မြန်မာနိုင်ငံတွင် အာဏာသိမ်းပြီးနောက်ပိုင်း အများဆုံးထိခိုက်ခံစားရသူများမှာ အမျိုးသမီးများ၊ ကလေးသူငယ်များနှင့် ပဋိပက္ခဖြစ်ပွားရာဒေသများရှိ ပြည်သူများဖြစ်ကြောင်း ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ် (UNDP) က ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။
“မြန်မာနိုင်ငံရှိ ဆင်းရဲနွမ်းပါးမှုနှင့် ပြည်သူများ၏ စီးပွားရေး- လူလတ်တန်းစား ပျောက်ကွယ်သွားခြင်း” ဟု ခေါင်းစဉ်တပ်ထားသည့် အဆိုပါ အစီရင်ခံစာသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ဆက်လက်ဖြစ်ပေါ်နေသော စိန်ခေါ်မှုများ၏ ဆိုးရွားသော အကျိုးဆက်များကို ဖော်ထုတ်ထားသည်။
မြန်မာနိုင်ငံရှိ လူဦးရေ၏ ၇၆ ရာခိုင်နှုန်းသည် ဆင်းရဲချို့တဲ့စွာ သို့မဟုတ် ချို့တဲ့လုနီးပါး နေထိုင်နေကြရပြီး ဆင်းရဲနွမ်းပါးမှုနှုန်းသည် ၂၀၁၇ ခုနှစ်တွင် ၂၄ ဒသမ ၈ ရာခိုင်နှုန်း ရှိခဲ့ရာမှ ၂၀၂၃ ခုနှစ်တွင် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုများ ကျဆင်းသွားခြင်းကြောင့် ၄၈ ဒသမ ၇ ရာခိုင်နှုန်းရှိလာကာ နှစ်ဆနီးပါး မြင့်တက်လာခဲ့သည်။
အခြေအနေမှာ လွန်စွာဆိုးရွားကြောင်း စာရင်းဇယားများက ဖော်ပြနေသည်။ မလုံခြုံမှုနှင့် ပဋိပက္ခများ မြင့်တက်လာမှု၊ စီးပွားရေးအကျပ်အတည်း ဆိုးရွားလာမှုတို့ကြောင့် လွန်ခဲ့သည့် သုံးနှစ်အတွင်း မြန်မာနိုင်ငံတွင် လူလတ်တန်းစား ၅၀ ရာခိုင်နှုန်းလျော့ကျသွားခဲ့ပြီး ဆင်းရဲနွမ်းပါးမှု နှစ်ဆမြင့်တက်လာခဲ့ကြောင်း UNDP ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။
၂၀၂၁ ခုနှစ်တွင် ပြည်တွင်းအသားတင်ထုတ်လုပ်မှုတန်ဖိုး(GDP) ၁၇ ဒသမ ၉ ရာနှုန်းအထိ ဆိုးရွားစွာ ကျဆင်းသွားခဲ့ပြီးနောက် ပြန်လည်ကောင်းမွန်လာခြင်းမရှိသေးသော ကာလရှည် စီးပွားရေးကျဆင်းမှုသည် မြန်မာနိုင်ငံ၏ စီးပွားရေးကို ထိခိုက်စေခဲ့သည်။
ဆုတ်ယုတ်ကျဆင်းမှုများကို ခံနိုင်ရည်ရှိပြီး နိုင်ငံကို အမြန်ဆုံး နာလန်ထူအောင် အထောက်အကူပေးနိုင်သော လူလတ်တန်းစားများ အလျင်အမြန် ကျဆင်းလာနေပြီး ဆင်းရင်းတွင်းသို့ ပြန်လည်ကျဆင်းသွားနိုင်သည်။ ငွေကြေးလွှဲပြောင်းမှုများနှင့် အခြားနည်းလမ်းများမှတဆင့် အဆိုပါ ဆင်းရဲမွဲတေမှုပြဿနာကို ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းနိုင်ရန် တနှစ်လျှင် အမေရိကန်ဒေါ်လာ လေး ဘီလီယံ လိုအပ်မည်ဟု ယင်းအစီအရင်ခံစာတွင် ခန့်မှန်းဖော်ပြထားသည်။
“ဆင်းရဲမွဲတေမှု မကြုံရစေရန် ပုံမှန်ဝင်ငွေရရှိရေး စီမံနိုင်သော လူဦးရေမှာ မြန်မာနိုင်ငံရှိ လူဦးရေ၏ ၂၅ ရာခိုင်နှုန်းပင် မပြည့်ကြောင်း အချက်အလက်အသစ်များက ဖော်ပြနေသည်။ ငွေကြေးလွှဲပြောင်းမှု၊ စားနပ်ရိက္ခာဖူလုံမှုနှင့် အခြေခံ စား၊ ဝတ်၊ နေ၊ ရေးလိုအပ်ချက်များကို လက်လှမ်းမီစေရေး ချက်ချင်း တုံ့ပြန်ဆောင်ရွက်ခြင်းမရှိပါက အားနည်းချက်များ ကြီးထွားလာကာ မျိုးဆက်နှင့်ချီ၍ ထိခိုက်ခံစားရမည်ဖြစ်ကြောင်း” UNDP အကြီးအကဲ အာချင်မ်စတိန်းနာက ပြောကြားခဲ့သည်။ “အားနည်းသော ပြည်သူများအား နောက်ပြန်လှည့်၍မရနိုင်သော ဆင်းရဲနွမ်းပါးမှုနှင့် စိတ်ပျက်ဖွယ်ရာ အခြေအနေများအတွင်းသို့ သက်ဆင်းမသွားစေရေး ထိန်းထိန်းသိမ်းသိမ်းနှင့်အရေးယူဆောင်ရွက်မှုများပြုလုပ်သွားရန် ပြည်တွင်း၊ ပြည်ပရှိ သက်ဆိုင်သူအားလုံးကို တိုက်တွန်းပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။
ဆန်းစစ်အကဲဖြတ်မှုဆိုင်ရာ လုပ်ငန်းများမှာ ကျယ်ပြန့်ပြီး မြန်မာနိုင်ငံတဝန်းရှိ အိမ်ထောင်စုပေါင်း ၁၂၀၀၀ ကျော်ထံမှ အချက်အလက်များ ကောက်ယူထားခြင်းဖြစ်သည်။ မကြာသေးမီနှစ်များအတွင်း တနိုင်ငံလုံးတွင် ကောက်ယူသည့် အကြီးမားဆုံး စစ်တမ်းတခုဖြစ်သည်။ မိသားစုနှင့် အိမ်ထောင်စုအများစုသည် ကျန်းမာရေးနှင့် ပညာရေးအသုံးစရိတ် လျှော့ချခြင်း၊ စုဆောင်းထားသည်များကို သုံးစွဲရခြင်း၊ ချေးငှားခြင်း၊ အစားလျှော့စားခြင်းကဲ့သို့ ရေရှည်တည်တံ့မှုမရှိသည့် နည်းလမ်းများဖြင့် ဖြေရှင်းနေကြရကြောင်း စစ်တမ်းတွင် ဖော်ပြထားသည်။
အကျပ်အတည်း၏ ပြင်းထန်သော အကျိုးဆက်များသည် အမျိုးသမီးများ၊ ကလေးသူငယ်များနှင့် ပဋိပက္ခဖြစ်ပွားရာဒေသများတွင် နေထိုင်ကြသူများအပေါ် အချိုးအစားမညီမျှစွာ ကျရောက်လျက်ရှိသည်။ အမျိုးသမီးများမှာ ဆင်းရဲမွဲတေမှုဒဏ်ကို ပိုမိုခံစားရကြောင်း အချက်အလက်များက ဖော်ပြနေပြီး အမျိုးသမီး ဦးဆောင်သည့် အိမ်ထောင်စုများသည် အမျိုးသားများဦးဆောင်သည့် အိမ်ထောင်စုများထက် ဆင်းရဲမွဲတေမှု ကြုံရနိုင်ခြေ ၁ ဒသမ ၂ ဆ ပိုများသည်။ ဆင်းရဲမွဲတေမှုနှင့် ပညာရေးအသုံးစရိတ် မြင့်တက်လာခြင်းကြောင့် ဝင်ငွေနည်း အိမ်ထောင်စုများသည် ဝင်ငွေ၏ နှစ်ရာခိုင်နှုန်းကိုသာ ကျောင်းပညာရေးအတွက် အသုံးပြုနိုင်ကြသည်။
မြန်မာနိုင်ငံရှိ ကလေးသူငယ်များ၏ ထက်ဝက်ကျော်သည် ဆင်းရဲနွမ်းပါးစွာ နေထိုင်နေကြရသောကြောင့် အဆိုပါအကျပ်အတည်းသည် တိုင်းပြည်၏ အနာဂတ် ဉာဏ်ရည်ဉာဏ်သွေးကို ခြိမ်းခြောက်ကာ မျိုးဆက်များ၏ စွမ်းဆောင်ရည်အပေါ် သက်ရောက်မှုရှိလာနိုင်သည်။ တည်းတည်းလေးသာ ကျန်တော့သည့် UNDP ၏ အစီရင်ခံစာတွင် လူလတ်တန်းစားများအကြောင်း ဖော်ပြထားသည်။
တချိန်က မြန်မာနိုင်ငံအား အာရှ-ပစိတ်ဖိတ်ဒေသတွင် စီးပွားရေးတိုးတက်မှု အမြန်ဆုံးနိုင်ငံတွင် ပါဝင်စေခဲ့သည့် အဓိကမောင်းနှင်အားဖြစ်ခဲ့သော လူလတ်တန်းစားများသည် လုပ်အားခ မြင့်တက်မှုမရှိခြင်း၊ အသွားအလာ အကန့်အသတ်ရှိခြင်းနှင့် အလုပ်သမားဈေးကွက် ပျက်ခြင်းတို့ကြောင့် ဆုတ်ယုတ်ကျဆင်းလာခဲ့သည်။ ထို့ပြင် ကျန်းမာရေးနှင့် ပညာရေးကဲ့သို့ လူသားအရင်းအမြစ်ဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများ ကျဆင်းလာခြင်းသည် အနာဂတ်မျိုးဆက်များကို ထိခိုက်စေသည်။ အသက်ရှင်သန်ရပ်တည်ရန် ငွေကို စား၊ ဝတ်၊ နေ၊ ရေးတွင် အဓိက သုံးစွဲနေကြရသည်။
ပြည်တွင်း ဒေသကွာခြားချက်များသည် မြန်မာနိုင်ငံ၏ အကျပ်အတည်းကို ပိုမိုဆိုးရွားလာစေသည်။ အိုးအိမ်များပျက်စီးဆုံးရှုံးခြင်း၊ လယ်ယာမြေများသို့ ဝင်ရောက်ခွင့် ကန့်သတ်ခံရခြင်းနှင့် ပြည်တွင်းရွှေ့ပြောင်းနေထိုင်သူ မြင့်တက်လာခြင်းကဲ့သို့သော အကြောင်းအရင်းများကြောင့် ပဋိပက္ခဖြစ်ပွားရာနေရာများတွင် ဆင်းရဲနွမ်းပါးမှုနှုန်း မြင့်တက်လာခဲ့သည်။ အခြေအနေ အရပ်ရပ်အားလုံးသည် ပိုမိုဆိုးရွားသော မတည်ငြိမ်မှုနှင့် စီးပွားရေးအကျပ်အတည်းဆီသို့ ဦးတည်နေသည်။ အလယ်အလတ်ဝင်ငွေမရှိမှုနှုန်းထား အမြင့်ဆုံးပြည်နယ်များဖြစ်ကြသည့် ကယားပြည်နယ် တွင် ၆၇ ရာခိုင်နှုန်း ၊ ချင်းပြည်နယ် တွင် ၆၃ ရာခိုင်နှုန်းနှင့် စစ်ကိုင်းတိုင်းဒေသကြီး တွင် ၅၇ ရာခိုင်နှုန်းတို့ဖြင့် ပဋိပက္ခဖြစ်ပွားမှုနှုန်း အမြင့်ဆုံးဖြစ်ပြီး တဦးချင်းဝင်ငွေအနိမ်ဆုံးလည်းဖြစ်သည်။
ထို့ပြင် ယခုအခါ ဆင်းရဲနွမ်းပါးမှုသည် မြို့ပြဒေသများသို့ပါ ကူးစက်လာပြီး တချိန်က ငွေကြေးပြည့်စုံသည့် ရန်ကုန်နှင့်မန္တလေးတို့ကိုပါ ထိခိုက်စေခဲ့သည်။
နိုင်ငံတဝန်းရှိ မြို့ပြနှင့် ကျေးလက်ဒေသများရှိ လူ့အသိုက်အဝန်းမျိုးစုံ၏ သီးခြားလိုအပ်ချက်များနှင့် ကိုက်ညီသည့် နိုင်ငံတကာပံ့ပိုးကူညီမှုများကို အရေးတကြီး လိုအပ်နေကြောင်း ယင်းအစီရင်ခံစာတွင် အလေးပေး ဖော်ပြထားသည်။
ယခုအစီရင်ခံစာတွင် ဖော်ပြထားသည့် အချက်အလက်များနှင့် စကားသံများသည် ပဋိပက္ခနှင့် စီးပွားရေးအကျပ်အတည်း နှစ်ရပ်စလုံး၏ အကျိုးဆက်မှာ မည်မျှကျယ်ပြန့်ကြောင်း ဖော်ပြနေပြီး အားနည်းသော ပြည်သူအားလုံးထံသို့ မည်သူမည်ဝါမခွဲခြားဘဲ ပံ့ပိုးကူညီမှုများ ပေးအပ်ရန် လိုအပ်နေသည်ဟု UNDP ၏ အာရှနှင့် ပစိဖိတ် ဒေသဆိုင်ရာညွှန်ကြားရေးမှူး ကန်နီဝစ်ဂ်နာရာဂျာက ပြောကြားခဲ့သည်။
ကယားပြည်နယ်တွင် ဝင်ငွေ ၅၀ ရာခိုင်နှုန်းအထိ လျော့ကျသည့် အိမ်ထောင်စုအရေအတွက် အများဆုံးဖြစ်ပြီး စစ်ကိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင်လည်း ၄၀ ရာခိုင်နှုန်း၊ ၃၇ ရာခိုင်နှုန်းနှင့် ၃၆ ရာခိုင်နှုန်း အသီးသီး လျော့ကျသွားခဲ့သည်။
Source- Mizzma
Link- https://bur.mizzima.com/2024/04/14/20258