဲ့မြို့တွေကို ထိုးစစ်မဆင်ဖို့၊ လားရှိုး မြို့ပြန်ပေးဖို့ အတွက်ဖိအားပေးတဲ့အနေနဲ့ တရုတ်နယ်စပ်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ထိန်းချုပ်ဒေသတွေကို နယ်စပ်ဂိတ်တွေပိတ်တာ ၊ ဆေးဝါးအပါအဝင် ကုန်စည်စီးဆင်းမှု တွေ အဝင်မရှိအောင်ပိတ်ဆို့ဖြတ်တောက်တာ ၊ လျှပ်စစ်မီး နဲ့ အင်တာနက်လိုင်းတွေ ဖြတ်တောက်တာတွေအထိတရုတ်အစိုးရကလုပ်ခဲ့ပါတယ် ။
MNDAA ခေါင်းတောင်ဖုန်တာရွှင်ကို တရုတ်နိုင်ငံမှာဆွေးနွေးဖို့ဆိုပြီးခေါ်ယူကာအကျယ်ချုပ်နဲ့ ထိန်းသိမ်းထားသလို ၊ ဝ ဒေသတွေမှာဆိုရင် ဂိတ်တွေမှာ တရုတ်ရဲ နဲ့ တရုတ်ထောက်လှမ်းရေးတွေကပါ ကိုးကန့်ဒေသထဲကို ဘာပစ္စည်းမှ မဝင်ရောက်အောင် စောင့်ကြည့်တာတွေအထိလွန်လွန်ကျူးကျူးလုပ်ခဲ့ပါတယ်။ တရုတ်က မြန်မာနဲ့ ပတ်သက်ပြီး မကျော်ရမယ့် အနီးရောင်စည်းသုံးစည်းဆိုပြီး မြန်မာအရေးကို ပြည်ပနိုင်ငံတွေ ဝင်ရောက်စွက်ဖက်တာမရှိစေရဘူးလို့ လူကြားကောင်းအောင်ပြောပေမယ့် မြန်မာကိုထင်သလိုစွက်ဖက်နေတာဟာ တရုတ်အစိုးရသာဖြစ်တယ် ဆိုတာကိုပြသလိုက်ပါတယ် ။
ဒါကြောင့်အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်အုပ်စုဟာ တရုတ်ပေးထားတဲ့အသက်ပဲရှိတော့တာပါ ။
ဒါကြောင့်လည်း တရုတ် အစိုးရ ဆန္ဒအတိုင်း စစ်ကောင်စီက ၂၀၂၅ ခုနှစ်မှာ ဟန်ပြရွေးကောက်ပွဲ လုပ်ပြီး အရပ်သားအစိုးရသစ် ရွေးကောက်ပြီး ဆိုတဲ့ခေါင်းစဥ်နဲ့ နိုင်ငံတကာရဲ့အသိအမှတ်ပြုမှု ရယူဖို့ကြံစည်နေတာဖြစ်ပါတယ် ။ရွေးကောက်ပွဲကို၂၀၂၅ နိုဝင်ဘာလုပ်မယ့်လို့ စစ်ကောင်စီဘက်က အသံလွှင့်ထားပေမယ့်၊အဲထိမနေပဲသြဂုတ်လမှာလုပ်မယ့်လို့သတင်းတချို့လည်းထွက်နေပါတယ်။ရွေးကောက်ပွဲမလုပ်ပဲ တရုတ်လက်ခံနိုင်မယ့်သူတွေနဲ့ ဟန်ပြအစိုးရအဖွဲ့ဆိုပြီး စစ်အုပ်စု ရုပ်သေးအမည်ခံအစိုးရ အဖွဲ့ ဖွဲ့ပြီးအာဏာလွှဲပေးတယ်ဆိုပြီး ဇာတ်လမ်းရိုက်ရင်လည်းမထူးဆန်းပါဘူး။
စစ်ကောင်စီဘယ်လိုပဲကြံစည်နေနေ စစ်အုပ်စုရဲ့ အကြံအစည်ကို တော်လှန်ရေးအင်အားစုတွေနဲ့ ပြည်သူတွေပူးပေါင်းပြီး ဗျူဟာကျကျ ချေဖျက်ပြီး ပြည်သူ့တော်လှန်ရေးအောင်ပွဲရယူနိုင်ဖို့သာ အရေးကြီးဆုံးဖြစ်ပါတယ် ။ ၂၀၂၄ ဖေဖော်ဝါရီလမှာ စစ်မှုမထမ်းမနေရ ဥပဒေဟာ မတရားမှန်းသိသိကြီးနဲ့ပေါ်ပေါက်လာခဲ့ပေမယ့် တော်လှန်ရေးအင်အားစုတွေ ထိထိရောက်ရောက်မတားဆီးနိုင်ခဲ့ပါဘူး ။ အောက်တိုဘာ ၁ ရက်က စတင်ခဲ့တဲ့ စစ်ကောင်စီ သန်းခေါင်စာရင်းကောက်ယူမှုဟာလည်း နယ်မြေစိုးမိုးမှု နည်းပါးသွားတာကြောင့် စစ်ကောင်စီက တနိုင်ငံလုံးလွှမ်းခြုံမကောက်နိုင်ပေမယ့် စစ်အုပ်စုစိုးမိုးတဲ့ဒေသတွေမှာတော့ ကောက်ယူသွားနိုင်ခဲ့ပါတယ် ။
ဒါကြောင့် တရုတ်အစိုးရအားကိုး နဲ့ ၂၀၂၅ ရွေးကောက်ပွဲနဲ့ စစ်အုပ်စု သက်ဆိုးရှည်ဖို့ စစ်ကောင်စီရဲ့ အစီအစဥ်ကိုတော့ တော်လှန်ရေးအဖွဲ့တွေက အောင်မြင်စွာတားဆီးပြီး စစ်အုပ်စုကိုဖြုတ်ချနိုင်ဖို့ဆိုတာ နွေဦးတော်လှန်ရေးရဲ့ အဆုံးအဖြတ် တိုက်ပွဲတွေဖြစ်လာပါပြီ ။ စစ်ကောင်စီရဲ့ ဟန်ပြရွေးကောက်ပွဲဟာ ၂၀၂၅ နိုဝင်ဘာလမှာလုပ်မယ့်ဆိုရင်တောင် အချိန်ဟာတစ်နှစ်မကျန်တော့ပါဘူး ။ ကြားဖြတ်အစိုးရဆိုပြီး ဇာတ်ကွက်ပြောင်းရင်အချိန်ကဒီထက်ပိုနည်းမှာပါ။
ဒီလို နွေဦးတော်လှန်ရေးရဲ့ အရေးကြီးဆုံးအချိန်မှာ NUGယာယီ သမ္မတက အစိုးရအဖွဲ့ဝင်တွေကို ပြည်တွင်းပြန်လာ အလုပ်လုပ်ဖို့ တိုက်တွန်းချက်ဟာအလွန်သင့်တော်ပါတယ်။ အခုလိုပြောတာဟာ NUG အစိုးရအဖွဲ့ဝင်တွေရဲ့အခက်အခဲတွေကို မစာနာလို့ ၊ ပြည်ပနိုင်ငံတွေမှာရောက်နေတာကိုမနာလိုမရှုစိမ့်လို့မဟုတ်ပါဘူး။တကယ်တော့ NUG အစိုးရအဖွဲ့ဝင် အများစုဟာ တော်လှန်ရေး အစောပိုင်းကတည်းက စစ်အာဏာရှင် ပြုတ်ကျရေးကြိုးပမ်းမှုတွေကြောင့် နေအိမ် နဲ့ ပိုင်ဆိုင်မှုတွေ ချိတ်ပိတ်ခံရတာ ၊ ဖမ်းဝရမ်းအထုတ်ခံရတာ ၊တချို့ တော်လှန်ရေးကာလမှာပဲ မိသားစုဝင်တွေဆုံးရှုံးတာ၊ ပြည်ပရောက်နေချိန်မှာလည်း အချိန်ကွာဟမှုတွေကြားက ကိုယ်ရောစိတ်ပါကာလရှည် အပင်ပန်းခံအလုပ်လုပ်တာ စတဲ့ အခက်အခဲမျိုးစုံ ရင်ဆိုင်ကြုံတွေ့ခဲ့ကြသူတွေဖြစ်ပါတယ် ။
ဒါကြောင့် အခက်အခဲမျိုးစုံကြားက ပြည်သူနဲ့ နိုင်ငံတော်သစ်အတွက် ကြိုးပမ်းပေးမှုတွေအပေါ်အသိအမှတ်ပြုရမယ့်သူတွေဖြစ်ပါတယ် ။ NUG ဝန်ကြီး ပြည်တွင်းမှာရှိတယ် ဆိုရင် စစ်အုပ်စုက လေကြောင်းက အပြင်းအထန်ခြေရာခံ ဗုံးကြဲတာအပါအဝင် နည်းမျိုးစုံနဲ့ အသက်အန္တရာယ်ပြုဖို့ လုပ်နေတဲ့ကြားကပဲ ပြည်တွင်းမှာပဲ နေထိုင်လုပ်ကိုင်နေတဲ့ အစိုးရအဖွဲ့ဝင်တွေလည်းအများကြီးရှိပါတယ်။ ယာယီသမ္မတ ၊ဝန်ကြီးချုပ် ၊ကာကွယ်ရေးဝန်ကြီး ၊ပြည်ထဲရေးဝန်ကြီး၊သယံဇာတနဲ့သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးစတဲ့ ဝန်ကြီးတွေ ၊ဒုဝန်ကြီးအများစုဆိုရင်လည်း ပြည်တွင်းမှာပဲ အန္တရာယ်ကြားကနေလုပ်နေကြတာဖြစ်ပါတယ်။
ဝန်ကြီးအားလုံးပြန်လာဖို့မလိုတာကိုလည်းပြည်သူတွေက ကောင်းကောင်းသဘောပေါက်ပါတယ် ။နိုင်ငံခြားရေးဝန်ကြီး လိုနိုင်ငံတကာနဲ့ဆက်ဆံရတဲ့ဝန်ကြီးတွေ ၊ပြည်ပမှာရှိနေမှ အလုပ်ပိုလုပ်နိုင်တဲ့ဝန်ကြီးတွေ ၊ လတ်တလော ဗီဇာ နဲ့ ခရီးသွားဖို့စာရွက်စာတမ်းအခက်အခဲရှိတဲ့ အစိုးရအဖွဲ့ဝင်တွေ ပြန်မလာသေးပဲ ပြန်လာဖို့လိုအပ်သူတွေ ပြန်လာနိုင်သူတွေ ပြန်လာအလုပ်လုပ်ကြဖို့ကိုတော့ ပြည်သူတွေက လက်တွေ့ကြကြမျှော်လင့်နေကြတာတွေ့ရပါတယ် ။
ဒါကြောင့်”အခုဆိုရင် တော်လှန်ရေးဟာ (၄) နှစ်ပြည့်လာတော့မှာဖြစ်ပါတယ်။ အခြေအနေ ပေးထားချက်တွေထဲကနေ အလုပ်ဖြစ်အောင် ကျရာကဏ္ဍကနေ ကိုယ်စီ ပါဝင် ထမ်းရွက်ကျတဲ့ ကျွန်တော်တို အစိုးရအဖွဲဝင်အားလုံးကို ကျွန်တော် လေးစားဦးညွှတ်ပါတယ်။ ဒါပေမယ့် ကျွန်တော်တိုသတိချပ်ဖို လိုတာက အင်အားဆိုတာက ပြည်တွင်းမှာ အခြေစိုက်ရပါတယ်။ ကျွန်တော်တို အန်ယူဂျီအစိုးရက “အဝေးရောက်အစိုးရ” ဖြစ်လို မရပါဘူး။ လက်တွေ့ကျကျ မြေပြင်မှာ အင်အားတည်ဆောက်ရမှာ ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ လေးလေးနက်နက် တိုက်တွန်းချင်တာကတော့ – ကျွန်တော်တို အစိုးရအဖွဲဝင်တွေအားလုံး – အင်အားတွေကို ပြည်တွင်းမှာ လာစုကြဖို လက်တွေ့ကျကျ လုံလထုတ်စေချင်ပါတယ်။ နိုင်ငံတကာအသိုင်းအဝန်းအတွက် အချိန်ယူသင့်သလောက် ယူပြီးပြီလိုလည်း ပြောနိုင်သလို၊ အချိန်ပေးသင့်တာထက် ပိုပြီး ပေးခဲ့ပြီးပြီလိုလည်း ပြောနိုင်ပါတယ်။ ဒါ့ကြောင့် မြေပြင်အင်အားကို စုစည်းဖိုအတွက် ပြည်တွင်းမှာ အင်အားတွေလာစုဖို နိုင်ငံပြင်ပကို ရောက်ရှိနေကြတဲ့ အစိုးရအဖွဲဝင် များကို အလေးအနက်ထား တိုက်တွန်းချင်ပါတယ်။ ပျံ့နေတဲ့ အလင်းတွေကို မှန်ဘီလူးနဲ့ စုဆုံပြီး မီးတောက်တစ်ခု အစထပ်ပျိုးကြဖိုလည်း တိုက်တွန်းလိုပါတယ်” ဆိုတဲ့ ယာယီသမ္မတရဲ့တိုက်တွန်းချက်ဟာပြည်သူအများစုရဲ့ ဆန္ဒနဲ့ထင်ဟပ်နေပါတယ် ။အခုဆိုရင် တော်လှန်ရေးအဖွဲ့တွေသိမ်းပိုက်ထိန်းချုပ်ထားတဲ့ မြို့ပေါင်း ၉၀ နီးပါးရှိသလို စိုးမိုးထားတဲ့ဒေသအများအပြားရှိတာကြောင့် ပြည်တွင်းမှာရှိတဲ့ အခြားဝန်ကြီးတွေ၊ တော်လှန်ရေးခေါင်းဆောင်တွေလို စစ်ကောင်စီလေကြောင်းရန်ကိုတိမ်းရှောင်နည်းသိဖို့ မခက်ခဲတော့ပါဘူး။ ဒီမြို့ပေါင်း ၉၀ လောက်မှာ PDF တွေ သိမ်းပိုက်ထိန်းချုပ်ထားတဲ့ မြို့ပေါင်း စစ်ကိုင်းနဲ့ မန္တလေးတိုင်းမှာအနည်းဆုံး ၈ မြို့ရှိပါတယ် ။
၁၉၉၀ တုန်းက အဝေးရောက်အစိုးရအဖြစ်နဲ့ပဲဇာတ်သိမ်းခဲ့ရတဲ့ NCGUB တုန်းက အခုလိုအဆင့်ကိုမရောက်ခဲ့ပါဘူး။ နွေဦးတော်လှန်ရေးဟာ လွတ်လပ်ရေးရပြီးနောက်ပိုင်းမှာ ခေတ်သစ်သမိုင်းမှာအကြီးကျယ်ဆုံး ပြည်သူလူထုပါဝင်မှု ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ပေါင်းစုံပါဝင်မှုအများဆုံးနဲ့ အကြီးကျယ်ဆုံး၊ အောင်မြင်မှု အများဆုံးရထားတဲ့တော်လှန်ရေးဖြစ်ပါတယ် ။
မြန်မာ့သမိုင်းတလျှောက်မှာ ဒီလို စုစည်းမှုနဲ့ အခွင့်အရေး ထပ်မရနိုင်တော့တဲ့အတွက် “အဆုံးသတ်တိုက်ပွဲ-End Game” မှာ ပြည်သူတွေရဲ့ ဆန္ဒနဲ့ ရည်မှန်းချက်အတိုင်း အောင်ပွဲနဲ့ အဆုံးသတ်နိုင်ဖို့ အလွန်အရေးကြီးပါတယ်။ နွေဦးတော်လှန်ရေးရဲ့အရေးကြီးဆုံးအချိန်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ၊တော်လှန်ရေးအင်အားစုတွေ နဲ့ အတူ မြေပြင်နေထိုင်လုပ်
ကိုင်မယ်ဆိုရင် တော်လှန်ရေးအင်အားစုတွေကြားယုံကြည်မှု ၊လေးစားမှု ၊စုစည်းမှု ၊ပူးပေါင်းဆောင်ရွက်မှုတွေပိုကောင်းလာမယ်ဆိုတာမြင်သာတဲ့ ရလဒ်ဖြစ်ပါတယ် ။ ဒါဆိုရင် နွေဦးတော်လှန်ရေး အဆုံးသတ်တိုက်ပွဲမှာ အရေးကြီးဆုံး အချက်ဖြစ်တဲ့ တော်လှန်ရေးအင်အားစုတွေကြား ဘုံရည်မှန်းချက်အတွက် စုစည်းညီညွတ်မှု ရဖို့အခွင့်အလမ်းလည်းပိုပွင့်လမ်းလာမှာဖြစ်ပါတယ် ။
စစ်အုပ်စုအတွက်တော့ ဒီအခြေအနေရောက်လာမှာကိုအကြောက်ဆုံးဖြစ်ပါတယ် ။ဒါကြောင့် တရုတ်အစိုးရ စွက်ဖက်မှုကြောင့်တော်လှန်ရေးအဖွဲ့တွေဖိအားများချိန်မှာ NUG အစိုးရအဖွဲ့ဝင်တွေဟာ ဖိအားကိုမကြောက်ပဲ ပြည်တွင်းပြန်ဝင်လာပြီး စိန်ခေါ်မှုကိုရင်ဆိုင် အလုပ် လုပ်မယ်ဆိုရင် တော်လှန်ပြည်သူတွေအတွက် ခွန်အားတိုးစေမှာဖြစ်သလို ၊စစ်အုပ်စုအတွက်တော့ အိပ်မက်ဆိုးဖြစ်လာပါလိမ့်မယ် ။
NUG အစိုးရအဖွဲ့ဝင်တွေအားလုံးအိမ်ပြန်ချင်ကြသူတွေပဲဖြစ်ပြီး ပြန်သင့်သူတွေ ၊ပြန်နိုင်သူတွေပြန်ဖို့ စီစဥ်နေပြီလို့ ပညာရေးနဲ့ ကျန်းမာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ဒီဇင်ဘာ ၁ ရက်က ပြည်သူမှ ပြည်သူအစီအစဥ်မှာ ပြောကြာထားပါတယ် ။ယာယီသမ္မတရဲ့ပြောကြားချက်ဟာ မဟာဗျူဟာဖြစ်တယ်လို့လည်းသူကဆိုပါတယ်။ဒါပေမယ့် ဝန်ကြီးအားလုံး ပြည်တွင်းပြန်ဝင်တာမဟုတ်ပဲ နိုင်ငံတကာနဲ့ဆက်သွယ်လုပ်ရမယ့်သူတွေက နိုင်ငံတကာမှာပဲ နေထိုင်လုပ်ကိုင်တာ၊ နယ်စပ်ဒေသမှာ အိမ်နီးချင်းအပါအဝင် ပြည်ပနိုင်ငံက လာရောက်သူတွေနဲ့ ဆက်သွယ်ထိတွေ့လုပ်ကိုင်ဖို့လိုသူတွေကနယ်စပ်မှာနေထိုင်တာ ၊ ပြည်တွင်းမြေပြင်မှာ လုပ်ကိုင်ဖို့လိုသူတွေက မြေပြင်သွားရောက်တာမျိုး ဖြစ်ဖို့လိုတယ်လို့လည်းဒေါက်တာဇော်ဝေစိုးက ရှင်းပြခဲ့ပါတယ် ။
▪︎မင်းအောင်လှိုင် နဲ့ အိုင်စီစီ ဖမ်းဝရမ်း
မလုပ်ရဲတာမရှိဘူးဆိုပြီး သေနတ်အားကိုပြီး အာဏာသိမ်းခဲ့တဲ့ မင်းအောင်လှိုင်ကို ၂၀၁၇ ခုနှစ်မှာရိုဟင်ဂျာတွေ အပေါ်မှာ ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေအတွက် ICC မှာ နိုဝင်ဘာ ၂၇ ရက်က ဖမ်းဝရမ်းလျှောက်ထားမှု ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူတွေအတွက်ရှားပါးလှတဲ့ စိတ်ကျေနပ်မှု ရစေတဲ့နေ့ရက်တစ်ခုဖြစ်ခဲ့ပါတယ် ။ ပြည်သူအများစုက ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့ကစပြီး မင်းအောင်လှိုင်နဲ့ စစ်အုပ်စုကိုအရေးယူပေးနိုင်မယ့်သူကိုစောင့်နေကြတာပါ ။
စစ်ကောင်စီကတော့ ICC အဖွဲ့ဝင်နိုင်ငံမဟုတ်လို့ICCရဲ့ ပြောကြားချက်တွေကို အသိအမှတ် မပြုဘူးလို့ ဆိုပေမယ့် နိုင်ငံတကာအသိအမှတ်ပြုမှုလို့ချင်တဲ့အုပ်စုခေါင်းဆောင်ဟာ နိုင်ငံတကာဝရမ်းပြေးဖြစ်လာမယ့်အခြေအနေကို ထိတ်လန့်နေမှာသေချာပါတယ်။ ရာထူး ၊အာဏာ ၊ ဂုဏ် နဲ့ ဘွဲ့ဆိပ်တွေ မက်မောလှတဲ့ မင်းအောင်လှိုင်အတွက်လည်း အာရှတိုက်မှာ ပထမဆုံး ICC ရဲ့ ဖမ်း ဝရမ်းထုတ်ခံရသူ ဆိုတဲ့ ဂုဏ်ပုဒ်ထပ်တိုးလာတော့အခြေအနေက အရှိုက်ကို ဓါးနဲ့အထိုးခံရသလိုပါပဲ ။
အာဏာလုခေါင်းဆောင်အတွက် အသက်ပေးတိုက်ပွဲဝင်နေတဲ့ စစ်တပ်အတွင်းမှာလည်း သူတို့ခေါင်းဆောင်က နိုင်ငံတကာ ရာဇဝတ်သား ၊ဝရမ်းပြေးဖြစ်လာမယ်ဆိုရင် ဘယ်လို ရိုက်ခတ်မှုတွေကြုံရမလဲ ဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ် ။ခေတ်အဆက်ဆက် လူမျိုးတုန်းသတ်ဖြတ်မှုတွေ ၊ စစ်ရာဇဝတ်မှုတွေကို အကြိမ်ကြိမ်ကျူးလွန်ခဲ့ပေ
မယ့် ကင်းလွတ်ခွင့်ရခဲ့တဲ့၊ ရနေတဲ့ မြန်မာစစ်အာဏာရှင်တွေအတွက် ICCရဲ့ဖမ်းဝရမ်းဟာ ကြီးမားတဲ့အချက်ပေးသံဖြစ်လာခဲ့ပါပြီ ။ နစ်နာခဲ့ရတဲ့ ရိုဟင်ဂျာပြည်သူတွေအပါအဝင် ခေတ်အဆက်ဆက်က ပြည်သူတွေအတွက်လည်း တရားမျှတမှုကို အရင်ကထက်ပိုမျှော်လင့်လာနိုင်ကြမှာဖြစ်ပါတယ် ။တော်လှန်ရေးအင်အားစုတွေအတွက်လည်း ICC ရဲ့ဖမ်းဝရမ်းကြောင့်ပေါ်လာမယ့်အခွင့်အလမ်း နဲ့ ခွန်အားကို စစ်အာဏာရှင်ဖြုတ်ချရေးအတွက် အသုံးပြုနိုင်ကြဖို့လိုအပ်ပါတယ်။
▪︎KIA ရဲ့ ပြတ်သားမှု နဲ့ နိုင်ငံရေး ဦးဆောင်မှု
ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ၊ဗဟိုကော်မတီရဲ့ ကချင်အထူးဒေသ(၁) သတ်မှတ်ချက် ဖျက်သိမ်းမှုနဲ့ အဲဒီဒေသက ပြည်သူတွေ ၊ရင်းနှီးမြှပ်နှံသူတွေ စိုးရိမ်စိတ်မရှိပဲ KIO နဲ့အတူ ဘက်စုံဖွံ့ဖြိုးရေးအတူတကွတည်ဆောက်ဖို့ ဖိတ်ခေါ်ချက်ဟာ ကချင်ပြည်နယ်အတွက်တင်မကပဲ စစ်အာဏာရှင်တော်လှန်နေတဲ့ ပြည်သူတွေ ၊အင်အားစုတွေကို စိတ်ခွန်အားတွေပေးပါတယ် ။
ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ဟာ တရုတ်ဖိအားပေးနေတဲ့ ကြားကပဲ ဦးစခုန်တိန့်ယိန်းရဲ့ ကချင်အထူးဒေသ(၁)က ချီဖွေ ၊ဆော့လော် ၊ပန်ဝါ၊ ဖီမော် ၊ ကံပိုက်တည် စတဲ့ မြို့တွေ၊စစ်တပ်လက်အောက်ခံ နယ်ခြားစောင့်တပ်ရင်းတွေ၊ပြည်သူ့စစ်စခန်းတွေကို ဆက်တိုက်သိမ်းပိုက်ခဲ့တာပါ။ တရုတ်က မြစ်ကြီးနားနဲ့ ဗန်မော်မြို့ တွေကိုထိုးစစ်မဆင်ဖို့ ဖိအားပေးချိန်မှာ တရုတ်မက်လှတဲ့ အဖိုးတန် မြေရှားသတ္ထုတွေထွက်တဲ့ ဒေသတစ်ခုလုံးကို သိမ်းပိုက်ခဲ့ပါတယ် ။
တရုတ်က ဖိအားပေးတဲ့အနေနဲ့ နယ်စပ်ဂိတ်တွေ ပိတ်တာ ၊ ကုန်စည်တွေ မဝင်ရောက်အောင်ပိတ်ပင်တာတွေကိုလည်း KIO/KIA က ဒီဘက်က နယ်စပ်ဂိတ်ကို ပြန်ပိတ်ပြီး တုံ့ပြန်ခဲ့ပါတယ် ။ တရုတ်အစိုးရက စိတ်ထင်တိုင်း အနိုင်ကျင့်ဖိအားပေးနေတဲ့ အခြေအနေကို တည်တည်ငြိမ်ငြိမ်နဲ့ ရင်ဆိုင်တာဟာ တရုတ်အစိုးရရဲ့ ဖိအားကိုဘယ်
လို ရင်ဆိုင်ရမလဲ ဆိုတာအတွက် ရှေ့ဆောင်လမ်းပြ လုပ်ရပ်တွေဖြစ်လာပါတယ် ။
အခုဆိုရင် KIA ဟာ ကချင်ပြည်နယ်မှာ အနည်းဆုံးမြို့ပေါင်း ၁၄ မြို့ သိမ်းပိုက်ထိန်းချုပ်ထားနိုင်ပြီဖြစ်ပါတယ် ။ KIO/KIA ဟာ နွေဦးတော်လှန်ရေးအစကတည်းကပြည်သူနဲ့အတူရပ်တည်ခဲ့သလို NUG/PDF တွေကို အကူအညီအပေးဆုံး၊အတွဲညီဆုံး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေထဲက တစ်ဖွဲ့ဖြစ်ပါတယ် ။ ဒါကြောင့် NUG အစိုးရအဖွဲ့က အစိုးရအဖွဲ့ဝင်တွေ ပြည်တွင်းပြန်ဝင်လာရင် နေထိုင်လုပ်ကိုင်နိုင်မယ့် ဒေသတွေအစီစဥ်ပေးနိုင်မယ့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့လည်းဖြစ်ပါတယ် ။
ဒါကြောင့် အထက်ပါ ဖြစ်ရပ်ကြီးသုံးခုဟာထူးခြားသလို နွေဦးတော်လှန်ရေးအတွက် ကောင်းမွန်တဲ့အရွေ့ကြီးဖြစ်လာဖို့လည်း တော်လှန်ရေးအင်အားစုတွေကအတူကြိုးစားကြဖို့အရေးကြီးလှပါတယ်။
အရေးကြီးဆုံးအချိန်မှာ ထားရမယ်စိတ်ထားနဲ့ ခံယူချက်ကိုဒူဝါလရှီးလက အောက်ပါအတိုင်းပြောထားပါတယ်။ “အပြောင်းအလဲတွေက ခပ်စိပ်စိပ်လာနေတယ်ဆိုတာ တွေ့ရပါတယ်။ တချိုကလည်း အပြောင်းအလဲတွေနဲ့ပတ်သက်ပြီး စိုးရိမ်ချက်တွေ ရှိနေတာတွေ့ရပါတယ်။ တကယ်တော့ တော်လှန်ရေးဆိုတဲ့ အနက်သဘောကိုယ်၌က၊ အပြောင်းအလဲကို ဖော်ဆောင်ခြင်းဖြစ်တယ်ဆိုတာကို ကျွန်တော်တို အားလုံး သတိရဖို လိုပါတယ်။ အဲသည့် အပြောင်းအလဲတွေဟာ တိုင်းပြည်နဲ့ လူထုအတွက် ကောင်းတဲ့ အပြောင်းအလဲတွေဖြစ်ဖိုပဲကျွန်တော်တို အားလုံး ဝိုင်းဝန်း ရှေ့ရှုရမယ်လို ယူဆရပါတယ်။ ကျွန်တော်တိုဟာ အပြောင်းအလဲကို စိုးရိမ်လို့မရပါဘူး။အပြောင်းအလဲကို ကြီးမှူးနိုင်ဖိုကသာ အဓိကကျတယ်လို နားလည်ထားဖို လိုပါတယ်”။