အာဏာသိမ်းစစ်ကောင်စီဟာ အရပ်သားတွေအပေါ်လေကြောင်းတိုက်ခိုက်မှုတွေကို ပိုမိုပြုလုပ်လာနေပါတယ်။ ယမန်နေ့တစ်ညတည်း မြို့နယ်လေးခုကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ ကိုယ်ဝန်ဆောင်နှင့် ကလေးငယ်များအပါအဝင် ၂၀ဦးထက်မနည်းသေဆုံးခဲ့ရပြီး ဒဏ်ရာရသူများလည်း များပြားခဲ့တယ်။
စစ်ကောင်စီဟာ မနေ့ညပိုင်းမဗာ ရှမ်းပြည်နယ်တောင်ပိုင်းနှင့် ကရင်နီပြည်နယ်အစပ်ရှိ မိုးဗြဲမြို့တွင်ရှိသော ဘန်ကောက်စစ်ရှောင်စခန်းအား ဗုံးကြဲတိုက်ခိုက်ပြီးနောက် ဆက်တိုက်ဆိုသလို ရှမ်းပြည်နယ်မြောက်ပိုင်းရှိ နန့်ခမ်းမြို့နှင့် နောင်ချိုမြို့နယ်တို့ကို မနေ့ည သန်းခေါင်ယံအချိန်တွင် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းတယ်။ ထို့နောက် ဒီနေ့နံနက် ၂နာရီလောက်မှာ ချင်းပြည်နယ် မင်းတပ်မြို့နယ် တိုက်နယ်(၄)အတွင်းရှိ ကျေးရွာတစ်ရွာကို ထပ်မံလေကြာင်း တိုက်ခိုက်ခဲ့တယ်။
မိုးဗြဲမြို့ရှိ ဘန်ကောက်စစ်ရှောင်စခန်းအား ဗုံးကြဲတိုက်ခိုက်ခံရမှုမှာ ကရင်နီလူ့အခွင့်အရေးအဖွဲ့ KnHRG ၏ဖော်ပြချက်အရ အသက် (၁၀)နှစ်ခန့်အရွယ် အမျိုးသားနှစ်ဦး၊ အမျိုးသမီးနှစ်ဦး ၊ (၁၃)နှစ်ဝန်းကျင် အမျိုးသမီးနှစ်ဦးနှင့် အသက်(၄၀)ကျော်အရွယ် အမျိုးသမီးနှစ်ဦးသေဆုံးခဲ့တယ်။ ဒါ့အပြင် နေအိမ် ၂၀ထက်မနည်း ပျက်စီးခဲ့တယ်။ ထိုနေရာဟာ တိုက်ပွဲဖြစ်ပွားလေ့ရှိတဲ့နေရာမဟုတ်ပဲ စစ်ရှောင်စခန်းသက်သက်သာဖြစ်တယ်။
ထို့အပြင် မနေ့ည သန်းခေါင်အချိန်က ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့ရှိ ညစျေးအနီးကို စစ်ကောင်စီက ပေါင်(၅၀၀)ဗုံး နှစ်လုံး ကြဲတိုက်ခိုက်ရာ ကိုယ်ဝန်ဆောင်နှင့် ကလေးငယ်များအပါအဝင် မြို့ခံ ၁၁ဦးသေဆုံးပြီး ၁၁ဦး ဒဏ်ရာရခဲ့ကြောင်း တအာင်းတပ်မတော်(TNLA)က သတင်းထုတ်ပြန်ထားတယ်။နမ့်ခမ်းမြို့ကို ၂၀၂၃ ဒီဇင်ဘာတွင် TNLAက သိမ်းပိုက်ခဲ့ရာ ယင်းနောက်ပိုင်းတွင် စစ်ကောင်စီက ပထမဆုံးအကြိမ် ဗုံးကြဲတိုက်ခိုက်လာတာပါ။
ထို့နောက် နောင်ချိုမြို့နယ်ရှိ ရွှေမုဌောကျေးရွာကို ယမန်နေ့ညက စစ်ကောင်စီလေကြောင်းမှ ဗုံးအလုံး၂၀ကျော် ကြဲချတိုက်ခိုက်သွားခြင်းကြောင့် ကလေးငယ်တစ်ဦး သေဆုံးပြီး နေအိမ်အများအပြား ပျက်စီးခဲ့တယ်။ဆက်ပြီး ချင်းပြည်နယ် မင်းတပ်မြို့နယ်ရှိ ကျေးရွာတစ်ရွာကို စစ်ကောင်စီက မနေ့ညမှာပဲ တိုက်လေယာဉ်ဖြင့် အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်။မင်းတပ်မြို့နယ်မှာတော့ ဖုန်းလိုင်းဖြတ်တောက်ခံထားရတာကြောင့် ထိခိုက်သေဆုံး အခြေအနေမသိရသေးဘူး။
အရင်ရက်တွေကတည်းက စစ်ကောင်စီတပ်ဟာ TNLA ထိန်းချုပ်ထားသည့် မြို့တွေဖြစ်တဲ့ ကွတ်ခိုင်၊ နမ့်ဆန်၊ မန်တုံ၊သီပေါ၊ ကျောက်မဲ၊နောင်ချိုနှင့် နမ့်ခမ်းမြို့တို့မှာ အရပ်သားပစ်မှတ်များဦးတည်ကာ လူအများအပြားသေစေနိုင်သည့် ပေါင်(၅၀၀)ဗုံးများဖြင့် တိုက်ခိုက်မှုများ လုပ်ဆောင်ကာ စစ်ရာဇဝတ်မှုကို ပြောင်ပြောင် တင်းတင်းချိုးဖောက်နေတာပါ။
ကိုးကန့်(MNDAA) သိမ်းပိုက်ထားသည့် လောက်ကိုင်၊ သိန္နီမြို့များကို စစ်ကောင်စီက လေကြောင်း တိုက်ခိုက်မှုတွေဆက်တိုက်ပြုလုပ်နေသလို AAသိမ်းထားသည့် ရခိုင်ပြည်နယ်အတွင်း၌လည်း အရပ်သားများ ပစ်မှတ်ထားသည့် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်နေပါတယ်။