အာဏာရှင်ဟောင်း ဗိုလ်ချုပ်သန်းရွှေအမိန့်ဖြင့် ၂၀၁၀ ကတည်းက ပြဋ္ဌာန်းခဲ့သည့် အရွယ်ရောက်သူတိုင်း စစ်တပ်ထဲတွင် အချိန်အကြာဆုံး ၅ နှစ်အထိ ဝင်ရမည့် ပြည်သူ့စစ်မှုထမ်းဥပဒေကို စစ်ကောင်စီက အသက်သွင်းလိုက်သည်ဟု မနေ့ညက ကြေညာလိုက်ပါတယ်။ ထိုဥပဒေအရ သာမန်အရပ်သားများထဲမှ ၁၈ နှစ်မှ ၃၅ နှစ်အတွင်း အမျိုးသားများနှင့် ၁၈ နှစ်မှ ၂၇ နှစ်အတွင်း အမျိုးသမီးများကို ၂ နှစ်အထိ စစ်မှုထမ်းရန် စစ်တပ်က ဆင့်ဆိုနိုင်တယ်။ ဆရာဝန်၊ အင်ဂျင်နီယာ၊ စက်မှုလက်မှုပညာ တတ်မြောက်သူ သို့မဟုတ် အခြား အတတ်ပညာတစ်ရပ်ရပ်ဖြင့် အသက်မွေးဝမ်းကျောင်းနေသူများဖြစ်ပါက စစ်မှုထမ်းရမည့် အသက်အပိုင်းအခြားကို အမျိုးသားဖြစ်ပါက အသက် ၁၈ မှ ၄၅ နှစ်၊ အမျိုးသမီးဖြစ်ပါက အသက် ၁၈ နှစ်မှ ၃၅ နှစ်ဟု သတ်မှတ်ထားတယ်။ အရေးပေါ်အခြေအနေဟု သတ်မှတ်ပါက စစ်မှုထမ်းကာလကို ၅ နှစ်အထိ သက်တမ်းတိုးနိုင်တယ်။ စစ်မှုထမ်းခြင်းကို ငြင်းဆိုပါက ထောင်ဒဏ် ၅ နှစ်အထိချနိုင်ကြောင်းလည်း ထိုဥပဒေတွင် ပြဋ္ဌာန်းထားတယ်။ ကျန်းမာရေးအဆင့်မမီကြောင်း စစ်တပ်ထောက်ခံချက်ရထားသူများ၊ စစ်ကောင်စီဝန်ထမ်းများ၊ ပညာသင်ကြားနေသူများ၊ အခြားပြုစုစောင့်ရှောက်မည့်သူ မရှိသော မိအိုဖအိုများကို ပြုစုလုပ်ကျွေးနေသူများ၊ မူးယစ်ဆေးဝါးဖြတ်ရန် ဆေးကုသမှုခံယူနေသူများ၊ ထောင်ဒဏ်ကျခံနေသူများသည် စစ်မှုထမ်းရန် ယာယီကင်းလွတ်ခွင့်ရမယ်။ စစ်မှုထမ်းရန် ကင်းလွတ်ခွင့်ရသူများကတော့ သာသနာ့ဝန်ထမ်းများ၊ အိမ်ထောင်သည်အမျိုးသမီးများ၊ ကိုယ်လက်အင်္ဂါတစ်ခုခု အမြဲတမ်းမသန်စွမ်းသူများ၊ ကျန်းမာရေးအဆင့်မမီကြောင်း စစ်တပ်ထောက်ခံချက်ရထားသူများ၊ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့က အမိန့်ထုတ်ပြန်၍ ကင်းလွတ်ခွင့်ပြုထားသူများ ဖြစ်တယ်လို့ပြောထားတယ်။
ဒါ့အပြင်တပြိုင်နက်ထဲမှာပဲစစ်သားဟောင်းများကို တပ်ထဲ ပြန်ခေါ်မည့်အရန်တပ်ဖွဲ့ဥပဒေကိုစစ်ကောင်စီက အသက်သွင်းလိုက်တယ်။အရန်တပ်ဖွဲ့ဥပဒေအရ စစ်တပ်မှ ထွက်ခွင့်ရထားသူများနှင့် ပင်စင်စားများသည် ထွက်ခွင့်ကျသည့်နေ့မှ ၅ နှစ်အထိ အရန်တပ်ဖွဲ့ထဲတွင် ဆက်လက်စစ်မှုထမ်းရမယ်။ ထို့ပြင် စစ်တပ်ထဲမှ ထွက်ထားသူများနှင့်ပင်စင်စားစစ်သားများကိုလည်းစစ်တပ်ကအရန်တပ်ဖွဲ့ဝင်အဖြစ်ခေါ်ဆိုနိုင်တယ်။အင်အားသိသိသာသာလျော့နည်းလာတဲ့စစ်ကောင်စီဟာစစ်မှုထမ်းဥပဒေပြဌာန်းပြီးသူတို့ရဲ့နောက်ဆုံးအသက်ကယ်ဆေးကိုထုတ်သုံးလာပါပြီ။ဘာတွေ ဆက်ဖြစ်လာမလဲတော့မပြောတတ်သေးပါဘူး။