အကြမ်းဖက်စစ်ကောင်စီက စက်တင်ဘာလ ၁ ရက်နေ့မှစတင်ပြီး ဆေးဝါးအပါအဝင် သွင်းကုန်များအတွက် အမေရိကန်ဒေါ်လာရောင်းမပေးတော့ဘဲ စီးပွားရေးလုပ်ငန်းရှင်များကိုယ်တိုင် ပို့ကုန်ရငွေ အမေရိကန်ဒေါ်လာများကို ဝယ်ယူ တင်သွင်းရမည့် စနစ်သစ် စတင်မည်ဖြစ်ကြောင်း ကြေညာလိုက်တယ်။ ထိုစနစ်သစ်က သွင်းကုန်အားလုံးအပေါ် သက် ရောက် မှုရှိမှာဖြစ်ပြီး ပို့ကုန်ရငွေ (Export Earning) တင်ပြမှသာ သွင်းကုန် လိုင်စင်များကို ခွင့်ပြုပေးတော့မှာပါ။
ခေတ်ကတော့ အရင် ဦးသန်းရွှေလက်ထက်တုန်းက ခေတ်လိုပြန် ဖြစ်သွားတာပဲ။ သွင်းကုန်တင်သွင်းဖို့ ပို့ကုန်ရငွေ (Export Earing)ကို လိုက်ရှာဝယ်ပေါ့။ အရွက်စျေးထက် Earning က စျေးပိုရတာမျိုးဖြစ်ခဲ့တယ်။ ခေတ်ကနောက်ပြန် ဆွဲနေပါပြီ။ ဒါ့အပြင် သွင်းကုန်လုပ်ငန်းရှင်တွေဟာ ကိုယ်ကြိုက်သလို ဒေါ်လာဝယ်လို့မရတော့ပဲ ပို့ကုန်ရငွေကိုပဲဝယ်ရတော့မှာပါ။ ဒီကာလမှာပို့ကုန်ဆိုတာကလဲ ရွှေထက်ရှားနေတော့ ဒေါ်လာဝယ်ရတာခက်လိမ့်မယ်။ အကျိုးဆက်အနေနဲ့ သွင်းကုန်တွေ စျေးပိုတက်ပါလိမ့်မယ်။ ပြည်တွင်းမှာလဲ အပ်တချောင်းတောင် မထုတ်နိုင်တဲ့အတွက် သွင်းကုန်တွေစျေးတက်ရင် ကုန်စျေးနှုန်းလဲ ထပ်တက်ပါလိမ့်မယ်။ အခြေအနေတွေကတော့ အဆိုးတွေချည်းပဲ ကြုံရဦးမှာပါ။