စစ်အာဏာရှင်ချုပ်ငြိမ်းရေး နွေဦးတော်လှန်ရေး ၄နှစ် ကာလ ယနေ့အချိန်သည် စစ်ရေးအောင်မြင်မှု အမြင့်မားဆုံးအချိန် ဟု ပြောနိုင်ပါသည်။ ဩဂုတ်လ ၃ ရက်နေ့ ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ အခြေစိုက် အရှေ့ မြောက်ပိုင်းစစ်ဌာနချုပ်ကို သိမ်းပိုက်အောင်နိုင်ခြင်းသည် တော်လှန်ရေး၏ အကြီးမားဆုံး အောင်မြင်မှု၊ အာဏာသိမ်းစစ်တပ်၏ အကြီးမားဆုံး ကျဆုံးမှု ဖြစ်ခဲ့သည်။
အကယ်၍ ရခိုင်ပြည်နယ် အမ်းမြို့ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို အာရက္ခတပ်တော် (AA) ၏ ဝိုင်းပတ်ပိတ်ဆို့တိုက်ခိုက်မှု အောင်မြင်ခဲ့မည်ဆိုလျှင်၊ ဒုတိယမြောက် တိုင်းစစ်ဌာနချုပ်ကို လက်လွှတ်ဆုံးရှုံးရမှုကို စစ်ခေါင်းဆောင် မင်းအောင်လှိုင် ကြုံတွေ့ရတော့မည်လား ဟု မြန်မာပြည်သူတစ်ရပ်လုံး စိတ်ဝင်တစား စောင့်ကြည့်လျက်ရှိသည်။
ထို့အတူ တော်လှန်ရေးအင်အားစုများ၏ စစ်ရေးအောင်မြင်မှု ကြီးမားလာသည်နှင့်အမျှ စစ်တပ်ပြိုလဲလုနီးပြီလား ဟု နိုင်ငံတကာအသိုက်အဝန်းက ခပ်စိတ်စိတ် မေးခွန်းထုတ်လာချိန်၊ တစ်ကမ္ဘာလုံး၏ ဖယ်ကျဥ်ခြင်း ခံထားရသော စစ်ရှုံးခေါင်းဆောင် မင်းအောင်လှိုင်ကို အိမ်နီးချင်း တရုတ်နိုင်ငံက ဒေသတွင်း သံတမန်ရေး မျက်နှာစာသို့ နေရာပေးပွဲထုတ်လာခြင်းကို မထင်မှတ်သော အလှည့်အပြောင်းတစ်ခုအဖြစ် တွေ့မြင်လာသည်။
တရုတ်အစိုးရ၏ အပြောင်းအလဲသည် လားရှိုးမြို့ကို လက်လွှတ်ဆုံးရှုံးခဲ့ရပြီးနောက် ရက်ပိုင်းအတွင်း စစ်တပ်ကို ကျားကန်ပေးရန် ဩဂုတ်လ ၁၄ ရက်နေ့တွင် နေပြည်တော်သို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ ရောက်ရှိလာချိန်က စသည်ဟု ဆိုရပေလိမ့်မည်။
ဝန်ကြီး ဝမ်ယိသည် ထိုခရီးစဥ်အတွင်း စစ်ကောင်စီကို ပွင့်လင်းစွာ ထောက်ခံရပ်တည်မှု ပြသခဲ့သလို၊ နိုဝင်ဘာလ ၆-၇ ရက်နေ့များတွင် တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့၌ ကျင်းပမည့် ၈ကြိမ်မြောက် မဟာမဲခေါင် ဒေသခွဲ (GMS) ထိပ်သီးအစည်းအဝေးကို တတ်ရောက်ရန် မင်းအောင်လှိုင်ကို ဖိတ်ကြားသွားခဲ့သည်။
မင်းအောင်လှိုင်သည် တရုတ်ခေါင်းဆောင်များ၏ ဖိတ်ကြားမှုကို ကာလရှည်ကြာ စောင့်မျှော်နေသူ ဖြစ်သည်။ လွန်ခဲ့သောနှစ် အောက်တိုဘာလအတွင်း တရုတ်သမ္မတ ရှီကျင့်ဖျင် ဦးဆောင်ကျင်းပခဲ့သော ပိုးလမ်းမ ရပ်ဝန်း နှင့်လမ်းကြောင်း (BRI) ဖိုရမ် သို့ ၎င်းအားဖိတ်ကြားရန် မင်းအောင်လှိုင် ကြိုးစားခဲ့ဖူးကြောင်း တပ်တွင်းသတင်း ရင်းမြစ်များထဲမှ သတင်းထွက်လာခဲ့ဖူးသော်လည်း၊ သမ္မတရှီ၏ ဖိတ်ကြားခြင်း မခံခဲ့ရပါ။
BRI ဖိုရမ် ကျင်းပအပြီး ရက်သတ္တပတ် တစ်ပတ်အကြားတွင် မြန်မာ-တရုတ်နယ်စပ်၌ “၁၀၂၇ စစ်ဆင်ရေး” စတင်ခဲ့ခြင်း၊ ထိုစစ်ဆင်ရေးအကြောင်း တရုတ်ခေါင်းဆောင်များ တစ်နည်းတဖုံ ကြိုတင်သိရှိနေနိုင်ခြင်းက မင်းအောင်လှိုင်ကို မဖိတ်ကြားခဲ့သည် အကြောင်းရင်းခံ ဖြစ်နိုင်ပါသည်။
ယင်းအစား တရုတ်နိုင်ငံ၏ အမျိုးသားလုံခြုံရေးကို အကြီးအကျယ် ခြိမ်းခြောက်နေသော၊ မြန်မာနယ်စပ်မြို့ လောက်ကိုင်ကို အခြေပြုလှုပ်ရှားနေသော တရုတ်အွန်လိုင်းငွေလိမ်ဂိုဏ်းကို ပြတ်ပြတ်သားသား နှိမ်နှင်းရန် တရုတ်အစိုးရ၏ မူဝါဒနှင့် ပတ်သက်ပြီး အလေးမထားခဲ့သော မင်းအောင်လှိုင်နှင့် စစ်တပ်ကို ဖိအားပေးခဲ့ပြီး၊ ညီနောင် မဟာ မိတ် ၃ ဖွဲ့၏ စစ်ဆင်ရေးကို မီးစိမ်းပြခဲ့သည် ဟူသော ယူဆချက် ကျယ်ကျယ်ပြန့်ပြန် ထွက်ပေါ်ခဲ့သည်။
ထိုအချက်ကို အမေရိကန်အခြေစိုက် Stimson Center မှ တရုတ်-မြန်မာဆက်ဆံရေး ကျွမ်းကျင်သူပညာရှင် နှင့် တရုတ်မူဝါဒရေးရာ အသိုင်းအဝန်းနှင့်နီးစပ်သူ Yun Sun ၏ The Irrawaddy တွင် ရေးသားခဲ့သည့် ဆောင်းပါးတွင် ထပ်မံအတည်ပြုထားသည်ကို တွေ့ရှိရသည်။
ထိုအချိန်က စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကိုယ်တိုင် “၁၀၂၇ စစ်ဆင်ရေး” နောက်ကွယ်တွင် တရုတ်အစိုးရ ပါဝင်ပတ်သက်နေသယောင် လူသိရှင်ကြား ပြောဆိုမှုများ ပြုလုပ်ခဲ့ပြီး၊ စစ်တပ် လက်ကိုင်တုတ်များဖြစ်သော အမျိုးသားရေးလှုပ်ရှားသူများကို တရုတ်ဆန့်ကျင်ရေး ဆန္ဒပြပွဲများ ရန်ကုန်၊ နေပြည်တော်နှင့် အခြားမြို့ကြီး များတွင် လုပ်ဆောင်ရန် စစ်တပ်က နောက်ကွယ်မှ အားပေးအားမြှောက်ပြုခဲ့သည်။
၂၀၂၄ ခုနှစ် ဇန်နဝါရီလတွင် တရုတ်အစိုးရသည် စစ်တပ်နှင့် ညီနောင်မဟာမိတ် ၃ဖွဲ့အကြား ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ဖြစ်ပွားနေသော စစ်ပွဲများ ရပ်စဲရန် ကြားဝင်ဆောင်ရွက်ခဲ့ပြီး၊ “ဟိုက်ဂင်သဘောတူညီချက်” ရရှိခဲ့သော်လည်း၊ တရုတ်သည် ညီနောင်မဟာမိတ်ဖက်မှ အသားစီးရစေရန် ကူညီခဲ့ကြောင်း၊ ဟိုက်ဂင်သည် စစ်တပ်ကို အရှက်ရစေခဲ့ကြောင်း၊ တပ်တွင်းအသိုင်းအဝိုင်းထဲ ပြောဆိုဝေဖန်မှုများ ကြားလာရသည်။
ထို့ကြောင့် မင်းအောင်လှိုင်သည် ဟိုက်ဂင်ကို မလိုက်နာဘဲ ရှမ်းမြောက်တွင် လေကြောင်းဗုံးကြဲမှုများကို ဆက် တိုက်လုပ်ဆောင်ခဲ့သည်။ ထို့ကြောင့် “၁၀၂၇ စစ်ဆင်ရေး” ဒုတိယလှိုင်းပေါ်ပေါက်လာပြီး လားရှိုးမြို့နှင့် အရှေ့ မြောက်တိုင်းစစ်ဌာနချုပ် လက်လွှတ်ခဲ့ရသည်အထိ စစ်တပ် အထိနာခဲ့သည်။
ထိုအချိန်တွင် စစ်တပ်ပြိုလဲနိုင်ခြေကို ပထမဆုံးခံစားမိလာသော တရုတ်ခေါင်းဆောင်များသည် မြန်မာနိုင်ငံပါ ပြိုကွဲနိုင်ခြေရှိသည်ဟု ယူဆခဲ့ကြပုံရသည်။ ထိုအချက်ကြောင့် တရုတ်၏ မကြုံစဖူး မူဝါဒအပြောင်းအလဲများ ယခုအခါ မြင်တွေ့လာရခြင်း ဖြစ်နိုင်ပါသည်။ Yun Sun ကလည်း ဤတစ်ကြိမ် တရုတ်မူဝါဒ အပြောင်းအလဲက ဖြစ်လေ့ဖြစ်ထမရှိသော ဖြစ်စဥ်အဖြစ် ၎င်း၏ဆောင်းပါးတွင် မှတ်ချက်ပြုထားသည်။
တရုတ်ဦးဆောင်သော ကုန်းတွင်းပိုင်း အာဆီယံ အာဏာရှင်များ
မည်သို့ပင်ဆိုစေ နိုင်ငံတကာ၏ ဖယ်ကျဥ်ခြင်း ခံထားရသော စစ်ရှုံးခေါင်းဆောင်ကို တရုတ်အစိုးရက ပွဲထုတ် ခဲ့ခြင်းကြောင့်၊ ကုန်းတွင်းပိုင်း အာဆီယံ (Mainland ASEAN) နိုင်ငံများဖြစ်သော ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ် နိုင်ငံတို့မှ နိုင်ငံအကြီးအကဲ ဝန်ကြီးချုပ်များနှင့် မင်းအောင်လှိုင် တွေ့ဆုံခွင့် ရရှိ သွားခဲ့သည်။
စင်စစ် အာဆီယံအသင်းကြီးအတွင်း ကုန်းတွင်းပိုင်း အာဆီယံနိုင်ငံများသည် အာဏာရှင် နှင့် အာဏာရှင် တစ်ပိုင်း နိုင်ငံများဖြစ်ပြီး၊ တရုတ်၏ အဓိက မဟာမိတ်နိုင်ငံများလည်း ဖြစ်သည်။ တရုတ်အစိုးရ၏ လုပ်ရပ်က ပင်လယ်ပိုင်း အာဆီယံ (Maritime ASEAN) နိုင်ငံများ၏ စစ်ရှုံးခေါင်းဆောင် မင်းအောင်လှိုင်အပေါ် တင်းမာ သော သဘောထားရပ်တည်ချက်နှင့် မဆက်ဆံရေး “မူ” ကို လှောင်ပြောင်လိုက်ဘိသကဲ့သို့ ရှိချေပြီ။
အာဆီယံ ထိပ်သီးအစည်းအဝေးကြီးက စစ်ခေါင်းဆောင်ကို အသိအမှတ်ပြု မဆက်ဆံရေး အရေးယူထားသည့် “မူ” မှ သွေဖီ၍ ကုန်းတွင်းပိုင်း အာဆီယံနိုင်ငံများသာ ပါဝင်သော အခြားဒေသတွင်း အစည်းအဝေးများတွင် အသိအမှတ်ပြု ထိတွေ့ဆက်ဆံလာရန် တရုတ်၏ လုပ်ရပ်သည် အာဆီယံ၏ဂုဏ်သိက္ခာ ကျဆင်းစေသော လုပ်ရပ် မဟုတ်ပါလား။
သို့တည်းမဟုတ် မြန်မာ့အရေးဖြေရှင်းရန် တရုတ်ဖောက်သောလမ်းအတိုင်း အာဆီယံသည် စစ်ခေါင်းဆောင်ကို ပြန်လည်ထိတွေ့ဆက်ဆံရန် ခြေလှမ်းပြင်လာနိုင်သလား၊ ထိုသို့ ဖြစ်လာနိုင်ခြေ ရှိနေခြင်းက တော်လှန်ရေး အင်အားစုများအတွက် အချက်ပေး ခေါင်းလောင်းသံပင် မဟုတ်ပါလား။
ထိုအပြင် တရုတ်သည် မြန်မာ့အရေးကို အသုံးချပြီး အာဆီယံဗဟိုပြုမှု (ASEAN Centrality) ကို အားနည်းစေ ရန် စမ်းသပ်နေပြီး၊ ထိုမှတစ်ဆင့် တောင်တရုတ်ပင်လယ်အရေးတွင် အာဆီယံအတွင်း နှစ်ခြမ်းကွဲစေခြင်းဖြင့် တရုတ်အကျိုးစီးပွားကို ကာကွယ်နိုင်ရန် တစ်ချက်ခုတ် နှစ်ချက်ပြတ် လုပ်ဆောင်ခြင်းလည်း ဖြစ်နိုင်သည်။
သေချာသည်က အာဆီယံအသင်းကြီးက မည်သို့မျှ မဖြေရှင်းနိုင်သော မြန်မာ့အကျပ်အတည်းကို ကိုင်တွယ်ရန် တရုတ်ခေါင်းဆောင်များသည် ၎င်းတို့၏ ဩဇာအရှိန်အဝါကို သုံးပြီး ကြိုးပမ်းလာခြင်း ဖြစ်သည်။
အတွင်းညီညွတ်ရေး ကင်းမဲ့မှုကြောင့် စစ်တပ်အသာစီးပြန်ရနိုင်သော အန္တရာယ်
နွေဦးတော်လှန်ရေး၏ စစ်ရေးအောင်မြင်မှု မြင့်မားလာချိန်တွင် တော်လှန်ရေးအင်အားစုများအကြား နိုင်ငံရေး ရည်မှန်းချက်များကိုပါ မည်ကဲ့သို့ တပါတည်း အောင်မြင်စွာရယူနိုင်မည် ဆိုသည့်အချက်တွင် တိကျရှင်းလမ်း သော လမ်းပြမြေပုံမရှိခြင်း နှင့် အတွင်းညီညွတ်ရေး အားနည်းခြင်းက နိုင်ငံတကာကို မြန်မာ့အနာဂတ်အတွက် အားကိုးအားထားပြုနိုင်သော ခေါင်းဆောင်မှုနှင့် စည်းလုံးညီညွတ်သော အင်အားစုကြီးတစ်ရပ် ပြသနိုင်ခြင်းမရှိ ဖြစ်နေသည်။
ပမာနှိုင်းယှဥ်ရလျှင် မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းတွင် ဗြိတိသျှကိုလိုနီထံမှ လွတ်လပ်ရေးကို စစ်ရေး နှင့် နိုင်ငံရေး လမ်းနှစ်သွယ်စလုံးဖြင့် ကြိုးပမ်းခဲ့ရာ စစ်ရေး၊ နိုင်ငံရေး နှစ်ဖက်စလုံး ဟန်ချက်ညီ ဆောင်ရွက်နိုင် ခဲ့ခြင်းကြောင့် အင်္ဂလိပ်အစိုးရထံမှ လွတ်လပ်ရေး ရရှိခဲ့ခြင်း ဖြစ်သည်။
အကယ်၍ စစ်ရေးရှုံးနိမ့်မှုများကြောင့် စစ်တပ်အတွင်း ပြိုလဲခဲ့ပါက စစ်ကောင်စီ၏နေရာတွင် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာ တည်တံ့မှုကို အာမခံနိုင်ပြီး၊ မြန်မာပြည်သူများ၏ ဆန္ဒသဘောထားကို ကိုယ်စားပြုသော အစိုးရတစ်ရပ်နှင့် ချက်ချင်းအစားထိုးနိုင်ရေးက လက်ငင်းလိုအပ်ချက် ဖြစ်သည်။
ထိုအချက်ကို မြန်မာ့အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းအာဆီယံနိုင်ငံများ နှင့် နိုင်ငံတကာအသိုက်အဝန်းအကြား တူညီသော “ဘုံ” စိုးရိမ်မှုအဖြစ် မေးခွန်းထုတ်လာကြသည်။ အကြောင်းမှာ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ ဥပဒေနှင့် နိုင်ငံတကာစနစ်ကြီးက စစ်တပ်ပြိုလဲမှုနှင့်အတူ နိုင်ငံ၏အချုပ်အခြာအာဏာပါ ပြိုကွဲမည့်အရေးကို မမြင်တွေ့လိုကြပါ။ အထူးသဖြင့် တရုတ်အပါအဝင် အိမ်နီးချင်းနိုင်ငံများက မမြင်တွေ့လိုကြပါ။
သို့သော် နိုင်ငံအချုပ်အခြာအာဏာကို ထိန်းသိမ်းနိုင်ပြီး မြန်မာပြည်သူများကို ကိုယ်စားပြုသော အစိုးရတစ်ရပ် ပေါ်ပေါက်ရေးထက်၊ Bottom-up Federalism ကို ရှေ့တန်းတင်ပြီး အချုပ်အခြာအာဏာကို ခွဲဝေယူကြမည့် ကြိုးပမ်းမှုများ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအကြား အားကောင်းစွာ ပေါ်ပေါက်လာနေခြင်းက နိုင်ငံတကာ၏ စိုးရိမ်မှုကို အတည်ပြုပေးသကဲ့သို့ ရှိနေပါသည်။
ထိုအချက်ကို NUG ခေါင်းဆောင်များနှင့် တိုင်းရင်းသားခေါင်းဆောင်များ အလေးအနက်ထား ပြန်လည်ဆန်းစစ် ဆင်ခြင်သင့်ပါသည်။ အဘယ်ကြောင့်ဆိုသော် မြန်မာ၏ နိုင်ငံအချုပ်အခြာအာဏာကို နိုင်ငံတကာ လက်ခံ ထားသော ပုံသဏ္ဌာန်နှင့် ကွဲပြားစွာ ပြင်ဆင်မှု၊ ထိုကဲ့သို့ ပြင်ဆင်ရန် ကြိုးပမ်းမှုဖြစ်စဥ်တွင် အားလုံးပါဝင်သော စုစည်းညီညွတ်မှုကို မပြသနိုင်မှုသည် နိုင်ငံတကာစနစ်ကို စိုးရိမ်မှု ပိုမိုကြီးထွားစေသည်။
နိုင်ငံတကာအသိအမှတ်ပြုသော နိုင်ငံ့အချုပ်အခြာအာဏာကို ထိန်းသိမ်းမည့် အစိုးရတစ်ရပ် ပေါ်ပေါက်ရေး တော်လှန်ရေးအင်အားစု ကြိုးပမ်းမှု ပျက်ကွက်ပါက၊ တော်လှန်ရေးကာလအတွင်းနှင့် တော်လှန်ရေးကာလအလွန် မြန်မာနိုင်ငံ နှင့် သံတမန် ဆက်သွယ်မှုပြုလုပ်ထားကြပြီး၊ မြန်မာ့ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးကို ထောက်ခံလို သော နိုင်ငံများသည် နိုင်ငံတကာဥပဒေများအရလည်းကောင်း၊ နှစ်နိုင်ငံချုပ်ဆိုထားသော သံတမန်ဆက်ဆံရေး စာချုပ်များအရလည်းကောင်း ထိုအစိုးရကို အလျင်အမြန် အသိအမှတ်ရန် ခက်ခဲပါလိမ့်မည်။ ထိုအခြေအနေ သည် အန္တရယ်အကြီးမားဆုံးအချိန်ဖြစ်ပြီး၊ အချုပ်အခြာအာဏာပြိုကွဲမှု အစ ဖြစ်ပေလိမ့်မည်။
ထို့ကြောင့် မြန်မာပြည်သူတစ်ရပ်လုံးကို ကိုယ်စားပြုသော “ဖက်ဒရယ်အစိုးရ” တစ်ရပ် ဖွဲ့စည်းတည်ရှိရေးနှင့် ထိုအစိုးရကို တော်လှန်ရေးအင်အားစုအသီးသီးက ညီညွတ်စွာ ထောက်ခံကြောင်း ပြသရေးသည် တော်လှန်ရေး ကာလအတွင်း အရေးကြီးဆုံး လက်ငင်းလိုအပ်ချက် ဖြစ်သည်။ ထို့အတွက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို “ကြားကာလ ဖက်ဒရယ်အစိုးရ” အဖြစ် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။
သို့သော် အံ့ဩစရာကောင်းစွာပင် စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး အဓိက တိုက်ပွဲဝင်နေကြသော လက်နက် ကိုင် တော်လှန်ရေးအင်အားစုများအကြား NUG ကို အသိအမှတ်မပြုသော အပြုအမူများ တော်လှန်ရေးကာလ တစ်လျှောက်လုံး တွေ့မြင်လာခဲ့ရသော်လည်း၊ စစ်ရေးအောင်ပွဲများ ရရှိလာသည်နှင့်အမျှ ထိုအပြုအမူ အပြောအဆိုများကို ပို၍ ပွင့်ပွင့်လင်းလင်းနှင့် ကျယ်ကျယ်လောင်လောင် ပြောလာသည်ကို သတိပြုမိလာသည်။
တော်လှန်ရေး အနှုတ်လက္ခဏာဆောင်သော ထိုအပြုအမူများ၏ ဆိုးကျိုးသက်ရောက်မှုကို လျှော့မတွက်သင့်ဘဲ ဉာဏ်အမြော်အမြင်ဖြင့် ရှောင်ရှားသင့်သည်။ ယခုပင် တရုတ်၏ အချိုးအကွေ့ကြမ်းကြမ်းဖြင့် မင်းအောင် လှိုင်ကို ပွဲထုတ်ခဲ့ခြင်းသည် တော်လှန်ရေးအင်အားစုများအကြား အနှုတ်လက္ခဏာ အကြောင်းတရားများနှင့် ဆက်နွယ်သော အကျိုးများအဖြစ် ကြည့်မြင်နိုင်ရန် လိုအပ်သည်။
တော်လှန်ရေးအင်အားစုအကြား အတွင်းညီညွတ်ရေး မတည်ဆောက်နိုင်လျှင်၊ စစ်ရေးအရ မည်မျှ အောင်မြင် နေပါစေ၊ စစ်ရေး/နိုင်ငံရေး အချိုးမညီမှုသည် တော်လှန်ရေး၏ “အတွင်းရန်” (The enemy within) ဖြစ်လာပေ လိမ့်မည်။ ဟစ်တလာစစ်ရှုံးရခြင်းမှာ မဟာမိတ်များကြောင့် ဆိုသည်ထက်၊ ၎င်းကိုယ်တိုင်၏ မဟာဗျူဟာ အမှား၊ တနည်းအားဖြင့် “အတွင်းရန်” ကြောင့် ဖြစ်သည်။
NUG ဖြစ်တည်မှု နှင့် အသိအမှတ်ပြုခံရမှု လာရာ လမ်းကြောင်းကို မမေ့ရန်လို
NUG ဖြစ်တည်မှု ကို “၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် မြန်မာပြည်သူများက အပ်နှင်းသော အခွင့် အာဏာကို ကျင့်သုံးလျက် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က အမျိုးသား ညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) အတွင်း ဆွေးနွေးညှိနှိုင်းလျက် ၂၀၂၁ ခုနှစ် ဧပြီလ ၁၆ ရက်နေ့တွင် ဖွဲ့စည်း တာဝန်ပေးအပ်ခဲ့သော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၏ တစ်ခုတည်းသော တရားဝင်အစိုးရ” ဟု ၎င်း၏ အင်တာနက် စာမျက်နှာတွင် ရှင်းလင်းဖော်ပြထားပါသည်။
အမှန်တကယ်အားဖြင့်လည်း မြန်မာပြည်သူများသည် ကိုဗစ်ကပ်ရောဂါဘေးကြားမှ ၎င်းတို့၏ ဆန္ဒမဲများဖြင့် ရွေးချယ်ခဲ့သော အစိုးရတစ်ရပ်ပေါ်ပေါက်လာရေးကို လက်နက်အင်အားသုံး ဥပဒေမဲ့အာဏာသိမ်းခဲ့သော စစ်တပ်ကို “ငုံ့မခံ တုံ့ပြန်” ခဲ့ရုံမျှမက၊ ၎င်းတို့ဆန္ဒမဲများကို ကိုယ်စားပြုသော NUG ကဲ့သို့ အစိုးရတစ်ရပ် ပေါ်ပေါက်လာခြင်းကို ပြည်တွင်းပြည်ပ ပြည်သူများ၏ တခဲနက်ထောက်ခံမှု ပြသခဲ့သလို၊ တော်လှန်ရေး ရန်ပုံငွေများ ပြည်တွင်းနှင့် ကမ္ဘာအနှံ့က ထည့်ဝင်မှုဖြင့် NUG ကို ယုံကြည်မှု အပြည့်အဝ ပြသခဲ့သည်။ ယနေ့ ပြည်သူသဘောထားဆန္ဒ စစ်တမ်း ကောက်ယူကြည့်လျှင်လည်း ထိုအတိုင်း ဖြစ်ပေလိမ့်မည်။
မြန်မာပြည်သူများ၏ ထိုဆန္ဒသဘောထားကို ကောင်းစွာသိမြင်ပြီး၊ ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၅ ရက်နေ့ ပြင်သစ်အထက်လွှတ်တော် က NUG ကို အသိအမှတ်သည့် ဆုံးဖြတ်ချက် ချမှတ်ခဲ့ပြီး၊ ပြင်သစ်အစိုးရကိုပါ NUG အား အသိအမှတ်ပြုရန် တိုက်တွန်းခဲ့သည်။ အောက်တိုဘာလ ၇ ရက်နေ့တွင် နိုင်ငံပေါင်း ၂၇ နိုင်ငံကို ကိုယ်စားပြုသော ဥရောပပါလီမန် က CRPH နှင့် NUG ကို “မြန်မာပြည်သူများ၏ ဒီမိုကရေစီဆန္ဒ များ၏ တစ်ဦးတည်းသော တရားဝင်ကိုယ်စားလှယ်” (The only representative of the democratic wishes of the people of Myanmar) အဖြစ် ထောက်ခံသည့် ဆုံးဖြတ်ကို ချမှတ်ခဲ့ကြသည်။
NUG နိုင်ငံခြားရေးဝန်ကြီးဌာနသည် နိုင်ငံတကာ အသိအမှတ်ပြုမှုနှင့် နိုင်ငံတကာဆက်ဆံရေး၏ ရှေ့တန်း မျက်နှာစာ ဖြစ်လာပြီး၊ အမေရိကန်နိုင်ငံ မြို့တော်ဝါရှင်တန်ဒီစီတွင် အမေရိကန်အစိုးရ အသိအမှတ်ပြုသော NUG ကိုယ်စားလှယ်ရုံး ဖွင့်လှစ်နိုင်ခဲ့သည်။
ထို့အတူ ဥရောပနိုင်ငံများဖြစ်သော အင်္ဂလန်၊ ပြင်သစ်၊ နော်ဝေ၊ ချက်သမ္မတနိုင်ငံတို့တွင် ကိုယ်စားလှယ်ရုံးများ ဖွင့်လှစ်ခြင်းနှင့် ဥရောပသမဂ္ဂရုံးစိုက်ရာ ဘရက်ဆယ်မြို့တွင် ကိုယ်စားလှယ်ထားရှိပြီး သက်ဆိုင်ရာနိုင်ငံ အစိုးရများနှင့် ထိတွေ့ဆက်ဆံကာ မြန်မာ့အခြေအနေကို အနီးကပ်တင်ပြနိုင်ခဲ့သည်။ ချက်အစိုးရသည် NUG ကို ပွင့်လင်းစွာအသိအမှတ်ပြုရုံမျှမက လက်တွေ့အကူအညီများပေးနေသည်။
အရှေ့အာရှတွင် ဂျပန်၊ တောင်ကိုရီးယားနှင့် ဩစတေးလျနိုင်ငံများ၊ အရှေတောင်အာရှတွင် တီမောလက်စ်တီး (အရှေ့တီမော) တို့၌ ကိုယ်စားလှယ်ရုံးများဖွင့်ထားနိုင်ပြီး အာဆီယံဆိုင်ရာ အထူးကိုယ်စားလှယ်ကိုလည်း ခန့်အပ်ဆောင်ရွက်လျက် ရှိသည်။ ၂၀၂၃ ခုနှစ် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌလက်ထက်မှစတင်၍ အာဆီယံ အထူးကိုယ်စားလှယ်သည် အာဆီယံထိပ်သီးအစည်းအဝေး ဆုံးဖြတ်ချက်များအရ NUG ကို တရားဝင် ထိတွေ့ ဆက်ဆံလာခဲ့သည်။
အထက်ပါ နိုင်ငံအသီးသီးသည် NUG ကိုယ်စားလှယ်ရုံးများကို ဖွင့်လှစ်ခွင့်ပြုခြင်းနှင့် NUG အစိုးရအဖွဲ့ဝင်များ ကို လက်ခံတွေ့ဆုံခြင်းများသည် သက်ဆိုင်ရာနိုင်ငံ အစိုးရများ၏ NUG ကို ထောက်ခံကြောင်းပြသသည် အမှတ်လက္ခဏာအဖြစ် ရှင်းလင်းစွာ တွေ့မြင်နိုင်ပါသည်။
ကုလသမဂ္ဂမျက်နှာစာတွင် နယူးယောက်အခြေစိုက် မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုး ထွန်းသည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၂၆ ရက်နေ့ အထွေထွေညီလာခံကျင်းပနေစဥ် စစ်အာဏာသိမ်းမှုကို ဆန့် ကျင်ပြီး၊ မြန်မာပြည်သူများနှင့်အတူ ရပ်တည်မည့် သမိုင်းဝင်မိန်ခွန်းပြောကြားခဲ့ပြီး၊ NUG ကို ကိုယ်စားပြု လျက် ကုလသမဂ္ဂလုံခြုံရေးကောင်စီအဖွဲ့ဝင်များအပါအဝင် နိုင်ငံတကာသံတမန်များကို မြန်မာနိုင်ငံ အခြေ အနေနှင့် ပတ်သက်ပြီး စဥ်ဆက်မပြတ် ကြိုးပမ်းအသိပေးခြင်း၊ တောင်းဆိုခြင်းတို့ လုပ်ဆောင်နေသည်ကို လေ့လာတွေ့ရှိ ရသည်။
သို့သော် ရှုပ်ထွေးလှသော နိုင်ငံတကာဥပဒေများအရ NUG ကို ဥပဒေကြောင်းအရ မြန်မာနိုင်ငံ၏ တရားဝင် အစိုးရအဖြစ် တင်းပြည့်ကျပ်ပြည့် အသိအမှတ်ပြုရန် ခက်ခဲနေဆဲ ဖြစ်သော်လည်း၊ ယင်းအခြေအနေကို ကျော်လွှားနိုင်ရန်မှာ ပြည်တွင်းတော်လှန်ရေးအင်အားစုများ၏ အတွင်းညီညွတ်မှုနှင့် စစ်အာဏာရှင်စနစ်အပေါ် ပြတ်သားစွာ အောင်မြင်မှုက အဓိက အဆုံးအဖြတ် ဖြစ်သည်။
NUG ကို ပခုံးတိုက်ရန် လိုအပ်ပါသလား
ယခုအခါ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး ကြိုးပမ်းမှု ကြာရှည်လာသည်နှင့်အမျှ ထိုလမ်းကြောင်းအတွင်း လက်နက်ကိုင်တပ်ဖွဲ့များ၏ အင်အားတည်ဆောက်ရေးနှင့် နယ်မြေသိမ်းပိုက်စိုးမိုးရေးကိုသာ အဓိကထားခြင်း သည် စစ်ရေးအောင်မြင်မှုအတွက် အရေးကြီးသော်လည်း၊ ထိုနယ်ပယ်တွင် အသားကျလာပြီး စစ်ရေး/နိုင်ငံရေး အချိုးမညီမှု အန္တရာယ်ကို တော်လှန်ရေးအင်အားစုအတွင်း စတင်မြင်တွေ့လာရသည်။
ဥပမာအားဖြင့် မကြာသေးခင်က လားရှိုးစစ်ဆင်ရေးတွင် အောင်ပွဲရရှိခဲ့သော ဗမာပြည်သူ့လွတ်မြောက်ရေး တပ်တော် (BPLA) ကို တည်ထောင်သူ ကဗျာဆရာ မောင်ဆောင်းခ က ရှမ်းမြောက်မှ ၎င်း၏တပ်ဖွဲ့များကို အညာဒေသသို့ ရွှေ့မည့်အကြောင်း ပြောသည့်အခါ “သေချာတာ တခုကတော့ BPLA ဟာ NUG/MOD လက် အောက်ခံတပ် မဟုတ်ပါဘူး” ဟု ၎င်း၏ Facebook မှတစ်ဆင့် ပြောဆိုခဲ့သည်။
ထိုစကားကို မောင်ဆောင်းခသည် လူသိရှင်ကြား မပြောလျှင် ရပါလျက် ပြောခဲ့ခြင်းသည် အကြောင်းရှိပါသည်။ စင်စစ် BPLA ၏ ရှမ်းမြောက်မှ တပ်ဖွဲ့များကို ကိုးကန့် MNDAA က လေ့ကျင့်လက်နက်တပ်ဆင်ပေးထားပြီး၊ ၎င်းတို့၏ အမိန့်နာခံမှုအောက်တွင် “၁၀၂၇ စစ်ဆင်ရေး” ၌ ပူးပေါင်းတိုက်ပွဲဝင်ခဲ့ကြသည်။
ယခုအခါ တရုတ်အစိုးရက NUG နှင့် PDF များကို မကူညီ မပူးပေါင်းရန် MNDAA ကို ဖိအားပေးလာသည်။ ထို့ကြောင့် တရုတ်အစိုးရ၏ အပြင်းအထန် ဖိအားပေးခံနေရသော MNDAA သည် NUG/PDF များနှင့် စစ်ရေး နိုင်ငံရေး ပူးပေါင်းဆောင်ရွက်မှုမပြုပါဟု တရုတ်အလိုကျ ကြေညာချက်ထုတ်ပြန်ခဲ့သည်။ တရုတ်သည် BPLA ကိုလည်း PDF ဟုသာ မြင်ပေလိမ့်မည်။
ထို့ကြောင့် MNDAA ခေါင်းဆောင်များသည် လက်ငင်းရင်ဆိုင်နေရသော တရုတ်ဖိအားကို လျှော့ချနိုင်ရေးထက် လတ်တလော အရေးကြီးသောအရာ မရှိပေ။ ထို့ကြောင့် “၁၀၂၇ စစ်ဆင်ရေး” တွင် ရဲဘော်ရဲဖက် အဖြစ် ပူးပေါင်းတိုက်ပွဲဝင်ခဲ့သော်လည်း၊ PDF များဖြစ်သော BPLA နှင့် ကရင်နီ KNDF တပ်များကို ကိုးကန့်ထိန်းချုပ် နယ်မြေတွင် ရပ်တည်ခွင့် မပြုတော့ဟု ကြားသိရသည်။
ထို့ကြောင့် KNDF က ၎င်းတို့ဒေသ ကရင်နီပြည်သို့ ပြန်၍ရသော်လည်း BPLA တပ်ဖွဲ့များသည် ရှမ်းမြောက်မှ အညာဒေသကို ခြေဦးလှည့်ရန် ပြင်ဆင်လာရာတွင် မောင်ဆောင်းခ၏ NUG ကို ပုခုံးတိုက်သည့် လုပ်ရပ်အပေါ် ပြည်သူများအကြား ဝေဖန်မှု မြင့်တက်လာခဲ့သည်။
သို့သော် မောင်ဆောင်းခ၏ ပြောဆိုချက်က နွေဦးတော်လှန်ရေးတွင် နိုင်ငံရေးအရ အရေးကြီးသော NUG ကို ပုခုံးတိုက်လိုက်သကဲ့သို့ ရှိခြေပြီ။ ထိုလုပ်ရပ်သည် ပထမဆုံးအကြိမ် မဟုတ်ဘဲ၊ ၂၀၂၁ ခုနှစ် ဩဂုတ်လထဲတွင် အလားတူ ၎င်း၏ Facebook စာမျက်နှာတွင် ပြောခဲ့ဖူးသေးသည်။
သို့သော် ယနေ့အချိန်ကာလကဲ့သို့ စစ်ရေး၊ နိုင်ငံရေး ရေချိန်တက်နေချိန် တော်လှန်ရေးအင်အားစုများအကြား မညီညွတ်မှုသည် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို မည်သည့်ကြိုးပမ်းအားထုတ်မှုမှ မလိုအပ်ဘဲ ရရှိလိုက် သော ဆုလာဘ်သဖွယ် ဖြစ်ပါလိမ့်မည်။
မောင်ဆောင်းခကဲ့သို့ပင် NUG ကို ပခုံးတိုက်လာသော နောက်ထပ်တစ်ဦးမှာ ကရင်နီပြည် ကြားကာလအုပ်ချုပ် ရေးကောင်စီ (IEC) ၏ အတွင်းရေးမှူး (၁) ဇူးပဒုမ္မာ ဖြစ်သည်။ တိုင်းရင်းသားများ လိုလားတောင့်တသော “တန်းတူညီမျှမှု” ဆိုသည်မှာ ပြည်ထောင်စုအစိုးရ နှင့် ပြည်နယ်အစိုးရသည် အာဏာတန်းတူညီမျှမှု ရှိရမည် ဆိုသည့် အလွန်အကဲဆတ်သော ကိစ္စကို ကျမတို့လိုချင်တာက ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ခေါင်းစဥ် ဖြင့် The Irrawaddy နှင့် အင်တာဗျူးတွင် ပြောဆိုသွားသည်။
“အုပ်ချုပ်ရေးယန္တရားကို ပြည်ထောင်စုအဆင့်၊ ပြည်နယ်အဆင့်လို့ ပြောတဲ့အခါမှာ ပြည်ထောင်စုအဆင့်မို့လို့ ပိုပြီးတော့ တစ်ဆင့်မြင့်တာမျိုး၊ ပြည်နယ်ဖြစ်လို့ တစ်ဆင့်နိမ့်တာမျိုး မဟုတ်ဘဲ နိုင်ငံရေးတန်းတူညီမျှမှုရှိတဲ့ ပုံစံမျိုးနဲ့ ချည်းကပ်လုပ်ဆောင်ရမှာ ဖြစ်တယ်” ဟု ဇူးပဒုမ္မာ ပြောဆိုခဲ့သည်။ ကမ္ဘာ့ဒီမိုကရေစီနိုင်ငံကြီးများ၌ပင် ကျင့်သုံးခြင်းမရှိသော အာဏာခွဲဝေမှုပုံသဏ္ဌာန် ဖြစ်နေသည်။
၎င်း၏ ပြောဆိုချက်ကို လက်ရှိအခြေအနေနှင့် တွဲဆက်ကြည့်လျှင် IEC သည် NUG နှင့် တန်းတူဖြစ်သည် ဟု အဓိပ္ပာယ် ကောက်ယူနိုင်ပါသည်။ တစ်နည်းအားဖြင့် NUG ကို ပုခုံးတိုက်ခြင်း၊ NUG ၏ အရေးပါမှုကို ဆွဲချရန် ကြိုးစားခြင်း နောက်ထပ် ဥပမာတစ်ခု ဖြစ်သည်။
စင်စစ် ဖက်ဒရယ်စနစ် ဆိုသည်မှာ ဗဟိုအစိုးရနှင့် ပြည်နယ်အစိုးရအကြား အာဏာခွဲဝေမှုစနစ် (Separation of Power) ကျင့်သုံးခြင်း ဟု အရိုးရှင်းဆုံး နာလည်နိုင်ပါသည်။ ထိုစနစ်တွင် တစ်နိုင်ငံလုံးကို ကိုယ်စားပြုရသော “ဖက်ဒရယ်အစိုးရ” တွင် ရှိရမည့် အာဏာနှင့် “ပြည်နယ်အစိုးရ” တွင် ရှိရမည့်အာဏာ မတူညီနိုင်ပါ။
ဖက်ဒရယ် အစိုးရကို လတ်တလော လူပြောများလာသော Bottom-up အတွေးအခေါ်ဖြင့် ဖွဲ့စည်းသည်ဖြစ်စေ၊ Top-down အတွေးအခေါ်ဖြင့် ဖွဲ့စည်းသည်ဖြစ်စေ အာဏာခွဲဝေမှုတွင် မည်သို့မျှ မတူညီနိုင်ပါ။ အာဏာ ဆိုသည်မှာ တာဝန် ဖြစ်ပြီး၊ ဖက်ဒရယ်အစိုးရ သမ္မတနှင့် ပြည်နယ်အစိုးရ သမ္မတ အာဏာအရ တန်းတူသည် ဟု သတ်မှတ်လျှင် ထိုကဲ့သို့ စနစ်မျိုး ကမ္ဘာပေါ်တွင် မရှိသေးဟုသာ ပြောချင်ပါသည်။
ထို့အတူ မြန်မာနိုင်ငံကဲ့သို့ တိုင်းရင်းသားလူမျိုး စုံလင်ကွဲပြားမှု များပြားသော နိုင်ငံတွင် ပြည်နယ်များ အကြား အရေးကိစ္စများနှင့် အငြင်းပွားမှုများ သေခြာပေါက် ရှိနေပြီး၊ ထိုကိစ္စများကို ပြည်နယ်အချင်းချင်း ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ခြင်းမရှိလျှင်၊ ဗဟိုအစိုးရတွင် ကြားဝင်ဖြေရှင်းနိုင်မည့် အခွင့်အာဏာ ကင်းမဲ့နေလျှင်၊ ပြည်နယ်များ တွင် အလုံးစုံအာဏာရှိနေလျှင် မြန်မာနိုင်ငံသည် မဆုံးနိုင်သော စစ်ပွဲများကိုသာ ရင်ဆိုင်ရမည် ဖြစ်သည်။
စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးကို ကြိုးပမ်းရာတွင် ဒေသ/လူမျိုးအလိုက် ကျဥ်းမြောင်းသော ရည်မှန်းချက်များ အပေါ်သာ အခြေခံထား လုပ်ဆောင်နေကြလျှင်၊ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဖြန့်ကျက်စဥ်းစား မဟာဗျူဟာ ချမှတ်မှု ကင်းမဲ့လျှင်၊ နိုင်ငံတကာစနစ်နှင့် နိုင်ငံတကာဥပဒေများ၏ သက်ရောက်မှုကို အလေးမထားလျှင် ထိုကြိုးပမ်းချက်များသည် အန္တရာယ်ကင်းသော လုပ်ဆောင်ချက်များ မဟုတ်ကြောင်း သတိပြုရန် လိုအပ်သည်။ ထိုကဲ့သို့ တွေးခေါ်စဥ်းစားပုံများ၏ အားနည်းချက်များကို တစ်ဖက်ရန်သူက လေ့လာပြီး ၎င်းတို့ အကျိုးအတွက် အမြဲအသုံးချနေသည် ဆိုသည့်အချက်ကို မမေ့သင့်ပါ။
နိဂုံး – စမ်းတဝါးဝါး ဖက်ဒရယ်ဒီမိုကရေစီ မဖြစ်စေလို
ဤဆောင်းပါးတွင် အဓိက တင်ပြလိုသော စိုးရိမ်ချက်မှာ တော်လှန်ရေး နောက်ပြန်လှန်မကျရေး ဖြစ်သည်။ ဤတော်လှန်ရေးသည် အစိုးရ အပြောင်းအလဲအတွက်မဟုတ်၊ စနစ် အပြောင်းအလဲအတွက် ဖြစ်သည်ကို မြန်မာပြည်သူတစ်ရပ်လုံးနှင့် ဆောင်းပါးရှင်ကိုယ်တိုင် လက်ခံထားပြီးသား အငြင်းပွားဖွယ်မရှိသော အချက်ဖြစ် ပါသည်။
သို့သော် ဖက်ဒရယ်စနစ် တည်ဆောက်ရေးဆိုသည်မှာ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး၊ လက်နက်ကိုင် တော် လှန်ရေး အမှန်တကယ် အောင်မြင်မှသာ ဖြစ်လာပေလိမ့်မည်။ ယင်းသည် ပထမဆုံး လိုအပ်ချက်ဖြစ်ပြီး၊ ထိုအမှန်တရားကို မျက်ခြေပြတ်၍ မရပေ။
ဒုတိယ လိုအပ်ချက်မှာ စစ်အာဏာရှင်အဆက်ဆက် ဆယ်စုနှစ်ပေါင်းများစွာ ထိန်းချုပ်စိုးမိုးလာသော အာဏာ ဗဟိုချက်တွင် လေဟာနယ်ဖြစ်ပေါ်လာပါက ချက်ချင်းအစားထိုးရမည့် “ဖက်ဒရယ်အစိုးရ” ကို အသင့်အနေ ထား ကျစ်လစ်စုစည်းညီညွတ်စွာ ဖွဲ့စည်းထားနိုင်ရေးဖြစ်သည်။ အဆိုပါ ဖက်ဒရယ်အစိုးရသည် လက်ရှိ NUG အစိုးရ ဟုတ်ချင်မှ ဟုတ်လိမ့်မည်။
တတိယ လိုအပ်ချက်မှာ တိုင်းရင်းသားခေါင်းဆောင်များအတွင်း “မြန်မာနိုင်ငံ” ဟူသော တစ်နိုင်ငံလုံး၊ ပြည်သူ တစ်ရပ်လုံးကို ခြုံ၍စဥ်းစားသော တွေးခေါ်မှုနှင့် ခေါင်းဆောင်မှုကို ပြသရန် ကြီးကြီးမားမား လိုအပ်နေသည်။ ဗမာလူမျိုးကြီးများသာ ကြီးစိုးသော “ဖက်ဒရယ်အစိုးရ” ကို မလိုချင်လျှင်၊ နိုင်ငံလူဦးရေ၏ ၆၄ ရာခိုင်နှုန်းသော လူများစု ဗမာလူမျိုးများကို စည်းရုံးဦးဆောင်နိုင်မည့် နိုင်ငံကိုယ်စားပြု တိုင်းရင်းသားခေါင်းဆောင်များ နိုင်ငံ အကြီးအကဲအဖြစ် ပေါ်ထွန်းရေး မရှိမဖြစ် လိုအပ်သည်။
စတုတ္ထု လိုအပ်ချက်မှာ တိုင်းရင်းသား တန်းတူရေးကို အသေအချာ တည်ဆောက်ရမည်။ သို့ရာတွင် တန်းတူ ရေး ဆိုသည်မှာ နိုင်ငံတကာတွင် အသိအမှတ်ပြု ကျင့်သုံးနေသော ဒီမိုကရေစီမူများ (Democratic Principles) နှင့်အညီ ဖြစ်ရမည်။ ထို့ကြောင့် “ဖက်ဒရယ်ဒီမိုကရေစနစ်” ဟု ရည်ညွန်းသုံးနှုန်းခြင်း မဟုတ်ပါလား။ တန်းတူ ညီမျှရေးကို ပီဆာချပ် (Pizza) တစ်ခုကို အညီအမျှခွဲဝေသလို လုပ်၍မရသည့်အချက်က လွန်စွာသိသာ ထင်ရှား ပါသည်။ စမ်းတဝါးဝါး ဖက်ဒရယ်ဒီမိုကရေစီစနစ် မဖြစ်စေလိုပါ။
ပဥ္စမနှင့် နောက်ဆုံး လိုအပ်ချက်မှာ စစ်တပ်သည် “ဗမာလူမျိုးကြီးဝါဒ” (Burmanization) ၏ အဓိက တရားခံ ဖြစ်ပြီး၊ ဗမာတိုင်းရင်းသားများ မဟုတ်ကြောင်း ရှင်းလင်းသော သတင်းစကားကို ပေးအပ်ရန် လိုအပ်ပါသည်။ “ဗမာလူမျိုးကြီးဝါဒ” ကို လိုအပ်သည်ထက် ကျယ်ကျယ်ပြန့်ပြန် ကမ်ပိန်းလုပ်ခြင်းကို သတိပြုရှောင်ရှား အပ်ပါ သည်။ ယင်းသည် ညီညွတ်ရေး၊ သဟဇာတဖြစ်ရေးနှင့် အပြန်အလှန် လေးစားရေး အပေါင်းလက္ခဏာများ ဖြစ် ပေါ်နိုင်ခြင်း မရှိဘဲ၊ အမုန်းတရားများကိုသာ ဖြစ်ပေါ်စေပါလိမ့်မည်။ ထိုလုပ်ရပ်များသည် တော်လှန်ရေးအလွန် နိုင်ငံရေးကို အမြော်အမြင်နည်းစွာ ရှေ့ရှုခြင်းလည်း ဖြစ်သည်။