အခုရက်ပိုင်းဒေါ်လာစျေးတွေ တဖြည်းဖြည်းနဲ့ထိုးကျလာတာ တွေ့ရပါတယ်။လဆန်းပိုင်းက ၆၀၀၀ကျပ်အထက်မှာရှိတဲ့ ဒေါ်လာစျေးဟာအခုဆိုရင် ၅၀၀၀ကျပ်အောက်အထိကျဆင်းလာပါပြီ။နှစ်စဉ်စက်တင်ဘာ၊အောက်တိုဘာလတွေရောက်ရင် ဒေါ်လာစျေးတွေကျဆင်းနေကျဆိုပေမယ့် သိရတဲ့အခြားသတင်းတစ်ခုအရတော့ စိတ်ဝင်စားစရာကောင်းနေတယ်။
စစ်ကောင်စီက ငွေကြေးဈေးကွက်အတွင်း တရုတ်ယွမ်ငွေတွေ ပိုထုတ်ရောင်းလာနေတယ်။ နိုင်ငံခြားငွေလိုအပ်ချက်ကြီးမားနေသည့် သွင်းကုန်လုပ်ငန်းများနှင့် လေယာဉ်ဆီနှင့်အခြားစက်သုံးဆီများအတွက် သွင်းကုန်လုပ်ငန်းရှင်များအတွက် တရုတ်ယွမ်၊ ထိုင်းဘတ်နှင့် အမေရိကန် ဒေါ်လာများကို ထုတ်ရောင်းပေးရာတွင် ယခုလပိုင်းအတွင်း တရုတ်ယွမ်ငွေ ထုတ်ရောင်းမှု သိသိသာသာတိုးတက်လာခြင်းဖြစ်တယ်။ နိုင်ငံခြားငွေစျေးတွေဟာ ပြည်ပပေါက်ဈေးတွင် အမေရိကန်တစ်ဒေါ်လာကို ကျပ် ၄၇၅၀၊ ထိုင်းဘတ်ငွေ တစ်ဘတ်ကို ၁၄၃ ကျပ်နှင့် တရုတ်ငွေတယွမ်ကို ၆၆၀ကျပ်ပေါက်ဈေးရှိနေတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝန်ယိ သြဂုတ်လတွင်မြန်မာနိုင်ငံသို့လာပြီးနောက် တရုတ်နိုင်ငံက စစ်ကောင်စီကို ချေးငွေ ယွမ် ၃ ဘီလီယံ(ဒေါ်လာသန်း၄၃၀ ခန့်)ပေးခဲ့တယ်လို့သတင်းတွေထွက်လာပြီးနောက် နိုင်ငံခြားငွေလဲနှုန်းများကျဆင်းလာတာပါ။ အစောပိုင်းတွင်တရုတ်ကချေးငွေပေးသည်ဟုသတင်းထွက်ခဲ့ပေမယ့် တရုတ်နိုင်ငံက ယွမ် သုံးဘီလီယံကို သဘာဝဓါတ်ငွေ့ဖိုးပေးသည်ဆိုသောခေါင်းစဥ်အောက်မှပေးကာ စစ်ကောင်စီကို ဘဏ္ဍာရေး အကြပ်ဆိုက်နေမှုအားအသက်ဆက်ပေးခဲ့တယ်။ တရုတ်ဟာ စစ်ကောင်စီကို နယ်ပယ်မျိုးစုံံမှာ အကူအညီတွေပေးနေပြီး တော်လှန်ရေးကိုမအောင်မြင်အောင် နည်းမျိုးစုံနဲ့ နှောက်ယှက်နေတာကိုတွေ့ရမှာပါ။