ဟားဗတ်တက္ကသိုလ်မှ ကမ္ဘာကျော် စီးပွားရေးပညာရှင်များဖြစ်ကြသည့် Carmen Reinhart နှင့် Kenneth Rogoff တို့ ပူးပေါင်းရေးသားသည့် “This Time Is Different: Eight Centuries of Financial Folly” ဆိုသည့်စာအုပ်တွင် ၁၆ ရာစုအတွင်း အင်္ဂလန်ပြည့်ရှင်ဖြစ်ခဲ့သည့် ဟင်နရီ-၈ သည် သူ့မိဖုရားများကို ခေါင်းဖြတ်သတ်ရာတွင် ကျော်ကြားသကဲ့သို့ စတာလင်ပေါင် ငွေဒင်္ဂါးများကို ပုံဖျက်ရာတွင်လည်း နာမည်ကြီးသင့်သည်ဟု ရေးသားထားသည်။
အသုံးအဖြုန်းကြီးသူ ဟင်နရီ-၈ သည် ကြွေးပိနေရာ ငွေဒင်္ဂါးပြားတွင် ပါသည့် သတ္တုငွေသားပမာဏကို လျှော့ချပြီး ငွေဒင်္ဂါးပြားအသစ်များ ရိုက်ထုတ်ခဲ့သည်။ ထိုသို့ပြုလုပ်ခြင်းကြောင့် နောက်ဆုံးတွင် ငွေဒင်္ဂါးပြားများတွင် ပါဝင်သည့် ငွေသားပမာဏသည် ယခင်နှင့် နှိုင်းယှဉ်လျှင် ၈၃ % လျော့နည်းသွားသည်ဟု ဆိုသည်။ တန်ဖိုးနိမ့်ကျလာခြင်းဖြစ်သည်။
ယခုနောက်ပိုင်းတွင် ငွေစက္ကူများ သုံးစွဲလာသည့်အခါ အစိုးရများသည် ကြွေးပြန်ဆပ်ရန် ငွေစက္ကူသစ်များကို အလွယ်တကူ ရိုက်ထုတ်လာနိုင်သည်။ သို့သော် ငွေကြေးဆိုင်ရာ သီအိုရီအရ လည်ပတ်နေသည့် ငွေပမာဏ ၂ ဆ တိုးတိုင်း ကုန်ဈေးနှုန်းလည်း ၂ ဆ သို့မဟုတ် ငွေဖောင်းပွမှုရာခိုင်နှုန်း ၁၀ဝ ဖြစ်မည်ဟု This Time Is Different: Eight Centuries of Financial Folly စာအုပ်တွင် ဖော်ပြထားသည်။
ထို့ထက်ပိုများနိုင်သည်ဟုလည်း ရေးသားထားသည်။ တစ်နည်းအားဖြင့် ဖောင်းပွအောင်လုပ်ပြီး ပြန်ဆပ်ရမည့်ကြွေးကို ပြန်မဆပ်ရသလောက် လုပ်ခြင်းပင်ဖြစ်သည်။ ငွေထုတ်ချေးပေးထားသူများအတွက်မူ တန်ဖိုးမရှိသည့်ငွေများ ပြန်ရသကဲ့သို့ဖြစ်နေသည်။
ရာစုနှစ် ၈ ခုအတွင်း ဖြစ်ပျက်ခဲ့သည့် ဘဏ္ဍာငွေကြေးအကျပ်အတည်းပေါင်းစုံကို အချက်အလက်များဖြင့် လေ့လာသုံးသပ်ရာတွင် နှစ်စဉ်ငွေဖောင်းပွမှု ၂၀ % ကျော်လျှင် ငွေဖောင်းပွမှုပြဿနာကြီးမားလာပြီဟု ဆိုနိုင်သည်။ ငွေကြေးတန်ဖိုးကျဆင်းမှုသည်လည်း နှစ်စဉ် ၁၅ % အထက် ကျဆင်းလာလျှင် အကျပ်အတည်းအဆင့်ရောက်ပြီဟု ဆိုနိုင်ကြောင်း သတ်မှတ်ထားသည်။
အာဏာရှင် မူဂါဘီအုပ်ချုပ်ခဲ့သည့် ဇင်ဘာဘွေ (အာဖရိကတိုက်တောင်ပိုင်းရှိ ကုန်းတွင်းပိတ်နိုင်ငံ)၊ မာဂျူရိုအုပ်ချုပ်နေသည့် ဗင်နီဇွဲလား (တောင်အမေရိကတိုက် မြောက်ဘက်ရှိနိုင်ငံ) တို့တွင် ငွေကြေးအလွန်အမင်းဖောင်းပွမှုများ၊ ငွေတန်ဖိုးကျဆင်းမှုများနှင့် ကြုံတွေ့ခဲ့ရသည်။ ငွေဖောင်းပွမှုနှုန်းသည် ရာခိုင်နှုန်းသန်းချီ၊ ကုဋေချီရှိသလို ထိုနိုင်ငံများ၏ ငွေကြေးမှာလည်း စက္ကူစုတ်သာသာ ဖြစ်သွားခဲ့ရသည်။ ငွေကြေးဖောင်းပွမှုနှင့် ငွေတန်ဖိုးကျဆင်းမှုသည် ခေါင်းနှင့်ပန်းကဲ့သို့ တွဲလျက်ရှိသည်ကိုလည်း တွေ့နိုင်သည်။
ထိုအခါတွင် ပြည်သူများသည် အမေရိကန်ဒေါ်လာကဲ့သို့ ခိုင်မာသည့် ပြည်ပငွေကြေးများကို အစားထိုးသုံးစွဲ စုဆောင်းလာကြသည်။ Dollarization (နိုင်ငံတစ်နိုင်ငံတွင် ဒေါ်လာကို အဓိကငွေကြေးအဖြစ် သုံးစွဲခြင်း) ဖြစ်လာသည်ဟု ဆိုကြသည်။ ထိုသို့ Dollarization ဖြစ်ပြီးလျှင် ပြည်တွင်းငွေကြေးကို ပြန်လည်အစားထိုးသုံးစွဲမှု နည်းပါးသွားပြီး ဒေါ်လာကိုသာ ဆက်လက် ကိုင်စွဲထားကြသည်ဟု ဆိုသည်။ အထူးဝေးဝေးကြည့်ရန် မလိုပါ၊ အိမ်နီးချင်း ကမ္ဘောဒီးယားနိုင်ငံတွင် ဒေါ်လာကို နေရာတိုင်းတွင် သုံးစွဲသည်ကို တွေ့နိုင်သည်။
ငွေကြေးပုံဖျက်ရာတွင် မင်းအောင်လှိုင် အဆိုးဆုံးလား
စစ်အစိုးရအဆက်ဆက်တွင် မင်းအောင်လှိုင်သည် ဟင်နရီ-၈ ဘုရင်ကဲ့သို့ပင် ငွေကြေးဖောင်းပွမှုနှင့် ငွေတန်ဖိုးကျဆင်းအောင် လုပ်ရာတွင် အဆိုးဆုံးဟု မြန်မာ့သမိုင်းတွင် မှတ်တမ်းတင်ရမလို ဖြစ်နေသည်။
မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ဥက္ကဋ္ဌ ဗိုလ်နေဝင်းမှစ၍၊ နဝတ၊ နအဖ စစ်အစိုးရ ဗိုလ်သန်းရွှေလက်ထက်တွင် ငွေကြေးဖောင်းပွမှု၊ ငွေတန်ဖိုးကျဆင်းမှုဒဏ်ကို ပြည်သူတိုင်း ခံစားခဲ့ရသည်။ ဆန်တစ်ပြည် ၈ ကျပ် စိန်လွင့်ခေါင်းကို ဖြတ်ဟု ၈၈၈၈ အရေးအခင်းအတွင်းက ကုန်ဈေးနှုန်းကြီးမြင့်မှုကို မခံနိုင်၍ ကြွေးကြော်ခဲ့သည့် ကြွေးကြော်သံကို အမှတ်ရမိသည်။
ဈေးကွက်စီးပွားရေးစနစ်သို့ ပြောင်းလဲကျင့်သုံးပြီး သယံဇာတများ တူးဖော်ထုတ်လုပ်ရောင်းချခဲ့၍ နိုင်ငံခြားငွေရရှိခဲ့သော်လည်း စစ်တပ်နှင့် အပေါင်းပါ ခရိုနီတစ်စုသာ ကောင်းစားခဲ့သည်။ ငွေစက္ကူများကို အကန့်အသတ်မရှိ ရိုက်ထုတ်သည့်နည်းဖြင့် ဘတ်ဂျက်လိုငွေပြမှုကို ဖြည့်ဆည်းပြီး မည်သည့်နေရာတွင်မျှ အသုံးမဝင်သည့် အခြေခံအဆောက်အအုံစီမံကိန်းများ တည်ဆောက်ခဲ့သည့် နဝတ၊ နအဖ လက်ထက်တွင် ကုန်ဈေးနှုန်းထိုးတက်မှု၊ ငွေတန်ဖိုးကျဆင်းမှု ဆိုးရွားခဲ့သည်။
၁၉၉၀ ပြည့်လွန်နှစ်များအတွင်း ဆီချက်ခေါက်ဆွဲတစ်ပွဲ ၁၀ ကျပ် ရှိခဲ့ရာမှ ၂၀၁၁ ခုနှစ် နအဖအစိုးရဆင်းချိန်တွင် ဆီချက်တစ်ပွဲ ကျပ် ၁,၀၀၀ ကျော် ဖြစ်နေသည်။ ထိုသို့ အဆ ၁၀၀ တိုးသွားသည်ဆိုသည်မှာ ငွေကြေးဖောင်းပွမှုနှုန်းသည် ထိုနှစ် ၂၀ အတွင်း စုစုပေါင်းရာခိုင်နှုန်း ၁၀,၀၀၀ ရှိသည်ဟု ပြော၍ရသည်။
မည်သို့ပင်ဆိုစေကာမူ နဝတ၊ နအဖ လက်ထက်က ငွေကြေးဖောင်းပွမှုနှုန်းသည် နှစ်စဉ်ပျမ်းမျှ ၂၀ နှင့် ၃၀ ရာခိုင်နှုန်းကြား ရှိခဲ့သည်ဟု စီးပွားရေးပညာရှင် ဦးမြတ်သိန်းက သူ၏စာအုပ် “Economic Development of Myanmar” ထဲတွင် ဖော်ပြထားသည်။ ငွေလဲလှယ်နှုန်းသည်လည်း ၁၉၉၅-၉၆ ခုနှစ်များအတွင်း ပြင်ပဈေးကွက်ပေါက်ဈေးသည် ကျပ် ၁၂၀ အထက် ရှိနေခဲ့သည်။ တရားဝင်ငွေလဲနှုန်းမှာမူ ၁ ဒေါ်လာ ၆ ကျပ်ဖြစ်နေ၍ အဆ ၂၀ ခန့် တန်ဖိုးမြှင့်ထားသကဲ့သို့ ဖြစ်နေသည်ဟု ဦးမြတ်သိန်းက ရေးသားထားသည်။ ထို ၁ ဒေါ်လာ ကျပ် ၁၂၀ မှသည် နအဖအစိုးရ အာဏာစွန့်ချိန်တွင် ၁ ဒေါ်လာ ၁,၂၀၀ ဖြစ်လာခဲ့သည်။
မေးခွန်းထုတ်စရာမှာ မင်းအောင်လှိုင်သည် သူ့ဆရာ ဗိုလ်သန်းရွှေကို ကျော်တက်ကာ မြန်မာ့သမိုင်းတွင် ကုန်ဈေးနှုန်းကိုလည်း ၂၀-၃၀ % မဟုတ် Hyperinflation (ငွေကြေးအလွန်အမင်းဖောင်းပွမှု) ရာခိုင်နှုန်း ထောင်ချီသောင်းချီ တက်အောင်လုပ်မည်လား၊ ငွေတန်ဖိုးကိုလည်း ဇင်ဘာဘွေ၊ ဗင်နီဇွဲလားနိုင်ငံတို့၏ ငွေကြေးများကဲ့သို့ ဈေးဝယ်သွားလျှင် လှည်းဖြင့် တိုက်ယူသွားရသကဲ့သို့ လုပ်မည်လားဆိုသည့် မေးခွန်းဖြစ်သည်။
အာဏာသိမ်းပြီး ၃ နှစ်အတွင်း စစ်ကောင်စီလက်အောက်ခံ ဝန်ကြီးဌာနများ၏ ထုတ်ပြန်ချက်များကို ပြန်လည်ဆန်းစစ်ကြည့်ပါက ငွေကြေးဖောင်းပွမှုနှုန်းသည် နှစ်စဉ် ၂၀-၃၀ ရာခိုင်နှုန်းကျော် ရှိနေခဲ့သည်။ ငွေတန်ဖိုးသည် တရားဝင်ငွေလဲနှုန်း ၁ ဒေါ်လာ ၂,၁၀၀ ဆိုလျှင်ပင် ၄၀ % ကျော် ကျဆင်းသွားခြင်းဖြစ်သည်။
ဗဟိုဘဏ်က ပုဂ္ဂလိကဘဏ်များကို ရောင်းချခွင့်ပေးသည့်နှုန်းသည် ၁ ဒေါ်လာ ကျပ် ၃,၄၀၀ ဖြစ်ပြီး ပြင်ပဈေးကွက်ပေါက်ဈေးသည် ကျပ် ၆,၄၀၀ နီးပါးဖြစ်နေရာ ပြင်ပပေါက်ဈေးနှင့် ယှဉ်လျှင် ရာခိုင်နှုန်း ၈၀ ကျော် ငွေတန်ဖိုးကျဆင်းသွားသည်။ သဘောမှာ ယခင်က ကိုယ့်လက်ထဲရှိသည့် ငွေကျပ် ၁၀၀,၀၀၀ သည် ယခုအခါ ကျပ် ၁၀,၀၀၀ ကျော်သာ တန်ဖိုးရှိသကဲ့သို့ ဖြစ်နေသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရလက်ထက် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုဝန်ကြီးဖြစ်ခဲ့သူ စီးပွားရေးပညာရှင် ဦးဆက်အောင် ရေးသားပြီး စင်ကာပူအမျိုးသားတက္ကသိုလ် အရှေ့တောင်အာရှလေ့လာရေးဌာန (Institute of Southeast Asian Studies) က ထုတ်ဝေသော “The Evolution of Economic Reforms Across Myanmar’s Administration” စာတမ်းတွင် စစ်အာဏာသိမ်းခြင်းကြောင့် ပြည်သူများ စိုးရိမ်ထိတ်လန့်ကာ ကုန်ပစ္စည်းများစုပြုံဝယ်ယူမှု၊ ကုန်ဈေးနှုန်းတက် ငွေတန်ဖိုးကျမည်ကို လူလတ်တန်းစားများက တင်ကြိုခန့်မှန်း၍ မိမိပိုင်ဆိုင်သည့် ကျပ်ငွေများကို အိမ်၊ ခြံ၊ မြေ၊ ရွှေ၊ ဒေါ်လာ အစရှိသည်တို့ကို ခိုင်မာသည့်ပစ္စည်းများဖြင့် အစားထိုးခြင်းနှင့် စစ်ကောင်စီ၏ တုံ့ပြန်မှုများကလည်း ယခင် နဝတ၊ နအဖ၏ မအောင်မြင်သည့် မူဝါဒများအတိုင်း လိုက်လံလုပ်ဆောင်ခြင်းကြောင့် ပိုမိုဆိုးရွားခဲ့ရသည်ဟု ရေးသားတင်ပြခဲ့သည်။
ပြည်သူများက ကုန်ဈေးနှုန်းတက်မည် ခန့်မှန်းလျှင် အမှန်တကယ်လည်း ကုန်ဈေးနှုန်းတက်တတ်သည်ဟု ရေးသားထားသည်။ အများပြည်သူ၏အမြင် အရေးကြီးသည်ကို ထောက်ပြထားခြင်းဖြစ်သည်။ Inflation de-anchoring ဟု ခေါ်ဆိုသည့် ငွေကြေးဖောင်းပွမှုနှုန်း ကျောက်ဆူးကြိုး ပြတ်သွားပြီဆိုလျှင် ပြန်ထိန်းရန် မလွယ်ကူပေ။
အဓိကအချက်ကမူ သီးခြားလွတ်လပ်သည့် အဖွဲ့အစည်းများဟု သတ်မှတ်ထားသည့် ဗဟိုဘဏ်နှင့် စစ်ကောင်စီလက်အောက်ခံ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာတို့အပေါ် ယုံကြည်မှုလုံးဝ ပျောက်သွားခြင်းဖြစ်သည်။ စစ်ကောင်စီခိုင်းသမျှကို အဆင်အခြင်မဲ့စွာ လိုက်လုပ်နေမည်ဟု ပြည်သူလူထုက ထင်မြင်ထားခြင်းကြောင့်လည်း ကုန်ဈေးနှုန်းကြီးမြင့်မှုနှင့် ငွေတန်ဖိုးကျဆင်းခြင်းကို ထိန်းချုပ်ရန် မဖြစ်နိုင်ပေ။
ဘာတွေဆက်ဖြစ်ဦးမည်လဲ
ဦးဆက်အောင် ရေးသားသကဲ့သို့ပင် စစ်ကောင်စီ၏ ငွေတန်ဖိုးကျဆင်းမှုအပေါ် တုံ့ပြန်မှုများသည် ယခင် နဝတ၊ နအဖအစိုးရ မူဝါဒများထက်ပင် ပိုမိုဆိုးရွားနေသည်ကို တွေ့ရသည်။ NUGGETs Viber group (Viber လူမှုကွန်ရက်အသုံးပြုသူများ) ၏ သွေးထိုးလှုံ့ဆော်မှုကြောင့် ငွေတန်ဖိုးကျဆင်းရပါသည်ဟု စစ်ကောင်စီထိန်းချုပ်ထားသည့် ဗဟိုဘဏ်က ဩဂုတ်လ ဒုတိယပတ်တွင် ကြေညာသည်။ စာရေးသူ တစ်ခါမျှပင် မကြားဖူးသည့် ဗိုင်ဘာအုပ်စုကို ရည်ညွှန်း အပြစ်တင်ထားသည့် ဗဟိုဘဏ်၏ ထုတ်ပြန်ချက်သည် အတော်ရယ်စရာကောင်းလှသည်။
တစ်နည်းပြောရလျှင် ဗဟိုဘဏ်နှင့် စစ်ကောင်စီတို့သည် လက်ရှိ ဒိုင်ဗင်ထိုးကျဆင်းနေသည့် ငွေတန်ဖိုးကို ပြန်တက်ရန် ဖြေရှင်းနိုင်သည့် နည်းလမ်းမရှိဆိုသည်ကို တွေ့ရသည်။ လုပ်နိုင်သည်မှာ လိုင်စင်ရငွေလဲလှယ်သူများကို လိုက်လံဖမ်းဆီးရန်သာဖြစ်သည်။
စစ်ကောင်စီအတွက် နိုင်ငံခြားငွေ အဓိကရရှိသည့်လမ်းကြောင်းသည် ပို့ကုန်တင်ပို့မှုဖြစ်သည်။ ၂၀၂၃ ခုနှစ်မှစ၍ ကုန်သွယ်မှုတွင် ပို့ကုန်တန်ဖိုးသည် အမေရိကန်ဒေါ်လာ ၄ ဘီလီယံခန့် ကျဆင်းသွားခဲ့သည်ဟု သိရသည်။
၂၀၂၄ ခုနှစ်တွင်လည်း ပို့ကုန်တန်ဖိုး ဆက်လက်ကျဆင်းသွားရန် အလားအလာများနေသည်ဟု ဆောင်းပါးရှင် Jared Bissinger က ရေးပြီး အရှေ့တောင်အာရှလေ့လာရေးဌာန (Institute of Southeast Asian Studies) က ထုတ်ဝေသည့် “Myanmar Trade Takes for the Worse” ဆောင်းပါးတွင် သုံးသပ်တင်ပြထားသည်။
စစ်ကောင်စီသည် ပို့ကုန်မှ ရရှိသည့် နိုင်ငံခြားငွေများကို ပြင်ပပေါက်ဈေးထက် လျော့နည်းသည့် ဗဟိုဘဏ်သတ်မှတ်ဈေးနှင့် ဝယ်ယူနိုင်ခြင်းဖြင့် ယမန်နှစ်အတွင်း အမေရိကန်ဒေါ်လာ ၁.၆ ဘီလီယံခန့် အကျိုးအမြတ်ရရှိခဲ့သည်ဟု Jared Bissinger ကပင် နောက်ဆောင်းပါးတစ်ပုဒ်တွင် ရေးသားထားခဲ့သည်။ ထိုရရှိသည့်ပမာဏသည် စစ်အသုံးစရိတ်နီးပါးဖြစ်သည်ဟု သိရှိရသည်။ ထိုငွေဖြင့် စစ်တိုက်နေခြင်းဖြစ်သည်။
ယခုအခါ ဗဟိုဘဏ်သတ်မှတ်ဈေးနှင့် ပြင်ပပေါက်ဈေးသည် အလွန်ကွာဟသွားပြီဖြစ်သည်။ ပို့ကုန်သမားများအတွက် လုပ်ငန်းလည်ပတ်ရန် မည်သို့မျှမလွယ်ကူတော့ပါ။ ၁ ဒေါ်လာလျှင် ပြင်ပပေါက်ဈေးနှင့် ကျပ် ၃,၀၀၀ ကျော် ကွာနေသည်၊ ယခင်ကကဲ့သို့ ကျပ် ၄၀၀-၅၀၀ ကွာဟခြင်းမျိုး မဟုတ်တော့သဖြင့် လုပ်ငန်းများရပ်နားရတော့မည်ဖြစ်သည်။
နိုင်ငံ၏ အဓိကပို့ကုန်ဖြစ်သည့် လယ်ယာထွက်ကုန် ဆန်၊ ပြောင်း တို့သည်လည်း ပြည်ပမှ တင်သွင်းရသည့် ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေး၊ ဒီဇယ်၊ လယ်ထွန်စက် အစရှိသည့် စက်ပစ္စည်းသွင်းအားစုများ မတင်သွင်းနိုင်လျှင် ထွက်နှုန်းကျဆင်းသွားမည်ဖြစ်သည်။ ယခုပင် လယ်သမားများ ရင်းနှီးမြှုပ်နှံမှုမရှိခြင်းကြောင့် မိုးစပါးအပြီး နွေစပါးထပ်စိုက်ရန် မလွယ်တော့ဟု သိရသည်။
စစ်ကောင်စီက ဆန်ဈေးနှုန်းကျဆင်းရန် ဈေးသတ်မှတ်ခြင်းကလည်း လယ်သမားများကို ထိခိုက်စေသည်။ သတ်မှတ်ငွေလဲနှုန်းနှင့် ပြင်ပပေါက်ဈေး အလွန်ကွာဟနေခြင်းကလည်း တကယ်တော့ လယ်သမားများအပေါ် အခွန်ကြီးကြီးမားမားကောက်ခံခြင်းပင်ဖြစ်သည်။ ဈေးကောင်းမရ၍ မစိုက်ပျိုးနိုင်လျှင် သီးနှံထွက်နှုန်းကျဆင်းပြီး စားနပ်ရိက္ခာမဖူလုံမှု ဆိုးဆိုးရွားရွား ဖြစ်လာနိုင်သည်။
မြန်မာနိုင်ငံသည် စက်သုံးဆီ၊ စားသုံးဆီ၊ ဆေးဝါး၊ စိုက်ပျိုးရေးသွင်းအားစုများနှင့် အခြားကုန်ထုတ်လုပ်ငန်းများအတွက် ကုန်ကြမ်းပစ္စည်းများကို ပြည်ပမှ မဖြစ်မနေ တင်သွင်းနေရသည်။ ထိုပစ္စည်းများမတင်သွင်းနိုင်လျှင် လယ်ယာလုပ်ငန်းမှာကဲ့သို့ပင် အခြားကုန်ထုတ်လုပ်ငန်းများ၊ စက်ရုံအလုပ်ရုံများ ပိတ်သိမ်းရခြင်းနှင့် ယခုပင် ပြတ်လပ်နေပြီဖြစ်သော မရှိမဖြစ် ဒီဇယ်၊ ဓာတ်ဆီ၊ ဆေးဝါးများ ထပ်မံ၍ ဆိုးဆိုးရွားရွား ပြတ်လပ်ဦးမည်ဖြစ်သည်။
ထိုသွင်းကုန်များသည် ဒေါ်လာဈေးအပေါ် မှီတည်နေသဖြင့် ဒေါ်လာငွေလဲနှုန်းတက်လျှင် ပြည်တွင်းကုန်ဈေးနှုန်းလည်း မြင့်တက်မည်သာဖြစ်သည်။ ကုန်ဈေးနှုန်းနှင့် ငွေလဲလှယ်နှုန်းသည် အပြန်အလှန် တည်မှီနေသည်ကို တွေ့ရမည်။ စစ်ကောင်စီကလည်း စီးပွားရေးကျဆင်း၍ အခွန်ဘဏ္ဍာလျော့နည်းသွားလေ ငွေစက္ကူများ ရိုက်ထုတ်လေ ဖြစ်လာလိမ့်မည်။ အခြားနိုင်ငံများကဲ့သို့ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ထံတွင်လည်း အကူအညီတောင်း၍ မရချေ။ ဆုပ်လည်းစူး စားလည်းရူး အခြေအနေဖြစ်သည်။
ငွေကြေးသည် အဓိကလုပ်ငန်းတာဝန် ၃ ရပ်ကို ထမ်းရွက်ရသည်။ ကုန်ပစ္စည်းများ၊ ဝန်ဆောင်မှုများကို ငွေပမာဏသတ်မှတ်ခြင်း (Unit of account) သည် ပထမဆောင်ရွက်မှုဖြစ်သည်၊ (ဥပမာ ဂေါ်ဖီထုပ် ၁ ထုပ်လျှင် ငွေကျပ် ၈,၀၀၀)၊ ဒုတိယဆောင်ရွက်မှုမှာ အရောင်းအဝယ်ပြုလုပ်ရာတွင် အဓိကကြားခံအဖြစ် သုံးစွဲခြင်း (Medium of exchange) ဖြစ်သည်။ တတိယလုပ်ဆောင်မှုမှာ ငွေသားကို မိမိတို့ပိုင်ဆိုင်မှုအဖြစ် စုဆောင်းထားပြီး ချမ်းသာကြွယ်ဝမှုကို သိမ်းဆည်းထားခြင်း (Store of value) ဖြစ်သည်။
ငွေကြေး၏ တတိယတာဝန် (ငွေသားကို မိမိတို့ပိုင်ဆိုင်မှုအဖြစ် စုဆောင်းထားပြီး ချမ်းသာကြွယ်ဝမှုကို သိမ်းဆည်းထားခြင်း) သည် မြန်မာနိုင်ငံတွင် လုံးဝပျောက်ကွယ်သွားပြီဟု ဆိုရမည်။ ကျပ်ငွေကိုင်ထားသူနှင့် ဘဏ်တွင် ငွေအပ်နှံထားသူများ၏ ငွေတန်ဖိုးသည် ၃ နှစ်အတွင်း ၈၀ % ကျော် ပျောက်ကွယ်သွားပြီဖြစ်သည်။ ထို့အတွက်ကြောင့် ကျပ်ငွေပိုင်ဆိုင်ထားသည့် ပြည်သူများသည် ကျပ်ငွေများကို လုံးဝမသိမ်းဆည်းတော့ဘဲ ရသမျှ အိမ်၊ ခြံ၊ မြေ၊ ရွှေ၊ ဒေါ်လာနှင့် အခြားနိုင်ငံခြားငွေများကို လိုက်လံဝယ်ယူနေခြင်းဖြစ်သည်။
ငွေကြေး၏ ဒုတိယတာဝန်ဖြစ်သော ကြားခံအဖြစ် သုံးစွဲခြင်းသည်လည်း အချို့ကုန်ပစ္စည်းများ၊ ဝန်ဆောင်မှုများအတွက် ခက်ခဲလာပြီဖြစ်သည်။ ကျပ်ငွေတန်ဖိုးသည် ဆက်လက်ကျဆင်းနေမည်ဟု အများစုက ခန့်မှန်းထားရာ အရောင်းအဝယ်ပြုလုပ်သည့်အခါ ကျပ်ငွေဖြင့် ပေးချေရန် ခက်ခဲလာပြီဖြစ်သည်။ ဥပမာ ကြီးမားသော ပိုင်ဆိုင်မှု အိမ်၊ ခြံ၊ မြေကဲ့သို့သော ပစ္စည်းများ အရောင်းအဝယ်လုပ်လျှင် ကျပ်ငွေအစား နိုင်ငံခြားငွေ သို့မဟုတ် ရွှေဖြင့် ပေးချေရမှုများ ရှိလာနိုင်သည်။
ငွေကြေး၏ ပထမတာဝန်ဖြစ်သော တန်ဖိုးသတ်မှတ်ရန်အတွက်လည်း မြန်မာကျပ်ငွေသည် အခက်အခဲရှိလာသည်၊ အထူးသဖြင့် နိုင်ငံခြားငွေဖြင့် ပေးချေတင်သွင်းရသည့် ကွန်ပျူတာကဲ့သို့သော ပစ္စည်းများအတွက်ဖြစ်သည်။ ရန်ကုန်၊ မန္တလေး မြို့ကြီးများရှိ ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းများကို တန်ဖိုးသတ်မှတ်ရန် ခက်ခဲလာသဖြင့် အရောင်းဆိုင်များက ပစ္စည်းပြတ်သည်ဟု အကြောင်းပြ၍ ပိတ်ထားကြသည်ဟု သိရသည်။ အကြောင်းမှာ ဒေါ်လာဈေး၊ ဘတ်ဈေး၊ ယွမ်ဈေးများ မတရားမြင့်တက်နေ၍ ရောင်းလိုက်ပါက အစားထိုးပြန်ဝယ်ယူနိုင်တော့မည် မဟုတ်၍ဖြစ်သည်။ လှုပ်လေမြုပ်လေဖြစ်နေသည်ဟု ဆိုကြသည်။
နောက်ဆုံးကောက်ချက်ဆွဲရလျှင် မြန်မာနိုင်ငံတွင် လက်ရှိကြုံတွေ့နေရသည့် စီးပွားရေးကျဆင်းမှု၊ အလုပ်အကိုင်ရှားပါးမှု၊ ကုန်ဈေးနှုန်းကြီးမြင့်မှုနှင့် ငွေတန်ဖိုးကျဆင်းမှုများ အားလုံးသည် အရင်းစစ်ပါက အာဏာသိမ်းမှုကြောင့်သာဖြစ်သည်။ ကုစားရန်အတွက် တစ်ခုတည်းသောဆေးမှာ နိုင်ငံရေးနည်းဖြင့် အဖြေရှာပြီး စစ်ကောင်စီ အာဏာစွန့်ရေးဖြစ်သည်။ သို့မဟုတ်ပါက မြန်မာ၏ ဟင်နရီ-၈ သည် မင်းအောင်လှိုင် ဖြစ်လာပါလိမ့်မည်။