ဒီရက်ပိုင်းထဲမှာ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ရခိုင်ပြည် အမ်းမြို့ အရင်ကျမလား၊အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ရှမ်းမြောက် လားရှိုးမြို့ အရင်ကျမလား ရင်ခုန်စရာပဲ။ AA က
မောင်တောမြို့ရဲ့ တခုတည်းသော လက်ကျန်စခန်းကို ထိုးစစ်ဆင်နေသလို အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် အမ်းမြို့ ရဲ့ အရေးအပါဆုံး ရှေ့ကာစခန်းဖြစ်တဲ့ တောဟိန်းတောင်ဗျူဟာစခန်း ဇွန် ၂၃ မှာ ရသွားကတည်း အမ်းကို ပိတ်ဆို့ထားတယ်။ဇူလိုင် ၆ရက်နေ့ကစပြီးတော့ ရခိုင်ပြည်မှာ အကြီးဆုံးစစ်စခန်းကြီးလည်းဖြစ်ပြီး စစ်တိုင်းမှုးကိုယ်တိုင်ကွပ်ကဲနေတဲ့ အမ်းကို AA က ထိုးစစ်ဆင် တိုက်ခိုက်နေပြီဖြစ်တယ်။ရှမ်းမြောက် လားရှိုးမှာလည်း MNDAA က လားရှိုးမြို့နဲ့ မိုင်အနည်းငယ်သာဝေးတဲ့ နမ့်ပေါင် စခန်းကို ဇူလိုင် ၃ ရက်နေ့မှာရတယ်။ ဇူလိုင် ၅ ရက်နေ့မှာလဲတပ်ရင်း ၅၀၇ ကျသွားလို့ စစ်တပ်ကမြို့ထဲပြန်ဆုတ်ခုခံနေတယ်။ MNDAA လားရှိုးကို အဖက်ဖက်က ဝိုင်းရံ ပိတ်ဆို့ထားတယ်။စစ်တပ်ရဲ့ အကြီးဆုံး တိုင်းစစ်ဌာနချုပ် ၂ ခုကတော့ ဘယ်သူအရင်ကျမလဲဆိုတာ ရင်ခုန်စရာပဲ။တော်လှန်ရေးရဲ့စစ်ရေးအရှိန်ဟာ အခုဆိုရင် စစ်ကောင်စီရဲ့ တိုင်းစစ်ဌာနချုပ်၂ခုကိုတပြိုင်တည်းခြိမ်းခြောက်နိုင်တဲ့အထိတိုးတက်လာနေပါပြီ။ တိုင်းစစ်ဌာနချုပ် ၂ လုံးတပြိုင်တည်း ကျသွားရင်တော့ စစ်တပ်ဟာ စိတ်ပိုင်းဆိုင်ရာမှာ အတော်လေးပြိုလဲသွားဖို့ ဖြစ်လာမှာတော့ သေချာတယ်။
အောက်တိုဘာ ၀၆၊ ၂၀၂၄။ (တနင်္ဂနွေ)
ဒီရက်ပိုင်းမှာတော့စစ်ကောင်စီဟာအသက်ရှူချောင်နေပါတယ်။စစ်ရေးပိုင်းမှာတရုတ်ဖိအားကြောင့်မြောက်ပိုင်းထိုးစစ်တွေကြီးကြီးမားမားမလုပ်တော့ပဲရပ်တန့်ထားရတယ်။ဒါ့အပြင်ရေဘေးကြောင့်နိုင်ငံရဲ့နေရာဒေသအနှံအပြားမှာလဲတော်လှန်ရေးထက်ကယ်ဆယ်ရေးကိုဦးစားပေးလုပ်နေရတယ်။ နိုင်ငံရေးပိုင်းမှာတော့စစ်ကောင်စီဟာလောလောဆယ်မှာသန်းခေါင်စာရင်းကိုတွန်းကောက်နေတယ်။ပြီးရင်လာမယ့်နှစ်ဒီအချိန်မှာအတုအယောင်ရွေးကောက်ပွဲတစ်ခုပြန်လုပ်ပေးမယ်လို့လေသံပစ်ထားတယ်။ စီးပွားရေးဘက်မှာလဲတရုတ်ကပေးထားတဲ့ယွမ်ငွေတစ်ဘီလီယံကြောင့်လတ်တလောကြုံတွေ့နေရတဲ့ငွေကြေးအကြပ်အတည်းကစစ်ကောင်စီဟာလွတ်မြောက်သွားတယ်။ဒေါ်လာစျေးတွေသိသိသာသာကျလာတယ်။စက်သုံးဆီပြတ်လတ်မှုတွေမရှိသလောက်ဖြစ်သွားတယ်။ဒါပေမယ့်စစ်ကောင်စီပဲအသက်ရှူချောင်တာပါ။သာမာန်ပြည်သူတွေကတော့အရင်အတိုင်းကုန်စျေးနှုန်းကြီးမြင့်မှုတွေနဲ့စီးပွားရေးအကြပ်အတည်းတွေကိုရင်ဆိုင်နေရဆဲပါပဲ။