၂၀၂၄ ခုနှစ် ဇွန်လ၂၅ ရက်နေ့တွင် ပြန်လည်စတင်ခဲ့သော “၁၀၂၇ စစ်ဆင်ရေး” ဒုတိယလှိုင်းက ရှမ်းပြည်နယ် မြောက်ပိုင်းတစ်ခွင်လုံးသို့ စစ်နယ်ဝန်း ပြန့်နှံ့ခဲ့သည်။ စစ်နယ်ဝန်း ကျယ်ပြန့်လာသည်နှင့်အမျှ တော်လှန်ရေး တပ်များသည် ၎င်းတို့သိမ်းပိုက်ရရှိထားသော မြို့ရွာများကို အခိုင်အမာ ဆက်လက်စိုးမိုးထိန်းချုပ်နိုင်ရေးက အလွန်အရေးကြီးလာပါသည်။
တဖြေးဖြေး ဖြန့်ကျက်ဆန့်ထွက်လာသော တော်လှန်ရေးတပ်ဖွဲ့များ၏ ထောက်ပံ့ပို့ဆောင်ရေး လမ်းကြောင်း ပိုမို ရှည်လျှားလာခြင်းနှင့် ထိရောက်စွာ အမိန့်ပေးကွပ်ကဲမှုလမ်းကြောင်းများကို ထိန်းထားနိုင်ရေး စစ်နယ်ဝန်း အတွင်းရှိ မဟာဗျူဟာလမ်းမကြီးကို မည်မျှထိန်းချုပ်စိုးမိုးနိုင်စွမ်းရှိသည် ဆိုသည့်အချက်က အရေးကြီးသော အချက် ဖြစ်လာပါသည်။
ရှမ်းမြောက်၏ တစ်ခုတည်းသော မန္တလေး-လားရှိုး-မူဆယ် မဟာဗျူဟာလမ်းမကြီးသည် လမ်းတစ်လျှောက် အဓိကမြို့များဖြစ်သော နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ လားရှိုး၊ သိန္နီ၊ ကွတ်ခိုင် နှင့် မူဆယ်မြို့များကို ပုလဲကုံး သဖွယ် ဆက်သွယ်ထားသည်။
ထိုလမ်းမကြီး၏ ဝဲယာဖြာထွက်သွားသော လမ်းခွဲများသည် သွေးကြောမကြီးနှင့် သွေးကြောမျှင်များ ကွန်ရက် ဖွဲ့ထားသကဲ့သို့ ရှိသည်။ ထိုလမ်းခွဲများ၏ ဦးတည်ရာအရပ်ကိုကြည့်လျှင် မဟာဗျူဟာလမ်းမကြီးကို ထိန်းချုပ် ထားနိုင်ရေး မည်မျှအရေးပါသည်ကို တွေ့နိုင်ပါသည်။
မန္တလေးတိုင်းနယ်စပ် ပြင်ဦးလွင်မြို့မှ ရှမ်းမြောက်သို့ ဝင်ရောက်သည်နှင့် အနောက်ဖက် မိုးကုတ်နှင့် မိုးမိတ် မြို့များကို ဆက်သွယ်ထားသော ပြင်ဦးလွင်-မိုးကုတ်၊ နောင်ချို-မိုးကုတ်နှင့် ကျောက်မဲ-မိုးကုတ်လမ်းခွဲများ၊ လားရှိုးမှ အနောက်ဖက် နမ္မတူမြို့ကို ဆက်သွယ်ထားသော လားရှိုး-နမ္မတူလမ်းခွဲ၊ သန္နီမြို့မှ အရှေ့ဖက် ကိုးကန့် နှင့် ‘ဝ’ ဒေသများကို ဆက်သွယ်ထားသော သန္နီ-ကွမ်းလုံ-ချင်းရွှေဟော် လမ်းခွဲ၊ မိုင်းယု (၁၀၅မိုင်) ကုန်သွယ် ရေးဇုန်မှ အရှေ့ဖက် ဖြာထွက်သွားသော မိုင်းယု-ကြူကုတ်လမ်းခွဲနှင့် မူဆယ်မြို့၏ အနောက်ဖက်ရှိ နမ့်ခမ်းမြို့ ကို ဆက်သွယ်ထားသော မူဆယ်-နမ့်ခမ်း လမ်းခွဲများကို တွေ့ရသည်။
ထို့ကြောင့် မန္တလေး-လားရှိုး-မူဆယ်လမ်းမကြီးကို ရှမ်းမြောက်ဒေသ၏ တစ်ခုတည်းသော မဟာဗျူဟာ လမ်းမကြီးအဖြစ် ရှု့မြင်နိုင်ပါသည်။
ယခုအခါ ကိုးကန့် (MNDAA) နှင့် တအာင်း (TNLA) ညီနောင်မဟာမိတ်တပ်ဖွဲ့များ ဦးဆောင်သော တော်လှန်ရေးတပ်ဖွဲ့များသည် လားရှိုးမြို့နှင့် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို သိမ်းပိုက်ထိန်းချုပ်နိုင်ခြင်း၊ နောင်ချို နှင့် ကျောက်မဲမြို့များကို သိမ်းပိုက်နိုင်ခြင်း၊ “၁၀၂၇ စစ်ဆင်ရေး” ပထမလှိုင်းကတည်းက သိန္နီ၊ ကွတ်ခိုင်နှင့် မိုင်းယု ၁၀၅မိုင် ကုန်သွယ်ရေးစခန်းတို့ကို သိမ်းပိုက်ထားနိုင်ခဲ့ခြင်းတို့ကြောင့် မန္တလေး-လားရှိုး-မူဆယ် မဟာဗျူဟာ လမ်းမကြီးနှင့် ရှမ်းမြောက်ဒေသအများစုကို ထိန်းချုပ်ရရှိထားပြီဟု ဆိုနိုင်ပါသည်။
ထိုမဟာဗျူဟာလမ်းမကြီးကို ရာနှုန်းပြည့် သိမ်းပိုက်ထိန်းချုပ်နိုင်ရန် လက်ကျန်မြို့များဖြစ်သော သီပေါနှင့် မူဆယ်မြို့များကို MNDAA နှင့် TNLA ဦးဆောင်သော တော်လှန်ရေးတပ်ဖွဲ့များက ရှေ့လာမည့်ကာလများတွင် မဖြစ်မနေ ဆက်လက်သိမ်းပိုက်ထိန်းချုပ်နိုင်ရေး ဆောင်ရွက်ကြလိမ့်မည်မှာ မလွဲဧကန် ဖြစ်သည်။
စစ်ယန္တရားလည်ပတ်နိုင်ရေး ခရိုနီစီးပွားရေး ကျားကန်ပေး
ဤနေရာတွင် အတိတ်ကာလ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်ခဲ့သော အလွန်အရေးကြီးသည့် အချက်တစ်ခု ကို အထူးသတိချပ်သင့်သည်။ ၁၉၈၈ ခုနှစ် ဒီမိုကရေစီအရေးတော်ပုံကြီးကို နှိမ်နှင်းပြီးနောက် စစ်ခေါင်းဆောင် များသည် ဈေးကွက်စီးပွားရေးစနစ် အမည်ခံ “ခရိုနီစီးပွားရေး” ကို ဖန်တီးခဲ့ပြီး၊ ၎င်းတို့အပေါ် ချွင်းချက်မရှိ သစ္စာခံမည့် ခရိုနီသူဌေးများနှင့် ကျောချင်းကပ်ပေါင်းစည်းမှုဖြင့် မြန်မာ့စီးပွားရေးဘဝတစ်ခုလုံးကို ထိန်းချုပ်ခဲ့ ပြီး၊ စစ်ယန္တရားလည်ပတ်မှုအတွက် အရေးကြီးသော ဘဏ္ဍာရေးထောင့်တိုင်များအဖြစ် အသုံးချခဲ့သည်။
ထို့ကြောင့် မန္တလေး-လားရှိုး-မူဆယ်လမ်းမကြီးကို ရှမ်းမြောက်ဒေသ၏ တစ်ခုတည်းသော မဟာဗျူဟာ လမ်းမကြီးအဖြစ် ရှု့မြင်နိုင်ပါသည်။
ယခုအခါ ကိုးကန့် (MNDAA) နှင့် တအာင်း (TNLA) ညီနောင်မဟာမိတ်တပ်ဖွဲ့များ ဦးဆောင်သော တော်လှန်ရေးတပ်ဖွဲ့များသည် လားရှိုးမြို့နှင့် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို သိမ်းပိုက်ထိန်းချုပ်နိုင်ခြင်း၊ နောင်ချို နှင့် ကျောက်မဲမြို့များကို သိမ်းပိုက်နိုင်ခြင်း၊ “၁၀၂၇ စစ်ဆင်ရေး” ပထမလှိုင်းကတည်းက သိန္နီ၊ ကွတ်ခိုင်နှင့် မိုင်းယု ၁၀၅မိုင် ကုန်သွယ်ရေးစခန်းတို့ကို သိမ်းပိုက်ထားနိုင်ခဲ့ခြင်းတို့ကြောင့် မန္တလေး-လားရှိုး-မူဆယ် မဟာဗျူဟာ လမ်းမကြီးနှင့် ရှမ်းမြောက်ဒေသအများစုကို ထိန်းချုပ်ရရှိထားပြီဟု ဆိုနိုင်ပါသည်။
ထိုမဟာဗျူဟာလမ်းမကြီးကို ရာနှုန်းပြည့် သိမ်းပိုက်ထိန်းချုပ်နိုင်ရန် လက်ကျန်မြို့များဖြစ်သော သီပေါနှင့် မူဆယ်မြို့များကို MNDAA နှင့် TNLA ဦးဆောင်သော တော်လှန်ရေးတပ်ဖွဲ့များက ရှေ့လာမည့်ကာလများတွင် မဖြစ်မနေ ဆက်လက်သိမ်းပိုက်ထိန်းချုပ်နိုင်ရေး ဆောင်ရွက်ကြလိမ့်မည်မှာ မလွဲဧကန် ဖြစ်သည်။
စစ်ယန္တရားလည်ပတ်နိုင်ရေး ခရိုနီစီးပွားရေး ကျားကန်ပေး
ဤနေရာတွင် အတိတ်ကာလ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်ခဲ့သော အလွန်အရေးကြီးသည့် အချက်တစ်ခု ကို အထူးသတိချပ်သင့်သည်။ ၁၉၈၈ ခုနှစ် ဒီမိုကရေစီအရေးတော်ပုံကြီးကို နှိမ်နှင်းပြီးနောက် စစ်ခေါင်းဆောင် များသည် ဈေးကွက်စီးပွားရေးစနစ် အမည်ခံ “ခရိုနီစီးပွားရေး” ကို ဖန်တီးခဲ့ပြီး၊ ၎င်းတို့အပေါ် ချွင်းချက်မရှိ သစ္စာခံမည့် ခရိုနီသူဌေးများနှင့် ကျောချင်းကပ်ပေါင်းစည်းမှုဖြင့် မြန်မာ့စီးပွားရေးဘဝတစ်ခုလုံးကို ထိန်းချုပ်ခဲ့ ပြီး၊ စစ်ယန္တရားလည်ပတ်မှုအတွက် အရေးကြီးသော ဘဏ္ဍာရေးထောင့်တိုင်များအဖြစ် အသုံးချခဲ့သည်။
ကိုးကန့်ခရိုနီ “လော်စစ်ဟန်” ၏ ဇာတ်ကြောင်း
၁၉၇၀ ပြည့်နှစ်တဝိုက်သည် စစ်တပ်နှင့် ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) တို့အကြား ရှမ်းမြောက်က ကိုးကန့် နှင့် ‘ဝ’ နယ်မြေထဲတွင် တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်သမိုင်းတွင် စစ်ဗိုလ်စစ်သားတိုင်း ဂုဏ်ယူကြသော နာမည် ကျော် “ကွမ်းလုံ ရက် ၄၀ တိုက်ပွဲ” သည် ၁၉၇၁ ခုနှစ် နိုဝင်ဘာလထဲတွင် ဖြစ်ပွားခဲ့သည်။
ဗကပများကို စစ်အောင်နိုင်ပြီးနောက် အာဏာရှင်ဟောင်း ဦးနေဝင်းသည် ဒေသကာကွယ်ရေးတပ်များ ဖွဲ့စည်း ပြီး သံလွင်မြစ်အရှေ့ခြမ်းနယ်စပ်ဒေသများကို စိုးမိုးနိုင်ရန် လုပ်ဆောင်ခဲ့သည့်စီမံကိန်းတွင် လော်စစ်ဟန်သည် ကိုးကန့်ကာကွယ်ရေးတပ်ဖွဲ့ကို ဖွဲ့စည်းဦးဆောင်ခဲ့သည်။
၁၉၇၀ ထုတ် မြန်မာ့အလင်းသတင်းစာပါ ဗကပအားစစ်ဆင်ရေးသတင်းများ။ (Myanmar Now)
သို့သော် ၁၉၇၃ ခုနှစ်ရောက်သည့်အခါ လော်စစ်ဟန် သည် စစ်တပ်ကိုပုန်ကန်ရန် ကြိုးပမ်းမှုဖြင့် စစ်တပ်နှင့် ရင်ဆိုင်တိုက်ပွဲအတွင်း ဖမ်းဆီးခံရပြီး သေဒဏ်ပေး ထောင်ချခြင်း ခံခဲ့ရသည်။ ၁၉၈၀ ခုနှစ်တွင် အာဏာရှင်ဟောင်း ဗိုလ်ချုပ်ကြီး ဟောင်း သမ္မတဦးနေဝင်း၏ အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်အမိန့်ဖြင့် အကျဥ်းထောင်မှ လွတ်မြောက်လာပြီး၊ ၎င်း၏နေအိမ်ရှိရာ လားရှိုးမြို့သို့ ပြန်လာခဲ့သည်။
ထို့စဥ် အသက် ၄၇ နှစ်ရှိပြီဖြစ်သော လူလတ်ပိုင်းအရွယ်ကောင်း လော်စစ်ဟန်သည် စစ်တပ်အပေါ် သစ္စာခံသော ကိုးကန့်ပြည်သူစစ်အဖွဲ့ကို ထပ်မံ ထူထောင်ခဲ့သည်ဟု ကိုးကန့်သမိုင်းကို လေ့လာသည့် ဝါရင့်သတင်းစာဆရာ Bertil Lintner ၏ ဆောင်းပါးတွင် ဖော်ပြထားပါသည်။
လော်စစ်ဟန်နှင့်ခေတ်ပြိုင် ကိုးကန့်စစ်ခေါင်းဆောင် ဖုန်ကြားရှင်ဦးဆောင်သည့် ကိုးကန့်တပ်ဖွဲ့သည် စစ်တပ် နှင့် မပူးပေါင်းဘဲ ဗကပ ဟုခေါ်ကြသည့် ဗမာပြည်ကွန်မြူနစ်ပါတီ နှင့် ပူးပေါင်းခဲ့သည်။ သို့သော် ၁၉၈၉ ခုနှစ်တွင် ဖုန်ကြားရှင်သည် ဗကပ ကို ပထမဆုံး ပုန်ကန်ခွဲထွက်ပြီး၊ စစ်တပ်နှင့် ငြိမ်းချမ်းရေးယူခဲ့သော ဖြစ်စဥ်တွင် ထိုစဥ်က စစ်ထောက်လှမ်းရေးချုပ် ဗိုလ်ချုပ်ကြီးခင်ညွန့် က လော်စစ်ဟန်ကို ကြားဝင်စေ့စပ်ညှိနှိုင်း သူအဖြစ် အသုံးချခဲ့သည်။
ကိုးကန့် နှင့် ‘ဝ’ တပ်ဖွဲ့များက ပုန်ကန်မှုကြောင့် ခက်ခဲသော စစ်ပွဲများ မဆင်နွှဲလိုက်ရဘဲ ဗကပ ပြိုလဲသွားပြီး နောက်၊ ငြိမ်းချမ်းရေးပွဲစားအဖြစ် အရေးပါခဲ့သော လော်စစ်ဟန်ကို ဆက်လက်အသုံးချရန်၊ စစ်တပ်သည် ရှမ်းမြောက် လုံခြုံရေးနှင့် ဖွံ့ဖြိုးရေးအတွက် အရေးပါသော မန္တလေး- လားရှိုး-မူဆယ် မဟာဗျူဟာလမ်းမကြီး ဖောက်လုပ်မည့်စီမံကိန်းကို လော်စစ်ဟန်အား ဆုရလဒ်အဖြစ် လက်ဝါးကြီးအုပ်ခွင့်ပေးခဲ့သည်ဟု လေ့လာ သုံးသပ်သူများက ကောက်ချက်ဆွဲကြသည်။
၂၀၀၉ ခုနှစ်တွင် ဖုန်ကြားရှင်ခေါင်းဆောင်သည့် MNDAA ကို စစ်အစိုးရက နယ်ခြားစောင့်တပ် အသွင်ပြောင်းရန် ဖိအားပေးရမှ စစ်တပ်နှင့် MNDAA တိုက်ပွဲပြန်လည်ဖြစ်ပွားပြီး၊ စစ်တပ်ဖက်က ထိုစစ်ဆင်ရေးကို ဦးဆောင်သူ မှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဖြစ်ပြီး၊ ဖုန်ကြားရှင် ကိုးကန့်မြေမှ ထွက်ပြေးခဲ့ရသည်။
ထိုအချိန်သည် ‘ဖုန်’ မိသားစုအတွက် ခက်ခဲသော နေ့ရက်များ ဖြစ်ခဲ့သည်။
၂၀၂၃ ခုနှစ် “၁၀၂၇ စစ်ဆင်ရေး” နှင့်အတူ သမိုင်းတစ်ပတ်ပြန်လည်လာပြီး၊ ‘ဖုန်’ နှင့် ‘လော(သို့)လော်’ မိသားစုတို့ကို အပေါ် ရောက်ရှိလာသော ကံကြမ္မာကလည်း စိတ်ဝင်စားစရာ ဖြစ်သည်။
သို့သော် လော်စစ်ဟန်က ၂၀၁၃ ခုနှစ်တွင်လည်းကောင်း၊ ဖုန်ကြားရှင်သည် ၂၀၂၂ ခုနှစ်တွင်လည်းကောင်း သေဆုံးခဲ့သဖြင့် ထိုအခြေအနေကို မျက်မြင်ကြုံတွေ့ခွင့် မရရှိကြတော့ပါ။
သို့သော် ၎င်းတို့၏မျိုးဆက်များဖြစ်သော ဖုန်ကြားရှင်၏သား ဖုန်တာရွှင် က MNDAA ကို ခေါင်းဆောင်ပြီး၊ စစ်ကောင်စီကို တော်လှန်နေချိန်၊ ရှမ်းမြောက် မဟာဗျူဟာလမ်းမကြီးနှင့် လမ်းကွန်ရက်များကို တည်ဆောက်ခဲ့သော လော်စစ်ဟန်၏သား အေးရှားဝါးလ်ကုမ္ပဏီပိုင်ရှင် ကိုးကန့်ခရိုနီသူဌေးကြီး လောပင်ကျုံး (ခ) ထွန်းမြင့် နိုင်သည် ဖခင်ခြေရာနင်း၍ စစ်တပ်အပေါ် သစ္စာခံသူ ဖြစ်နေသည်။
ဖုန်တာရွှင်ဦးဆောင်သော MNDAA က ၎င်းတို့၏မူလဌာနချုပ် မြန်မာ-တရုတ်နယ်စပ် လောက်ကိုင်မှ မိုင် ၈၀ ခန့်ဝေးသည့် လားရှိုးမြို့အထိ ထိုးစစ်ဆင်လာပြီး၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို သိမ်းပိုက်အောင်နိုင်ခဲ့တော့မည့်အချိန်တွင်၊ လောပင်ကျုံးက ကြေညာချက်ထုတ်ပြန် ကန့်ကွက်ခဲ့ခြင်းမှာ “ဖုန်” နှင့် “လော(သို့)လော်” မိသားစု နှစ်ခု၏ ရပ်တည်ချက်ကို ရှင်းလင်းပြတ်သားစွာ တွေ့မြင်ခဲ့ရသည်။
စင်စစ် စစ်တပ်သည် ဗကပ ပြိုလဲချိန်၊ ကိုးကန့် နှင့် ‘ဝ’ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်း ရေးရယူပြီး၊ ရှမ်းမြောက်နှင့် အထူးသဖြင့် သံလွင်မြစ်အရှေ့ခြမ်းဒေသ တစ်ခုလုံးသို့ စစ်တပ်၏ အုပ်ချုပ်ရေး အာဏာ ပြန့်နှံ့သက်ရောက်စေရန် မန္တလေး-လားရှိုး-မူဆယ် လမ်းမကြီးစီမံကိန်းကို ဘိန်းလုပ်ငန်းဖြင့် ကြွယ်ဝ ချမ်းသာခဲ့သော ကိုးကန့်ဘိန်းဘုရင် လော်စစ်ဟန်မိသားစုအား ဖောက်လုပ်စေခြင်းဖြင့် ငါးကြင်းဆီနှင့် ငါးကြင်းကြော်ရန် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့ဟန်တူသည်။
ထို့အတူ “လော(သို့)လော်” မိသားစုသည်လည်း ထိုစီမံကိန်းကြောင့် အထောက်အထားမပြနိုင်သော ချမ်းသာ ကြွယ်ဝမှုများကို ငွေဖြူပြောင်းလဲနိုင်ခဲ့သည်။
ထိုအချိန်က မန္တလေးနှင့် လားရှိုးအကြား လမ်းပိုင်းသည် ကြမ်းတမ်းပြီး သွားရေးလာရေး ခက်ခဲသည်။ သို့သော် လားရှိုးနှင့် မူဆယ်အကြား လမ်းအခြေအနေမှာ ပို၍ဆိုးရွားပြီး၊ လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုက ဗကပ ခေတ်လွန် စစ်တပ်၏ ရှမ်းမြောက်ဒေသ နယ်မြေစိုးမိုးရေးလုပ်ငန်းများအတွက် အဟန့်အတား ဖြစ်နေခဲ့သည်။
ထိုလမ်းမကြီးကို မဖြစ်မနေဖောက်လုပ်ခဲ့ခြင်း၏ ဒုတိယရည်ရွယ်ချက်မှာ “၈လေးလုံး” လူထုအုံကြွတော်လှန်မှုကြီးကို ရက်ရက်စက်စက် သတ်ဖြတ်နှိမ်နှင်းခဲ့သော စစ်အစိုးရကို နိုင်ငံတကာမှ စီးပွားရေးဒဏ်ခတ် ပိတ်ဆို့မှု များကြောင့် အကျပ်အတည်းဖြစ်နေသော နိုင်ငံစီးပွားရေးကို ကုစားရန် မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေး ဖြင့် အသက်ရှုပေါက်ဖွင့်ရန် ဖြစ်သည်။
၁၉၈၈ ခုနှစ် ဒီမိုကရေစီအရေးလှုပ်ရှားမှုကြီးကြောင့် အာဏာရှင်ဟောင်း ဦးနေဝင်းအစိုးရ ပြုတ်ကျပြီး နိုင်ငံရေး အလှည့်အပြောင်း ဖြစ်ပေါ်ခဲ့ခြင်း၊ ဦးနေဝင်း အာဏာလွှဲပေးခဲ့သော စစ်အစိုးရပေါ်ပေါက်လာပြီး ဈေးကွက် စီးပွားရေးစနစ်သစ် စတင်သည့်အခါ စစ်တပ်၏ လိုအပ်ချက်ကိုသိမြင်ပြီး ထိုအခွင့်အလမ်းကို ခြေမြန်လက်မြန် အသုံးချနိုင်ခဲ့သူမှာ လောစစ်ဟန်မိသားစု ဖြစ်သည်။
အေးရှားဝါးလ်ကုမ္ပဏီနှင့် ရှမ်းမြောက်က အကျိုးစီးပွားများကို ခြေရာခံခြင်း
ကိုးကန့်ဘိန်းဘုရင်အဖြစ် ကျော်ကြားသော လော်စစ်ဟန်သည် ၎င်း၏ချမ်းသားကြွယ်ဝမှုများ တရားဝင်ဖြစ်စေရန် စီးပွားရေးနယ်ထဲ ခြေစုံပြစ် စတင်ဝင်ရောက်ခဲ့သည်။
ရှမ်းပြည်နယ်၏မြို့တော် တောင်ကြီးမြို့ရှိ တက္ကသိုလ်မှ ဘွဲ့ရရှိခဲ့သော ၎င်း၏သား ဖြစ်သူ လောပင်ကျုံး (ခ) ထွန်းမြင့်နိုင် (ခ) စတီဗင်လောသည် ထိုစဥ်က ရန်ကုန်မြို့တွင် အရင်းအနှီးနည်းနည်း ဖြင့် ရိုးရှင်းသော ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းငယ်တစ်ခုဖြစ်သည့် “ကိုးကန့် ကိတ်မုန့်တိုက်” ကိုလုပ်ကိုင်ခဲ့ရာမှ၊ မတည်ငွေရင်း ကျပ်ငွေ သန်း ၁,၀၀၀ (၁ ဘီလီယံ) ဖြင့် အေးရှားဝါးလ်ကုမ္ပဏီကို ၁၉၉၂ ခုနှစ်တွင် စတင် တည်ထောင်ခဲ့သည်။ ထိုအချိန် ထွန်းမြင့်နိုင်သည် အသက် ၃၀ကျော်မျှသာ ရှိသေးသည်။
ဤမျှများပြားသော ငွေကြေးများ မည်သို့ပိုင်ဆိုင်ရရှိခဲ့သည်ကို ယနေ့အချိန်ထိ မည်သူမျှ မသိရှိကြပါ။ ထို့အတူ လော်စစ်ဟန်မိသားစု မည်မျှချမ်းသာကြွယ်ဝသည်ကိုလည်း မည်သူမျှ မခန့်မှန်းနိုင်ကြပါ။ သို့သော် အဆိုပါ ချမ်းသာကြွယ်ဝမှုများက ဘိန်းဘုရင်အဖြစ် ကျော်ကြားခဲ့သော အတိတ်သမိုင်းနှင့်ဆက်စပ်နေသည်ကိုမူ အငြင်း ပွားဖွယ်မရှိ လက်ခံထားခဲ့ကြသည်။
စင်စစ် အေးရှားဝါးလ်မတိုင်မီ မြန်မာနိုင်ငံတွင် ဈေးကွက်စီးပွားရေးစနစ် စတင်ခဲ့သော ၁၉၈၉ ခုနှစ်ကတည်းက လော်စစ်ဟန်မိသားစုသည် ယခုအခါ ဖျက်သိမ်းခဲ့ပြီဖြစ်သော Kokang Export-Import and Construction Co. Ltd. ကုမ္ပဏီကို ပထမဆုံး ထူထောင်ခဲ့ပြီး၊ ၁၉၉၀ ခုနှစ်တွင် Golden Mountain Co. Ltd. နှင့် Myat Mon Yadana Co. Ltd. ကုမ္ပဏီတို့ကို ထူထောင်ခဲ့ကြောင်း၊ ရင်းနှီးမြုပ်နှံမှုနှင့် ကုမ္ပဏီများညွန်ကြားမှုဦးစီးဌာန (DICA) မှတ်တမ်းများအရ တွေ့ရှိရသည်။
၁၉၉၆ ခုနှစ်သည် သက်တမ်း ၄နှစ်သာ ရှိသေးသော အေးရှားဝါးလ်နှင့် ကုမ္ပဏီပိုင်ရှင် ထွန်းမြင့်နိုင်အတွက် ကြီးမားသော အပြောင်းအလဲများ သယ်ဆောင်လာခဲ့သည်။ ယင်းတို့မှာ မန္တလေး-လားရှိုး-မူဆယ်လမ်းမကြီး စီမံကိန်း၏ ကနဦးလမ်းပိုင်းဖြစ်သော လားရှို-မူဆယ်လမ်းပိုင်းကို B.O.T (Build-Operate-Transfer) စနစ်ဖြင့် နှစ်ပေါင်း ၄၀ တည်ဆောက်လုပ်ကိုင်ခွင့် စတင်ရရှိခဲ့ခြင်း၊ ရန်ကုန်မြို့လယ်ခေါင်က Sule Shangri-La ဟိုတယ် (ယခင်အမည် Trader ဟိုတယ်) ကို တစ်ဆင့်ခံတည်ဆောက်ခွင့် (Sub-contractor) ရရှိခဲ့ခြင်းနှင့် ထွန်းမြင့်နိုင် သည် စင်္ကာပူနိုင်ငံသူ စီးပွားရေးလုပ်ငန်းရှင် Celilia Ng နှင့် လက်ထပ်ခဲ့ခြင်းတို့ ဖြစ်သည်။
၁၉၉၆ ခုနှစ် အာဏာရှင်ဟောင်း ဦးသန်းရွှေ လက်ထက်မှ စတင်ခဲ့သော မန္တလေး-လားရှိုး-မူဆယ် မဟာဗျူဟာ လမ်းမကြီး၊ မြို့ရှောင်လမ်းများနှင့် အဓိကလမ်းခွဲများ အဆင့်ဆင့်ဖောက်လုပ်ရေး စီမံကိန်းများအားလုံး၏ လုပ်ပိုင်ခွင့်များကို ဗိုလ်ချုပ်ကြီးဟောင်း သမ္မတဦးသိန်းစိန်မှ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော အရပ်သား အစိုးရလက်ထဲ အာဏာမလွှဲမီ ၄ရက်အလို ၂၀၁၆ ခုနှစ် မတ်လ ၂၆ ရက်နေ့ လားရှိုးမြို့ရှောင်လမ်း ဖောက်လုပ် ခွင့်အထိ အေးရှားဝါးလ်ကုမ္ပဏီက အဆင့်ဆင့် လက်ဝါးကြီးအုပ် ရရှိခဲ့သည်။
Myanmar Now က ရှာဖွေဖော်ထုတ်လေ့လာခဲ့သော စီမံကိန်းမှတ်တမ်းများအရ အေးရှားဝါးလ်ကုမ္ပဏီသည် မန္တလေးအထွက် မိုင်တိုင်အမှတ် ၈/၀ မှသည် နမ်းခမ်းမြို့အထိ မိုင်တိုင် အမှတ် ၃၀၆/၃ (၃၀၆မိုင်၊ ၃ဖာလုံ) အထိ ရှည်လျားသော မန္တလေး-လားရှိုး-မူဆယ် မဟာဗျူဟာလမ်းမကြီးကို ၆ပိုင်းခွဲ၍ ဖောက်လုပ်ခဲ့သလို၊ လားရှိုး မြို့ရှောင်လမ်း၊ သိန္နီ-ကွမ်းလုံ-ချင်းရွှေဟော်လမ်း၊ မိုင်းယု-ကြူကုတ်လမ်းနှင့် မူဆယ်-နမ့်ခမ်းလမ်းများ ဖောက် လုပ်ခဲ့ရာတွင် ရင်းနှီးမြုပ်နှံမှု စုစုပေါင်းကုန်ကျငွေ ကျပ်ငွေ ၃၂.၈၉ ဘီလီယံနှင့် အမေရိကန်ဒေါ်လာ ၈၃.၆၀ သန်း ဖြစ်ကြောင်း တွေ့ရှိရသည်။
၂၀၁၆ ဇန်နဝါရီလတွင် အလွန်အမင်းကြီးထွားလာသော အေးရှားဝါးလ်ကုမ္ပဏီစုကြီးကို ထွန်းမြင့်နိုင်သည် ပြန်လည်ဖွဲ့စည်းမှု ပြုလုပ်ခဲ့သည်။ တနည်းအားဖြင့် စီးပွားခွဲထုတ်ခဲ့ခြင်း ဖြစ်သည်။
အေးရှားဝါလ်ကုမ္ပဏီတည်ထောင်စဥ်ကတည်းက ၎င်းနှင့်အတူ ဒါရိုက်တာအဖွဲ့တွင် ပါဝင်ခဲ့သော စီးပွားဖက် တရုတ်လူမျိုး တီကာကွေး (ခ) မောင်ကျေး နှင့် သန်းမြင့် (ခ) ခေါ်တင်အိန် တို့ကို ဒါရိုက်တာအဖွဲ့မှ ထွက်စေပြီး၊ ၂၀၁၄ ခုနှစ်မှ တည်ထောင်ခဲ့သော အိုရီရမ်တယ်ဟိုက်ဝေးကုမ္ပဏီ (Oriental Highway Co., Ltd.) သစ်ကို ဦးစီးစေကာ၊ မန္တလေး-လားရှိုး-မူဆယ် မဟာဗျူဟာလမ်းမကြီး အပါအဝင် အေးရှားဝါလ်၏ လမ်းနှင့်တံတား လမ်းတံတား တည်ဆောက်ရေးစီမံကိန်းများနှင့် ကုန်းလမ်းသယ်ယူပို့ဆောင်ရေးလုပ်ငန်းကဏ္ဍကို ညီနောင် စီးပွားရေးလုပ်ငန်းစုကြီးအဖြစ် ခွဲထုတ်လုပ်ကိုင်စေခဲ့သည်။
အေးရှားဝါးလ်ကုမ္ပဏီအနေဖြင့် ရန်ကုန်နှင့် နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်များနှင့် ရန်ကုန်ဆိပ်ကမ်းကဲ့သို့ လေကြောင်းနှင့် ရေကြောင်း သယ်ယူပို့ဆောင်ရေးကဏ္ဍကို အဓိကထား လုပ်ကိုင်လာသည်။
နှစ်စဥ် အမေရိကန်ဒေါ်လာ ဘီလီယံနှင့်ချီ ကုန်သွယ်လျက်ရှိသော မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေး၏ ပင်မသွေးကြောကြီးသဖွယ် အရေးပါသော မန္တလေး-လားရှိုး-မူဆယ် မဟာဗျူဟာလမ်းမကြီးနှင့် အဓိက လမ်းခွဲ များ၏ လမ်းတံတားအသုံးပြုခများကို ၁၉၉၆ ခုနှစ်မှ ယနေ့ထိတိုင် အေးရှားဝါးလ်ကုမ္ပဏီနှင့် ၎င်းမှလက်လွှဲခဲ့ သော အိုရီရမ်တယ်ဟိုက်ဝေးကုမ္ပဏီတို့က လက်ဝါးကြီးအုပ်ကောက်ခံခွင့် ရရှိထားသည်။
၂၀၁၉ ခုနှစ် နှစ်ဆန်းတွင် လားရှိုး-မူဆယ် လမ်းပိုင်း ၄လမ်းသွား လမ်းမကြီးနှင့် လမ်းပုခုံးများ အဆင့်မြှင့်တင် နေခြင်းကို Myanmar Now က အောက်ပါ မှတ်တမ်းဓာတ်ပုံများ ရိုက်ယူခဲ့ခြင်း ဖြစ်သည်။
အေးရှားဝါလ်ကုမ္ပဏီ၏ ဓနအင်အား အရင်းအမြစ်ကို ခြေရာခံခြင်း
Myanmar Now က လေ့လာတွေ့ရှိခဲ့သော ၁၉၉၆ ခုနှစ် စီမံကိန်းမှတ်တမ်းအထောက်အထားများအရ အေးရှားဝါးလ်ကုမ္ပဏီ ပထမဆုံးဖောက်လုပ်ခဲ့သော ၁၀၂မိုင် ၃ဖာလုံ ရှည်သော လားရှိုး-မူဆယ် လမ်းပိုင်း၏ ရင်းနှီးမြုပ်နှံ မှုမှာ ကျပ်ငွေ ၈၂၀သန်းနှင့် အမေရိကန်ဒေါ်လာ ၂၇သန်း (၁ ဒေါ်လာကို ၆ ကျပ်နှုန်း ဖြင့်တွက်ချက်ပြီး ကျပ်ငွေ ၁၆၂သန်း) ၊ စုစုပေါင်းကျပ်ငွေ ၉၈၂သန်း ကုန်ကျခဲ့ကြောင်း တွေ့ရှိရသည်။
ထိုကာလ အမေရိကန်နှင့် အနောက်နိုင်ငံအစိုးရများ၏ စစ်အစိုးရအပေါ် အရေးယူဒဏ်ခတ်ပိတ်ဆို့မှုများကို ရင်ဆိုင်နေရသော စစ်အစိုးရကို အခြေခံအဆောက်အအုံ တည်ဆောက်ရေးစီမံကိန်းများအတွက် အတိုးနှုန်း သက်သာစွာဖြင့် ချေးယူနိုင်သော ကမ္ဘာဘဏ်နှင့် အာရှဖွံ့ဖြိုးရေးဘဏ် ကဲ့သို့ နိုင်ငံတကာ ငွေကြေးအဖွဲ့အစည်း များကလည်း ငွေထုတ်မချေးပါ။
လားရှိုး-မူဆယ် လမ်းပိုင်းသည် ခက်ခဲသော တောင်ကြောများကို ဖြတ်၍ ဖောက်လုပ်ရမည်ဖြစ်သဖြင့် လိုအပ် သော စက်ယန္တရားများကို ပြည်ပမှ ဝယ်ယူတင်သွင်းနိုင်မှသာ ထိုစီမံကိန်း အကောင်အထည်ဖော်နိုင်မည်ဖြစ်ပြီး ထို့အတွက် လိုအပ်ချက်ရှိသော အမေရိကန်ဒေါ်လာငွေကြေး ထုတ်ချေးမည့်သူမရှိ ဖြစ်နေချိန် ဖြစ်သည်။
ရင်းမြစ်။ ။ ဦးသန်းရွှေစစ်အစိုးရလက်ထက် မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှုကော်မရှင် (MIC)
ထိုအခြေအနေတွင် အေးရှားဝါးလ်ကို ထူထောင်ခဲ့စဥ်က မတည်ငွေရင်း ကျပ်ငွေ သန်းပေါင်း ၁,၀၀၀ နှင့် ဆတူ နီးပါးကုန်ကျမည့် လားရှိုး-မူဆယ် လမ်းပိုင်းစီမံကိန်းအတွက် ‘လော’ မိသားစု ရင်းနှီးမြုပ်နှံခဲ့ခြင်း ဖြစ်သည်။ ထိုရင်းနှီးငွေထဲမှ အမေရိကန်ဒေါ်လာ ၂၇ သန်းကို စင်္ကာပူနိုင်ငံအခြေစိုက် Golden Aaron PTE Ltd. ကုမ္ပဏီမှ အတိုးနှုန်း ၇ ရာခိုင်နှုန်းဖြင့် မြင့်မားစွာ ချေးယူခဲ့ကြောင်း စီမံကိန်းမှတ်တမ်းတွင် တွေ့ရသည်။
နောက်ပိုင်းဖောက်လုပ်ခဲ့သည့် မန္တလေး-လားရှိုး-မူဆယ် လမ်းမကြီး အစိတ်အပိုင်းများအတွက် လိုအပ်သော အမေရိကန်ဒေါ်လာ ချေးငွေများကို S H Ng Trading မှ ချေးယူခဲ့သည်ဟု စီမံကိန်းဆိုင်ရာ စာရွက်စာတမ်း များတွင် ဖော်ပြထားချက်အရ သိရှိရသည်။
ထို့ကြောင့် အဆိုပါ စင်္ကာပူအခြေစိုက်ကုမ္ပဏီကို မည်သူပိုင်ဆိုင်သနည်းဟု ဆက်လက်လေ့လာခဲ့ရာ၊ ဇနီးဖြစ်သူ Celilia Ng ပိုင်ဆိုင်သော ကုမ္ပဏီများ ဖြစ်နေသည်ကို တွေ့ရှိရသည်။ ၂၀၁၀ ခုနှစ် ဖေဖော်ဝါရီလ ၂၅ ရက်နေ့ တွင် အမေရိကန် အစိုးရက လော်စစ်ဟန်၊ သားဖြစ်သူ ထွန်းမြင့်နိုင် နှင့် ၎င်းတို့ ပိုင်ဆိုင်သော ကုမ္ပဏီများကို အရေးယူပိတ်ဆို့ ဒဏ်ခတ်မှုပြုလုပ်ရာတွင် Celilia Ng နှင့် သူ၏ကုမ္ပဏီ ၁၀ ခုကိုပါ အမေရိကန်အစိုးရက အရေးယူပိတ်ဆို့ ဒဏ်ခတ်ခဲ့သည်။
နိဂုံး – ရှမ်းမြောက်၏ မဟာဗျူဟာ “ချုပ်ကွက်”
ယနေ့ဖြစ်ပွားနေသော ရှမ်းမြောက်စစ်ပွဲများတွင် မန္တလေး-လားရှိုး-မူဆယ် မဟာဗျူဟာလမ်းမကြီးကို ထိန်းချုပ် နိုင်မှုက စစ်အောင်နိုင်ရေးအတွက် အရေးပါရုံသက်သက်မျှ မဟုတ်၊ ရှမ်းမြောက်ဒေသ၏ ပထဝီနိုင်ငံရေးနှင့် စီးပွားရေး မဟာဗျူဟာ “ချုပ်ကွက်” ကို အမိအရ ချုပ်ကိုင်နိုင်ခြင်းဟု နားလည်နိုင်ပါသည်။
ဤနေရာတွင် “ချုပ်ကွက်” ဟု သုံးနှုန်းရခြင်းမှာ မန္တလေး-လားရှိုး-မူဆယ် မဟာဗျူဟာလမ်းမကြီးကို ထိန်းချုပ် နိုင်ခြင်း၏ အကျိုးသက်ရောက်မှုသည် ရှမ်းမြောက်ဒေသ တစ်ခုလုံးကိုသာမက၊ တရုတ်နိုင်ငံနှင့် နယ်စပ် ကုန်သွယ်ရေးကိုပါ ထိန်းချုပ်လိုက်သောကြောင့် ဖြစ်သည်။
ထို့အပြင် ထိုလမ်းမကြီးသည် ရှမ်းမြောက်ဒေသနှင့် နိုင်ငံ၏ အဓိက စီးပွားရေးဈေးကွက်မြို့ကြီး နှစ်မြို့ဖြစ်သော ရန်ကုန်နှင့် မန္တလေးအကြား ဆက်သွယ်ထားသည့် တစ်ခုတည်းသော လမ်းမကြီး ဖြစ်၍ ရှမ်းမြောက်နှင့် ပြည်မ ဆက်ဆံရေး၏ “ချုပ်ကွက်” လည်း ဖြစ်နေပြန်သည်။
ထို့အပြင် အိမ်နီးချင်း တရုတ်နိုင်ငံ၏ မဟာဗျူဟာစီမံကိန်းအဖြစ် သတ်မှတ်ထားသော မြန်မာ-တရုတ် ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းများသည် နောင်ချို၊ ကျောက်မဲနှင့် သီပေါမြို့များတွင် မဟာဗျူဟာလမ်းမကြီးနှင့် အပြိုင် နီးနီးကပ်ကပ် သွယ်တန်းတည်ဆောက်ထားပြီး၊ ထိုမှတစ်ဆင့် နမ္မတူနှင့် နမ့်ခမ်းတို့ကို ဖြတ်သန်းပြီး တရုတ်နိုင်ငံကို သွယ်တန်းထားခြင်း ဖြစ်သည်။ ယခုအခါ ပိုက်လိုင်းလုံခြုံရေးကို စစ်ကောင်စီ လုံးဝတာဝန်ယူ နိုင်ခြင်း မရှိတော့ဘဲ၊ TNLA လက်ထဲ လုံးလုံးလျားလျား ရောက်ရှိသွားပြီ ဖြစ်သည်။
ထိုအခြေအနေမှ ဖြန့်ကျက်ကြည့်မြင်မည်ဆိုလျှင် တရုတ်နိုင်ငံ၏ ရည်မှန်းချက်ကြီးမားသော ပိုးလမ်းမရပ်ဝန်း နှင့် ခါးပတ်လမ်း (Belt and Road Initiative) မဟာဗျူဟာစီမံကိန်း၏ အစိတ်အပိုင်းအဖြစ် မြန်မာနိုင်ငံမှ တစ်ဆင့် အိန္ဒိယသမုဒ္ဒရာဖြတ်ကျော် ကုန်သွယ်မည့် တရုတ်-မြန်မာ စီးပွားရေးစင်္ကြန်လမ်း (China-Myanmar Economic Corridor) စီမံကိန်း အကောင်အထည်ဖော်ရေးတွင် မန္တလေး-လားရှိုး-မူဆယ် လမ်းမကြီးသည် မဟာဗျူဟာကျ အရေးပါသည်။
ယခုအခါ ထိုစီမံကိန်း အကောင်အထည်ဖော်ရေး အနာဂတ်မှာ ပို၍မရေရာသော အခြေအနေသို့ ရောက်ရှိသွား ပြီး၊ တရုတ်နိုင်ငံသည် တစ်ကြိမ်တစ်ခါမျှ မကြုံဖူးသော ခက်ခဲသည့်အခြေအနေကို ရင်ဆိုင်နေပြီ ဖြစ်သည်။
သို့သော် တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့များ သတိချပ်သင့်သည်မှာ စစ်ကောင်စီသည် မန္တလေး-လားရှိုး-မူဆယ် မဟာဗျူဟာလမ်းမကြီးမှ လက်ရှိကာလတွင် ဆုတ်ခွာထွက်ပြေးခဲ့ရပြီ ဖြစ်သော်လည်း၊ ထိုလမ်းမကြီး ကို ထိန်းချုပ်စိုးမိုးမှု ပြန်လည်ရရှိရန် မဖြစ်မနေ ကြိုးပမ်းလာပါလိမ့်မည်။
စစ်ကောင်စီသည် ပြည်တွင်းလက်နက်စက်ရုံများကို ထိန်းချုပ်လည်ပတ်နိုင်သေးပြီး ဖျက်အားပြင်း လက်နက် အင်အားများကို အသုံးပြုနေသေးသည်။ ထို့အပြင် ကိုယ်ကျိုးစီးပွားကြည့်သော အိမ်နီးချင်း တရုတ်၊ အိန္ဒိယ၊ ထိုင်းနိုင်ငံများနှင့် ကမ္ဘာ့အသိုက်အဝန်းမှ ဖယ်ကျဥ်ခံထားရသော စစ်ကောင်စီနှင့်ဘဝတူ ရုရှားနှင့် အီရန် ကဲ့သို့နိုင်ငံများမှ ရောင်းချသော စစ်လက်နက်ပစ္စည်းများကို နည်းလမ်းမျိုးစုံဖြင့် ဝယ်ယူတင်သွင်းလျက်ရှိသည်။
အာဏာသိမ်းစစ်တပ် စစ်ရှုံးနေရခြင်းသည် ပြည်သူတစ်ရပ်လုံး၏ ပြတ်ပြတ်သားသား တခဲနက်ဆန့်ကျင်မှုကို ရင်ဆိုင်နေရခြင်းနှင့် စစ်တပ်အတွင်း စိတ်ဓာတ်ပြိုကွဲနေ စစ်တိုက်လိုစိတ်ရှိသော စစ်သည်အင်အား အလွန် နည်းပါးခြင်းကြောင့်လည်း ဖြစ်သည်။ရှမ်းမြောက်၏ မဟာဗျူဟာ “ချုပ်ကွက်” ဖြစ်သော မန္တလေး-လားရှိုး-မူဆယ် လမ်းမကြီးကို ထိန်းချုပ်ထားနိုင် သရွေ့ ထိုဒေသသည် စစ်အာဏာရှင်များလက်အောက်မှ လွတ်မြောက်သော ဒေသဖြစ်လာပါလိမ့်မည်။