၂၀၂၃ ခုနှစ်သည် အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ “အရှုံးနိဒါန်းအစ” နှစ်၊ သို့မဟုတ် စစ်တပ်ပြိုလဲနိုင်ခြေရှိမှုကို စတင်မြင်တွေ့လာရသော နှစ်၊ သို့မဟုတ် နွေဦးတော်လှန်ရေးနှင့်အတူ တိုင်းရင်းသားပေါင်းစုံ၊ တော်လှန်ရေးတပ်ပေါင်းစုံ၏ မြို့သိမ်းတိုက်ပွဲ အောင်မြင်မှုများဖြင့် အဆုံးသတ်နိုင်ခဲ့သော နှစ် ဖြစ်သည်။
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲရလဒ်များကို လက်မခံနိုင်သော မင်းအောင်လှိုင်နှင့် စစ်ဗိုလ်ချုပ်တစ်သိုက်သည် ယခင်အာဏာရှင်ဟောင်း နေဝင်းနှင့် သန်းရွှေ လမ်းစဉ်အတိုင်း အာဏာသိမ်းလိုက်လျှင် နိုင်ငံတော်အာဏာကို ဖြတ်လမ်းနည်းဖြင့် အလွယ်တကူရရှိပြီး၊ တိုင်းပြည်ကို စိတ်တိုင်းကျ စိုးမိုးအုပ်ချုပ်နိုင်မည်ဟု တထစ်ချ ယုံကြည်လျက် ၂၀၂၁ ဖေဖော်ဝါရီ ၁ တွင် အာဏာသိမ်းခဲ့ကြသည်။
သို့သော် အာဏာသိမ်းပြီး သုံးနှစ်အကြာ ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်း ရောက်ရှိလာချိန်တွင် အဆိုပါ ယုံကြည်ချက်များ မင်းအောင်လှိုင်၏ စိတ်သဏ္ဌာန်တွင် တစ်စစီ ပြိုကွဲပျက်စီးသွားခဲ့ပြီ ဆိုသည်မှာ သေချာလှပါသည်။ သို့သော် အာဏာရှင်ဆိုသည်မှာ နောက်ဆုံးအချိန်အထိ ၎င်းသာလျှင် ‘အောင်နိုင်သူ’ အဖြစ် စိတ်ရောဂါစွဲကပ်နေကြသူများ ဖြစ်သည့်အလျာက်၊ မင်းအောင်လှိုင်သည် တိုင်းပြည်ကို နောက်ဆုံးအချိန်ထိ ဖျက်ဆီးမည့်သူအဖြစ် တစ်နေ့တခြား ပေါ်လွင်ထင်ရှားလာပါသည်။
နေဝင်းနှင့် သန်းရွှေခေတ်က အာဏာသိမ်းရန် နိုင်ငံရေးအကြောင်းပြချက်ကောင်းများ ရှိနေခဲ့သည်။ သို့သော် ၎င်း၏အလှည့်တွင် မင်းအောင်လှိုင်သည် အာဏာသိမ်းတရားထူထောင်ရာ၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ရွေးကောက်ပွဲ မနိုင်မည်စိုး၍ မဲခိုးသယောင် စွပ်စွဲချက်က မြန်မာပြည်သူများအကြားမှာသာမက နိုင်ငံတကာအသိုက်အဝန်းအကြားမှာပါ ယုတ္တိမတန်ဆုံးသော လိမ်ညာမှုတစ်ခု ဖြစ်ခဲ့ပြီး၊ ယင်းသည် မင်းအောင်လှိုင်၏ အာဏာသိမ်းမှု မအောင်မြင်ရသည့် အဓိကအကြောင်းတရား ဖြစ်လာပါသည်။
ရွေးကောက်ပွဲတွင် မဲခိုးမခိုး အသိဆုံးဖြစ်သော မဲပေးသူ ပြည်သူက ၎င်းတို့၏ လူ့ဂုဏ်သိက္ခာကို စော်ကားခံလိုက်ရသဖြင့် လွန်ခဲ့သော သုံးနှစ်လုံးလုံး တစ်နေ့မှ မနားဘဲ၊ စစ်အာဏာရှင်ချုပ်ငြိမ်းရေး “နွေဦးတော်လှန်ရေး” ကို နိုင်ငံအနှံ့ဆင်နွှဲနေရာ စစ်တပ်သည် ယခုအခါ အရှုံးနှင့် ရင်ဆိုင်နေရပြီ ဖြစ်သည်။
လက်နက်အားကိုး အာဏာသိမ်းခဲ့သော မင်းအောင်လှိုင်က ရွေးကောက်ပွဲအသစ် ပြန်လည်ကျင်းပပြီး အာဏာလွှဲပေးမည်ဟု ဆိုပြန်ရာ တစ်လောကလုံးက မယုံကြည်ကြပါ။ ရွေးကောက်ပွဲစနစ်ကို စိတ်ကြိုက်ပြင်ဆင်၊ နိုင်ငံရေးပါတီများမှတ်ပုံတင်ဥပဒေကို ပြင်ဆင်၊ ပြည်သူထောက်ခံမှုအများဆုံးရရှိထားသော NLD နှင့် တိုင်းရင်းသားနိုင်ငံရေးပါတီများကို ဥပဒေအသစ်အရ ပြန်လည်မှတ်ပုံမတင်၍ဟု အကြောင်းပြကာ ဖျက်သိမ်း၊ အီလက်ထရွန်နစ် မဲပေးစနစ်သို့ ပြောင်းလဲရန် ကြိုးပမ်း စသည့် လုပ်ရပ်များက စစ်တပ်ပါတီသာလျှင် အမြဲအနိုင်ရမည့် ရွေးကောက်ပွဲများ ဖန်တီးရန် အကွက်ချ ကြံစည်နေမှုများပင် ဖြစ်သည်။ ရာဇပလ္လင်ပေါ် ထိုင်ရန် မင်းအောင်လှိုင် စိတ်ကူးအိပ်မက်အား ပုံဖော်နေခြင်းကို သိရှိထားသော ပြည်သူများက စစ်တပ်စီစဉ်နေသော ရွေးကောက်ပွဲများ ဖြစ်မလာစေရန် တော်လှန်နေကြခြင်း ဖြစ်သည်။
အာဏာသိမ်း ၆ လ ပြည့်နေ့၊ ၂၀၂၁ ဩဂုတ် ၁ ရက်နေ့တွင် ရွေးကောက်ပွဲများကို ၂၀၂၃ ခုနှစ် ဩဂုတ်လအတွင်း မဖြစ်မနေကျင်းပရမည်ဟု အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များကို ကိုးကား၍ မင်းအောင်လှိုင် လူသိရှင်ကြား ပြောဆိုခဲ့သော်လည်း၊ “တစ်လှိုင်းပြီး တစ်လှိုင်း” လာသော နွေဦးတော်လှန်ရေးက ရွေးကောက်ပွဲသာမက ၎င်း၏နိုင်ငံရေးလမ်းပြမြေပုံ တစ်ခုလုံးကို တိုက်ချ ဖျက်ဆီးလိုက်ပြီ ဖြစ်သည်။
အာဏာသိမ်းခြင်းကိုပင် ဒီမိုကရေစီစနစ်ကို ကာကွယ်စောင့်ရှောက်သူအဖြစ် ပုံဖော်ခဲ့သေးသည်။ သို့သော် နိုင်ငံအနှံ့ ပြည်သူများက အာဏာသိမ်းမှုကို ငြိမ်းချမ်းစွာ ဆန့်ကျင်ဆန္ဒပြကြသောအခါ ဒီမိုကရေစီအခွင့်အရေးများကို မဆိုထားနှင့်၊ လူသား၏ အခြေခံအခွင့်အရေးဖြစ်သော “အသက်ရှင်သန်ပိုင်ခွင့်” ကိုပင် မလေးစား၊ ထောင်နှင့်ချီသော ပြည်သူများကို ရက်ရက်စက်စက်သတ်ဖြတ် မီးရှို့သူ ကမ္ဘာ့စစ်ရာဇဝတ်ကောင်တစ်ဦး ဖြစ်လာသည်။
မင်းအောင်လှိုင်သည် အရှုံးနှင့် ရင်ဆိုင်လာရလေလေ ရက်စက်ကြမ်းကြုတ်လေလေ ဖြစ်သည်။
ဧပြီ ၁၁ တွင် စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ပဇီကြီးကျေးရွာကို ဗုံးကြဲရာ ကလေးငယ် ၄၀ အပါအဝင် အရပ်သား ၁၆၅ ဦး သေဆုံးမှု၊ အောက်တိုဘာ ၉ ညသန်းခေါင်းအချိန် တရုတ်နယ်စပ်မျဉ်းအနီး ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့နှင့် ၂ မိုင်အကွာ မုန်လိုင်ခက် စစ်ပြေးဒုက္ခသည်စခန်းကို ဗုံးကြဲတိုက်ခိုက်ရာ ကလေးငယ် ၁၁ ဦး အပါအဝင် အရပ်သားပြည်သူ ၂၉ ဦး သေဆုံးမှုများက ၂၀၂၃ ခုနှစ်အတွင်း အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုများက မင်းအောင်လှိုင်၏ အရက်စက်အကြမ်းကြုတ်ဆုံး လုပ်ရပ်များ ဖြစ်သည်။ ထိုထက်ပို၍ ရက်စက်သောလုပ်ရပ်များ ထပ်မံကျူးလွန်ရန်လည်း ဝန်မလေးသူအဖြစ် မြင်တွေ့နေရပြီ ဖြစ်သည်။
ပြည်ပကျူးကျော်စစ် အန္တရာယ်မှ နိုင်ငံကို ကာကွယ်ရန် ရည်ရွယ်ပြီး ရုရှား၊ တရုတ်၊ အိန္ဒိယ စသည့် အင်အားကြီးနိုင်ငံများမှ ဝယ်ယူထားသော တိုက်လေယာဉ်များ၊ ဝေဟင်မှ မြေပြင်ပစ် ဒုံးလက်နက်များ၊ ပေါက်ကွဲအား ပြင်းထန်သော ဝေဟင်မှ ကြဲချရသည့် ဗုံးများ၊ အတွဲလိုက်ပစ် ဒုံးစနစ်များ၊ အဝေးပစ် ဟောင်ဝစ်ဇာ အမြောက်ကြီးများ စသည့် ဖျက်အားပြင်းလက်နက်များကို အလွန်အကျွံအသုံးပြုလျက် ပြည်သူများအပေါ် ပိုမိုရက်စက်ကြမ်းကြုတ်စွာ သတ်ဖြတ်လာသည်။
ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော NLD အစိုးရကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ (EAO) က မနှစ်သက်ကြဟု သုံးသပ်ထားသော စစ်ခေါင်းဆောင်သည် ၎င်း၏အာဏာသိမ်းလုပ်ရပ်ကို EAO များက ထောက်ခံပြီး၊ စစ်တပ်နှင့် ပူးပေါင်းကာ ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ခြိမ့်ခြိမ့်သဲကျင်းပ၊ တစ်တိုင်းပြည်လုံး ငြိမ်းချမ်းရေး အလျင်အမြန် ရရှိသွားလိမ့်မည်ဟု စိတ်ကူးယဉ်အိပ်မက်မက်ခဲ့ဟန်တူသည်။
ခေတ်အဆက်ဆက် ငြိမ်းချမ်းရေးမရရှိသော နိုင်ငံတွင် သူသာလျှင် တစ်နိုင်ငံလုံး ငြိမ်းချမ်းရေးရရှိရန် စွမ်းဆောင်နိုင်သူအဖြစ် သမိုင်းဝင် ကမ္ပည်းမော်ကွန်း ထိုးခံရလေမလား မင်းအောင်လှိုင် ဘဝင်မြင့်နေလေသည်။ ၎င်း၏ တပည့်ကျော် စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဇော်မင်းထွန်းကပင် အရပ်သားအစိုးရနှင့် လွှတ်တော်များမရှိတော့သဖြင့်၊ “သူလိုလူ” တစ်ယောက်တည်းနှင့် စကားပြောရုံမျှဖြင့် ငြိမ်းချမ်းရေးသဘောတူညီချက်များ အလွယ်တကူ ရလိမ့်မည်ဟု ကြော်ငြာထိုး လော်ဘီလုပ်ပေးခဲ့ဖူးသည်။ သို့သော် သူ့ဆရာ မစွံမှန်း ယခုလောက်ဆိုရင် ဇော်မင်းထွန်းလည်း ကောင်းကောင်းသိနေလောက်ပြီ ဖြစ်သည်။
မင်းအောင်လှိုင်နှင့် စစ်ဗိုလ်ချုပ်တစ်သိုက် မသိသေးသည့်အချက်မှာ EAO များသည် ၎င်းတို့ကို မည်သည့်အခါကမျှ ထောက်ခံခဲ့ခြင်းမရှိဘဲ၊ လက်နက်ကိုင်သူအချင်းချင်း အနိုင်မတိုက်နိုင်၍သာ စားပွဲဝိုင်းပေါ်တွင် စကားပြောခဲ့ရခြင်း ဖြစ်သည်။ ယခုအခါ “၁၀၂၇ စစ်ဆင်ရေး” ၏ ထင်မှတ်မထားသော EAO များ၏ စစ်အောင်နိုင်ခြင်းကြောင့် အခြေအနေအရပ်ရပ် ပြောင်းလဲသွားပြီ ဖြစ်သည်။
၂၀၂၄ သို့ ကူးပြောင်းတော့မည့် အချိန်တွင် တိုင်းရင်းသားပေါင်းစုံ တော်လှန်ရေးအဖွဲ့အစည်းများက စစ်တပ်ကို နိုင်ငံအနှံ့ ဟန်ချက်ညီညီ အပြင်းအထန်ထိုးစစ်ဆင် တိုက်ပွဲဖော်လာမှုကြောင့် စစ်တပ်ပြိုလဲသွားနိုင်သော အလားအလာကို ပထမဆုံး မြင်တွေ့လက်ခံလာသော ‘နှစ်’ အဖြစ် စတင်မြင်တွေ့လာကြပြီ ဖြစ်သည်။
ပြိုလဲနေသော စစ်တပ်နှင့် အပစ်ရပ်သဘောတူ အနားပေးကြပြီး အင်အားတည်ဆောက်ခွင့် ပြန်ပေးမည်လား၊ သို့မဟုတ် တိုင်းရင်းသားပေါင်းစုံတော်လှန်ရေးအင်အားစုများ၏ စစ်ဆင်ရေးကို အရှိန်မြှင့်ဆင်နွှဲပြီး၊ စစ်တပ်ကို အပြီးဖြိုလှဲကာ ဆယ်စုနှစ်များစွာ ကြိုးပမ်းနေသော ဖက်ဒရယ်စနစ်ကို ထူထောင်မည်လား၊ EAO များအားလုံး ပြတ်သားစွာ စဉ်းစားဆုံးဖြတ်ကြရမည့် အချိန်အခါဖြစ်ပါသည်။ အခွင့်အခါကောင်းဆိုသည်မှာ မည်သည့်အခါမျှ နှစ်ကြိမ် မရတတ်ပါ။
၂၀၂၃ ခုနှစ်သည် တိုင်းရင်းသားပေါင်းစုံပါဝင်သော နွေဦးတော်လှန်ရေး၏ မြို့သိမ်းတိုက်ပွဲများနှင့်အတူ အောင်မြင်မှုရောင်နီကို စတင်မြင်တွေ့ခွင့်ရရှိခြင်းဖြင့် အဆုံးသတ်ခဲ့ပြီ ဖြစ်သည်။ ဤနှစ်အတွင်း မြန်မာနိုင်ငံရေး ဖြစ်စဉ်တချို့ကို ပြန်လည်ခြေရာကောက် သုံးသပ်ဆင်ခြင်ကြည့်နိုင်ရန် စစ်ရေး၊ နိုင်ငံရေး၊ သံတမန်ရေး စသည့် ဖြစ်ရပ်များကို ‘လ’ အလိုက် ရွေးချယ်ပြီး အကျဉ်းချုပ် ဖော်ပြလိုက်ပါသည်။
ဇန်နဝါရီ
ဇန်နဝါရီ ၁ – ၂၀၂၃ ခုနှစ် နှစ်သစ်ကူးသည့် ဤနေ့တွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ယာယီသမ္မတ ဒူးဝါးလရှီးလ မိန့်ခွန်းအတွင်း ပြန်လည်စဉ်းစားဆင်ခြင်ရမည့် အရေးကြီးသော သတင်းစကားတစ်ခု ပါဝင်ခဲ့သည်။ နှစ်သစ်ကူးမိန့်ခွန်း ပြောကြားစဉ် ဒူးဝါးလရှီးလက “၂၀၂၃ ခုနှစ်ဟာ မြန်မာ့နိုင်ငံရေး ကံကြမ္မာအလှည့်အပြောင်းအတွက် အရေးကြီးတဲ့နှစ် ဖြစ်ပြီး၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းတွေ၊ အခြားအရေးကြီးတဲ့ အဖွဲ့အစည်းတွေနဲ့ စစ်ရေးနိုင်ငံရေး ပူးပေါင်းမှုတွေကို ခိုင်မာ ကောင်းမွန်စွာ လုပ်ဆောင်နိုင်ခဲ့ပြီ” ဟု ပြည်သူကို သတင်းစကားပါးခဲ့သည်။ ထိုနေ့တွင် နောက်ထပ် ထူးခြားချက်တစ်ခုမှာ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) တပ်မဟာအသစ် ၆၁၁ တပ်ဖွဲ့ဝင် ၁၂၂၈ ဦး သင်တန်းဆင်းပွဲနှင့် လက်နက်တပ်ဆင်ပွဲ ကျင်းပခဲ့သည်။ ထိုတပ်မဟာ ၆၁၁ သည် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ပြီး လက်နက်ကိုင်တော်လှန်ရေး ဆင်နွှဲမည့် တိုင်းရင်းသားပေါင်းစုံလူငယ်များဖြင့် ပါဝင်ဖွဲ့စည်းထားသော တပ်မဟာဖြစ်ပြီး၊ ၁၀၂၇ စစ်ဆင်ရေးတွင် MNDAA ၏ အဓိက တပ်မဟာတစ်ခု ဖြစ်လာခဲ့သည်။
ဇန်နဝါရီ ၁၄ – အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရ၏ ရွေးကောက်ခံသမ္မတ ဦးဝင်းမြင့်ကို နေပြည်တော်ရှိ လျှို့ဝှက်နေရာတစ်ခုတွင် မိသားစုနှင့်အတူ ဖမ်းဆီးထိန်းသိမ်းထားရာမှ တောင်ငူထောင်သို့ ပြောင်းရွှေ့ ချုပ်နှောင်လိုက်သည်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ တွင် နေပြည်တော် သမ္မတအိမ်တော်သို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က စစ်ဗိုလ်ချုပ်နှစ်ဦးကို စေလွှတ်ပြီး သမ္မတဦးဝင်းမြင့်ကို ကျန်းမာရေးအရ နုတ်ထွက်ပေးရန် အတင်းအကျပ်စေခိုင်းခဲ့သည်၊ နုတ်ထွက်ပေးရန် ငြင်းဆန်ခဲ့သော သမ္မတကို ဖမ်းဆီးချုပ်နှောင်ကာ နောက်ပိုင်းတွင် ပုဒ်မ ၈ ခုဖြင့် စုစုပေါင်း ထောင်ဒဏ် ၁၄ နှစ် ချခဲ့သည်။
ဇန်နဝါရီ ၂၂ – စစ်ကောင်စီ၏ စစ်ဘက်ရေးရာထောက်လှမ်းရေး ဗိုလ်မှူးသန်းထွဋ်နှင့် တပ်ကြပ်ကြီးအောင်မြင့်ကို သေနတ်ဝယ်ယူလိုသော အရပ်သားများအသွင်ဆောင် ခေါ်ယူပြီး၊ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၁၆၁၊ ၆ ဖာလုံအနီးအရောက်တွင် တောင်ငူခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တပ်ရင်း ၃၅၀၁ က ကြားဖြတ်တိုက်ခိုက် လုပ်ကြံသတ်ဖြတ်ခဲ့သည်။ အသတ်ခံရသူတို့သည် မြို့ပြပြောက်ကျားများကို ဖမ်းဆီးနှိပ်စက်ညှဉ်းပန်းနေသော ရန်ကုန်တိုင်း အမှတ် (၁) စစ်ဘက်ရေးရာ လုံခြုံရေးအကူတပ်ဖွဲ့မှ ဖြစ်သည်။
ဇန်နဝါရီ ၂၆ – စစ်ကောင်စီက နိုင်ငံရေးပါတီမှတ်ပုံတင် ဥပဒေသစ်ကို ထုတ်ပြန်ရာ ရက်ပေါင်း ၆၀ အတွင်း ပြန်လည်မှတ်ပုံတင်ရန် ပျက်ကွက်သော ပါတီများသည် နိုင်ငံရေးပါတီအဖြစ်မှ အလိုအလျောက် ပျက်ပြယ်ပြီး ဖြစ်သည်ဟု ပုဒ်မ ၂၅ တွင် ဖော်ပြထားသည်။
ဖေဖော်ဝါရီ
ဖေဖော်ဝါရီ ၁ – မင်းအောင်လှိုင်သည် အာဏာသိမ်းစဉ်က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခဲ့သလို၊ ခြေ/ဥ၏ အရေးပေါ်ကာလပြဋ္ဌာန်းချက်များအရ အရေးပေါ်ကာလသက်တမ်းကို ၂ နှစ် သတ်မှတ်ထားသော်လည်း၊ ခြေ/ဥ ကို ဒုတိယအကြိမ်ချိုးဖောက်ကာ အရေးပေါ်ကာလကို ၂ နှစ်ထက် ကျော်လွန် သက်တမ်းတိုးခဲ့သည်။ အာဏာသိမ်းမှု ၂ နှစ်ပြည့်ချိန် တရားမဝင် ကျင်းပခဲ့သော အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေးတွင် မင်းအောင်လှိုင်သည် စစ်ကောင်စီ အုပ်ချုပ်ရေးသက်ရောက်သော မြို့နယ် ၁၉၈ ခုသာရှိကြောင်း ပြောဆိုခြင်းဖြင့်၊ တိုင်းပြည်ကို အုပ်ချုပ်နိုင်စွမ်းမရှိကြောင်း ပထမဆုံးအကြိမ် လူသိရှင်ကြား ဝန်ခံခဲ့သည်။ ထို့အတူ ခြေ/ဥ၏ အရေးပေါ်ကာလပြဋ္ဌာန်းချက်အရ ၂၀၂၃ ခုနှစ် ဩဂုတ်လတွင် မဖြစ်မနေကျင်းပရမည့် ရွေးကောက်ပွဲကို မည်သည့်အချိန်တွင် ကျင်းပမည်ဖြစ်ကြောင်း ပြောဆိုခြင်း မရှိတော့ပါ။
ဖေဖော်ဝါရီ ၂ – နိုင်ငံအနှံ့ မြို့နယ် ၃၇ ခုကို စစ်အုပ်ချုပ်ရေး ကြေညာလိုက်ရခြင်းက စစ်ကောင်စီ၏ အရှုံးနှင့် ရင်ဆိုင် ရုန်းကန်နေရမှု တဖြည်းဖြည်း ပေါ်လွင်လာသည်။ အဆိုပါ မြို့နယ်များမှာ စစ်ကိုင်းတိုင်းမှ ၁၁ မြို့နယ်၊ ချင်းပြည်နယ်မှ ၇ မြို့နယ်၊ မကွေးတိုင်းမှ ၅ မြို့နယ်၊ ပဲခူးတိုင်းမှ ၅ မြို့နယ်၊ ကရင်ပြည်နယ်မှ ၂ မြို့နယ်၊ တနင်္သာရီတိုင်းမှ ၂ မြို့နယ်နှင့် မွန်ပြည်နယ်မှ ၁ မြို့နယ် တို့ဖြစ်သည်။ စစ်ကိုင်းတိုင်း ၁၁ မြို့နယ်ထဲမှ ကောလင်းမြို့သည် ယခုအခါ NUG အစိုးရ၏တပ်ဖွဲ့များ သိမ်းပိုက်ထိန်းချုပ်ထားနိုင်သော ပထမဆုံးခရိုင်မြို့ ဖြစ်လာသည်။
ဖေဖော်ဝါရီ ၁၃ – အမျိုးသားညီညွတ်အရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာနရုံးခွဲကို အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီတွင် နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ဖွင့်လှစ်ပေးခဲ့ပြီး၊ အမေရိကန်အစိုးရကိုယ်စား နိုင်ငံခြားရေးဝန်ကြီးဌာန အရပ်သားလုံခြုံရေး၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးဆိုင်ရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Uzra Zeya တက်ရောက် မိန့်ခွန်းပြောခဲ့သည်။ NUG နိုင်ငံခြားရေးဝန်ကြီးဌာနရုံးခွဲကို အမေရိကန်မြေပေါ်တွင် ဖွင့်လှစ်ခွင့်ပေးခြင်းအပေါ် တရုတ်အစိုးရက သဘောမကျကြောင်း နောက်ပိုင်းတွင် မြန်မာအရေးလေ့လာသူများက သုံးသပ်ဝေဖန်ခဲ့ကြသည်။
ဖေဖော်ဝါရီ ၂၁ – တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာအထူးကိုယ်စားလှယ်နှင့် မြန်မာ့အရေးအထူးကိုယ်စားလှယ် တိန့်ရှီးကျွင်းသည် ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းလားဒေသသို့ ရောက်ရှိလာပြီး၊ မြန်မာ-တရုတ်နယ်စပ်တွင် အခြေပြုကြသော EAO များနှင့် တွေ့ဆုံခဲ့သည်။ တိန့်ရှီးကျွင်းသည် အာရှရေးရာအထူးကိုယ်စားလှယ်ရာထူးကို ရယူပြီး၊ EAOs များနှင့် ခပ်စိပ်စိပ်တွေ့ဆုံလျက်ရှိရာ ၂၀၂၂ ဒီဇင်ဘာ ၂၉ တွင် တွေ့ဆုံခဲ့ပြီး၊ ယခုအကြိမ် ထပ်မံလာရောက်တွေ့ဆုံခြင်း ဖြစ်သည်။ မြန်မာအရေးလေ့လာသူများက ဝါရှင်တန်ဒီစီတွင် NUG နိုင်ငံခြားရေးဝန်ကြီးဌာန ရုံးခွဲဖွင့်လှစ်ပြီး တစ်ပတ်အကြာ တရုတ်အထူးကိုယ်စားလှယ်၏ မိုင်းလားခရီးစဉ်ကို အလေးထားစောင့်ကြည့်ခဲ့ကြသည်။ ခရီးစဉ်အတွင်း နယ်စပ်ဒေသတည်ငြိမ်ရေးကို အလေးထားဆွေးနွေးခဲ့သလို၊ ကိုဗစ်အလွန် နယ်စပ်ကုန်သွယ်ရေး ပုံမှန်ပြန်လည်ဖွင့်လှစ်ရေးအတွက် လာရောက်လေ့လာခြင်း ဖြစ်သည်ဟု သိရှိရသည်။
ဖေဖော်ဝါရီ ၂၂ – စစ်ကောင်စီသည် စစ်ကိုင်းတိုင်းဒေသကြီးမှ နောက်ထပ် ၃ မြို့နယ်ကို စစ်အုပ်ချုပ်ရေးကြေညာခဲ့သဖြင့် ဖေဖော်ဝါရီလအတွင်း စုစုပေါင်း မြို့နယ် ၄၀ ကို စစ်အုပ်ချုပ်ရေးကြေညာခဲ့သည်။ စစ်ကောင်စီသည် ပြည်သူ့ခုခံတော်လှန်စစ်ကို နိုင်ငံအနှံ့ ရင်ဆိုင်နေရသဖြင့် တပ်ဖြန့်ထားမှုများ နေရာအနှံ့ ပြုလုပ်နေရသောကြောင့် စစ်အင်အားကို စုစည်းနိုင်စွမ်းမရှိ ဖြစ်နေသည်။ အာဏာသိမ်း ၂ နှစ်ပြည့်ချိန် မြို့နယ်ပေါင်း ၄၀ ကို တစ်လအတွင်း စစ်အုပ်ချုပ်ရေးကြေညာရခြင်းက စစ်ကောင်စီသည် တော်လှန်ရေးအင်အားစုများကို စစ်ရေးအရ အောင်နိုင်မည့်အလားအလာ မရှိတော့ကြောင်း ပြသနေပါသည်။
မတ်
မတ် ၁၆ – ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC) အစည်းအဝေးကို ‘ဝ’ ပြည်နယ် ပန်ခမ်းမြို့တွင် မတ် ၁၅ – ၁၆ တွင် ကျင်းပခဲ့ပြီး၊ နိုင်ငံမြောက်ပိုင်းရှိ တိုင်းရင်းသားလက်နက်ကိုင်မဟာမိတ် ၇ ဖွဲ့ဖြစ်သော ‘ဝ’ ပြည်သွေးစည်းညီညွတ်ရေးပါတီ၊ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ၊ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ (NDAA) ၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) ၊ မြန်မာနိုင်ငံအမှန်တရားနှင့် တရားမျှတသော အမျိုးသားပါတီ (MNTJP) ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) နှင့် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF) တို့ တက်ရောက်ကြသည်။ ထိုအစည်းအဝေးအပြီး ထုတ်ပြန်ချက်တွင် “မြန်မာ့ပြည်တွင်းရေးနှင့်ပတ်သက်၍ မိမိတို့ နယ်စပ်ဒေသရှိ လူနည်းစု တိုင်းရင်းသားလူမျိုးများအနေဖြင့် ဗမာပြည်မနှင့် အလုံးစုံငြိမ်ချမ်းရေးတည်ဆောက်ပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတစ်ရပ်ကို တည်ထောင်ကြရမည်ဟု ယူဆပါသည်။ ၎င်းအယူအဆကို အကောင်အထည်ဖော်ရန် နည်းလမ်းမျိုးစုံရှိနေသော်လည်း၊ နောက်ဆုံးတွင် မိမိတို့ လူနည်းစု တိုင်းရင်းသားများ၏ အင်အားနှင့် အစွမ်းအစများကိုသာ အားကိုးရမည် ဖြစ်ပါသည်” ဟု ဖော်ပြထားသည်မှာ စိတ်ဝင်စားစရာအချက် ဖြစ်ခဲ့သည်။ ၁၀၂၇ စစ်ဆင်ရေး ပေါ်ပေါက်လာမှုနှင့် အဆိုပါကြေညာချက် စာပိုဒ်၏ ဆိုလိုရင်းအဓိပ္ပာယ်ကို ချိတ်ဆက်ကြည့်ပါက ယခုအခါ ရှင်းလင်းစွာ တွေ့မြင်နေရပြီ ဖြစ်သည်။
မတ် ၂၂ – စစ်ကောင်စီ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီနှင့် ‘ဝ’ ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP) ၊ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ (NDAA) နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) တို့ နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးကြသည်။ ထိုဆွေးနွေးပွဲတွင် “ဒေသဖွံ့ဖြိုးရေးကိစ္စ၊ ဒေသတည်ငြိမ်ရေးကိစ္စ၊ ရွေးကောက်ပွဲကျင်းပရေးကိစ္စ၊ ငြိမ်းချမ်းရေးညီလာခံကျင်းပရေးကိစ္စ၊ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) မှ အခြေခံကျသော ပုဒ်မများကို ပြင်ဆင်နိုင်ရေးကိစ္စ” တို့ကို ဆွေးနွေးခဲ့ကြသည်ဟု စစ်ကောင်စီ၏ ထုတ်ပြန်ချက်အရ သိရသည်။ ယခုအခါ နိုင်ငံအရှေ့မြောက်ဒေသတွင် စတင်ခဲ့သော “၁၀၂၇ စစ်ဆင်ရေး” နှင့်အတူ တစ်နိုင်ငံလုံး ကျယ်ပြန့်လာသော ပြည်တွင်းစစ်သည် စစ်ကောင်စီ၏ ငြိမ်းချမ်းရေးညီလာခံ စိတ်ကူးအိပ်မက်လည်း ပြိုကွဲသွားပြီ ဖြစ်သည်။
မတ် ၂၉ – စစ်ကောင်စီ၏ ရွေးကောက်ပွဲကော်မရှင်သည် ပြည်သူအများစု ထောက်ခံမှုရရှိထားသော ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲအနိုင်ရပါတီကြီးများဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နှင့် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် အပါအဝင် နိုင်ငံရေးပါတီ ၄၀ ကို ဖျက်သိမ်းလိုက်သည်။ ထိုပါတီများသည် စစ်ကောင်စီ တရားမဝင်ပြဋ္ဌာန်းထားသော နိုင်ငံရေးပါတီမှတ်ပုံတင်ဥပဒေသစ်အရ ပြန်လည်မှတ်ပုံမတင်သည့်အတွက် ဖျက်သိမ်းခဲ့ခြင်းဖြစ်သည်။ စစ်ကောင်စီခန့် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ သိန်းစိုးသည် ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲတွင်လည်း ကော်မရှင်ဥက္ကဋ္ဌတာဝန်ယူခဲ့သူ ဖြစ်ပြီး၊ ထိုစဉ်က NLD ပါတီကို စနစ်တကျ အကွက်ဆင်ဖျက်သိမ်းခဲ့သည့် နည်းလမ်းအတိုင်း ယခုတစ်ကြိမ် ထပ်မံလုပ်ဆောင်ခြင်း ဖြစ်သည်။
ဧပြီ
ဧပြီ ၁၁ – စစ်ကောင်စီသည် အပြစ်မဲ့အရပ်သားပြည်သူများကို အစုအပြုံလိုက်သတ်ဖြတ်သော အဆိုးရွားဆုံးလေကြောင်းတိုက်ခိုက်မှုကို စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ပဇီကြီးကျေးရွာတွင် ကျူးလွန်ခဲ့သည်။ ပဇီကြီး လေကြောင်းတိုက်ခိုက်မှုအတွင်း အပြစ်မဲ့ကျေးရွာသား ၁၆၅ ဦး အစုအပြုံလိုက် သေဆုံးခဲ့သည်။ စစ်ကောင်စီသည် ပဇီကြီးကျေးရွာကို လေကြောင်းမှ တစ်ကြိမ်မက တိုက်ခိုက်ခဲ့သည်။
ဧပြီ ၂၄ နှင့် ၂၇ – ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ဘန်ကီမွန်းသည် The Elder အဖွဲ့၏ ဒုတိယဥက္ကဋ္ဌအဖြစ် ၂ ရက်ကြာခရီး လာရောက်ခဲ့ပြီး၊ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို နေပြည်တော်တွင် တွေ့ဆုံခဲ့သည်။ ဘန်ကီမွန်းကဲ့သို့ ကမ္ဘာ့ခေါင်းဆောင်တစ်ဦးက စစ်ရာဇဝတ်ကောင်ကို လာရောက်တွေ့ဆုံခြင်းအတွက် မြန်မာပြည်သူများက ဝိုင်းဝန်း ကန့်ကွက်ရှုတ်ချကြရာ ဧပြီ ၂၇ တွင် ၎င်းသည် ဘက်နှစ်ဖက်စလုံးအား တွေ့ဆုံကြောင်း ပြသရန် NUG ၏ ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဦးမိုးဇော်ဦးကို အွန်လိုင်းတွင် တွေ့ဆုံ၍ ၎င်း၏ နေပြည်တော်ခရီးစဉ်၊ သက်ဆိုင်သူအားလုံးပါဝင်သော တွေ့ဆုံဆွေးနွေးရေး ပေါ်ပေါက်ရန် အရေးကြီးပုံ စသည်တို့ကို ရှင်းလင်းပြောဆိုခဲ့သည်။
မေ
မေ ၂ – ယခုအခါ ရာထူးမှ ဖယ်ရှားခံခဲ့ရသော တရုတ်နိုင်ငံခြားရေးဝန်ကြီး Qin Gang သည် နေပြည်တော်သို့ ပထမဆုံးအကြိမ် ရောက်ရှိလာပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် အာဏာရှင်ဟောင်း ဦးသန်းရွှေတို့နှင့် တွေ့ဆုံခဲ့သည်။ ခရီးစဉ်အပြီး ရန်ကုန်အခြေစိုက် တရုတ်သံရုံး၏ ထုတ်ပြန်ချက်အရ မြန်မာနယ်စပ် အွန်လိုင်းငွေလိမ်ဂိုဏ်းများကို ပြတ်ပြတ်သားသား အရေးယူရန် စစ်ကောင်စီကို တောင်းဆိုထားသည်။ ထိုအချိန်ကတည်းက တရုတ်-မြန်မာဆက်ဆံရေး အတွင်းကျိတ် တင်းမာနေသည်ကို တွေ့ရှိခဲ့ရသည်။
မေ ၁၁ – စစ်ကောင်စီသည် လက်နက်ဥပဒေကို ပြဋ္ဌာန်းခဲ့ပြီး၊ တရားမဝင် လက်နက်ခဲယမ်း ကိုင်ဆောင်ထားသူများ ကိုင်ဆောင်ခွင့်လိုင်စင်လျှောက်ထားရန် ကြေညာသည်။ ကိုင်ဆောင်ခွင့် လျှောက်ထားလာပါက လက်နက် မည်သို့မည်ပုံရရှိသည်ကို စစ်ဆေးမေးမြန်းမည် မဟုတ်ကြောင်းလည်း ဖော်ပြထားသည်။ ထိုနေ့တစ်ရက်တည်းတွင် PDF များကို ဥပဒေဘောင်အတွင်း ဝင်ရောက်ရန် ဖိတ်ခေါ်ခဲ့ပြီး၊ လက်နက်ခဲယမ်းပါ ယူဆောင်လာပါက ဆုကြေးငွေအဖြစ် စိန်ပြောင်း၊ လောင်ချာ၊ အာပီဂျီ စသည့် လက်နက်ကြီးတစ်လက်လျှင် ၇၅ သိန်း ပေးမည်ဟု ကြေညာသည်။ ထို့ပြင် ရိုင်ဖယ် သိန်း ၅၀၊ Drone သိန်း ၅၀၊ ပစ္စတို သိန်း ၂၀၊ ပြောင်းချောသေနတ် သိန်း ၃၀၊ လက်လုပ်စိန်ပြောင်း၊ လက်လုပ်သေနတ် ၅ သိန်း၊ လက်လုပ်မိုင်းနှင့် လက်ပစ်ဗုံး ၃ သိန်း၊ စကားပြောစက်နှင့် အခြားအသုံးအဆောင်ပစ္စည်း ၂ သိန်း ပေးမည်ဟု ဆိုသည်။
မေ ၁၄ – ဖျက်အားပြင်းမှုအဆင့် ၄ သတ်မှတ်ထားသော မိုခါဆိုင်ကလုန်းမုန်တိုင်း ရခိုင်ကမ်းရိုးတန်း စစ်တွေမြို့သို့ လေတိုက်နှုန်း တစ်နာရီ မိုင် ၁၃၀ နှုန်းဖြင့် ဝင်ရောက်ခဲ့သည်။ မုန် တိုင်းသည် ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းအထိ သက်ရောက်မှုရှိခဲ့သည်။ မုန်တိုင်းမဝင်မီ ရက္ခိုင့်တပ်တော် (AA) က ဒေသခံပြည်သူ တစ်သိန်းကျော်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးနိုင်ခဲ့သည်ဟု ထုတ်ပြန်သည်။ မုန်တိုင်းကြောင့် သေဆုံးသူ ၄၁ ဦး၊ ထိခိုက်ဒဏ်ရာရသူ ၇၀၀ ရှိကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံး (OCHA) က မေ ၁၆ တွင် ထုတ်ပြန်ခဲ့သည်။
မေ ၂၈ – ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) နှင့် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF) တို့သည် မေ ၁၆-၁၇ တွင် ကချင်ပြည်နယ် မိုင်ဂျာယာန်မြို့၌ တွေ့ဆုံဆွေးနွေးကာ သဘောတူညီချက်တစ်ရပ် ထုတ်ပြန်ခဲ့ကြသည်။ အဆိုပါ ကြေညာချက်တွင် နှစ်ဖွဲ့အကြား အခြားသဘောတူညီချက်များအပြင် အရေးကြီးဆုံး အချက် ၂ ချက်ဖြစ်သည့် ထာဝရမဟာမိတ်စာချုပ်ကို ထိန်းသိမ်းအကောင်အထည်ဖော်သွားရန်၊ စစ်အာဏာရှင်ချုပ်ငြိမ်းရေးအတွက် အတူလက်တွဲ ဆောင်ရွက်ရန် သဘောတူခဲ့ကြသည်ဟု ဖော်ပြထားသည်။ “၁၀၂၇ စစ်ဆင်ရေး” ပေါ်ပေါက်လာသည့်အခါ ရှမ်းမြောက်ဒေသ ကွတ်ခိုင်မြို့နယ်အတွင်း တိုက်ပွဲများတွင် KIA နှင့် TNLA တပ်ဖွဲ့များက စစ်ကောင်စီတပ်စခန်းများကို တိုက်ခိုက်နေကြသည့် သတင်းများ သီးခြားထုတ်ပြန်လာသည်ကို တွေ့ရှိရသည်။
ဇွန်
ဇွန် ၁ – စစ်ကောင်စီ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ ဥက္ကဋ္ဌ ရာပြည့် ဦးဆောင်သောအဖွဲ့နှင့် ညီနောင်မဟာမိတ်သုံးဖွဲ့ (MNDAA/TNLA/AA) တို့ ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းလားမြို့တွင် တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း စစ်ကောင်စီက ကြေညာသည်။ ဆွေးနွေးပွဲကို ဇွန် ၁ မှ ၃ အထိ ကျင်းပရန် စီစဉ်ထားခဲ့သော်လည်း ပထမရက်တွင် အပြီး ဖျက်သိမ်းခဲ့သည်။ စစ်ကောင်စီနှင့် တွေ့ဆုံသော်လည်း ရပ်တည်ချက် ပြောင်းလဲမှုမရှိ ဟု AA က Myanmar Now ကို အတည်ပြု ပြောဆိုခဲ့သည်။
ဇွန် ၉ – စစ်ကောင်စီသည် မိုခါမုန်တိုင်းဒဏ် ဆိုးဆိုးရွားရွားခံစားခဲ့ရသော ရခိုင်ပြည်နယ်သို့ ကုလသမဂ္ဂအေဂျင်စီများ သွားရောက်ခွင့်ကို ရပ်ဆိုင်းလိုက်ပြီး၊ ပြည်ပမှ ပေးပို့ရန်ရှိသော လူသားချင်းစာနာမှုအကူအညီတချို့လည်း ဆိုင်းငံ့သွားသည်ဟု ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံး (OCHA) က သတင်းထုတ်ပြန်သည်။
ဇွန် ၁၂ – ကရင်နီပြည်နယ် ကြားကာလအုပ်ချုပ်ရေးကောင်စီ (Interim Executive Council Karenni State) ကို ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ (KSCC) ၏ နိုင်ငံရေးဦးဆောင်မှုနှင့်အညီ တရားဝင်ဖွဲ့စည်းကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့ပြီး၊ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်ရေး တိုက်ပွဲဝင်နေကြသော တော်လှန်ရေးအဖွဲ့အစည်းအသီးသီးက ကြိုဆိုဂုဏ်ပြုသဝဏ်လွှာများ ပေးပို့ကြသည်။ IEC ဖွဲ့စည်းမှုကို အစောဆုံး ဂုဏ်ပြုသဝဏ်လွှာပေးပို့သော အဖွဲ့အစည်းများထဲ ညီနောင်မဟာမိတ် ၃ ဖွဲ့ ပါဝင်သည်။
ဇွန် ၂၁ – အမေရိကန်အစိုးရသည် နိုင်ငံပိုင်ဘဏ်နှစ်ခုနှင့် ကာကွယ်ရေးဌာနတို့ကို အရေးယူ ပိတ်ဆို့လိုက်သည်။ ထိုဘဏ်နှစ်ခုမှာ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB) နှင့် မြန်မာ့ရင်းနှီးမြုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ် (MICB) တို့ဖြစ်ပြီး၊ စစ်ကောင်စီ၏ နိုင်ငံခြားငွေ ဝင်ထွက်နေသော ပင်မဝင်ပေါက်များ ဖြစ်သည်။ အဆိုပါ အရေးယူပိတ်ဆို့ဒဏ်ခတ်မှုကြောင့် ပြည်တွင်းဒေါ်လာငွေဈေး လှုပ်ခတ်သွားပြီး၊ နောက်ဆက်တွဲအနေဖြင့် ဇွန် ၂၆ တွင် စင်ကာပူအခြေစိုက် UOB ဘဏ်က MAI လေကြောင်းလိုင်းကို ဘဏ်ဝန်ဆောင်မှုများ ရပ်ဆိုင်းကြောင်း ထုတ်ပြန်ခဲ့သည်။
ဇူလိုင်
ဇူလိုင် ၄ – ၂၀၂၂ ဖေဖော်ဝါရီလအတွင်း ဥရောပသမဂ္ဂက မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) ကို အရေးယူပိတ်ဆို့ခဲ့ခြင်းကြောင့် ပြည်ပတွင် ပိတ်မိနေသော MOGE ရရန်ရှိသည့် ဒေါ်လာ သန်း ၅၀၀ ကျော် ထုတ်ယူရေး မြန်မာ့စီးပွားရေးဘဏ် (MEB) တွင် “ကံ့ကော်” အမည်ဖြင့် အမေရိကန်ဒေါ်လာ၊ တရုတ်ယွမ်နှင့် ထိုင်းဘတ်ငွေ လျှို့ဝှက်အကောင့်များ ဖွင့်ပေးရန် စစ်ကောင်စီ၏ စွမ်းအင်ဝန်ကြီးဌာနက ဗဟိုဘဏ်သို့ ပေးပို့သော လျှို့ဝှက်အကြောင်းကြားစာကို Myanmar Now က လက်ခံရရှိခဲ့သည်။ ပိတ်မိနေသောငွေများတွင် ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းအတွက် တရုတ်နိုင်ငံပိုင် ရေနံကော်ပိုရေးရှင်းထံမှ ရရန်ရှိသော ၃၂၆.၈၀ သန်း အပါအဝင် ထိုင်းသို့ တင်ပို့နေသော စီမံကိန်းများမှ ငွေများလည်း ပါဝင်သည်။ ဥရောပသမဂ္ဂ၏ MOGE ကို အရေးယူပိတ်ဆို့မှုအပြင် ဇွန် ၂၁ က အမေရိကန်ပြည်ထောင်စု၏ MFTB နှင့် MICB ဘဏ်များကိုပါ အရေးယူပိတ်ဆို့ခဲ့ခြင်းကြောင့် စစ်ကောင်စီသည် MEB ကို သုံးပြီး ဒေါ်လာငွေများ ဆက်လက်လက်ခံရရှိနိုင်ရန် ကြိုးပမ်းခြင်း ဖြစ်သည်။
ဇူလိုင် ၁၂ – ဇူလိုင် ၉ တွင် နေပြည်တော်သို့ နေ့ချင်းပြန် သွားရောက်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့ကြောင်း အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပလျက်ရှိသော အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးအတွင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာမွန်ဝိနိုင်းက ထုတ်ဖော် ပြောဆိုခဲ့သည်။ သို့သော် ထိုအစည်းအဝေးအပြီး ထုတ်ပြန်ချက်တွင် ဝန်ကြီးဒွန်၏ ကြိုးပမ်းချက်အပေါ် အသိအမှတ်ပြု ဖော်ပြထားခြင်းမရှိပါ။ ထိုင်းနိုင်ငံတွင် မေ ၁၄ ရွေးကောက်ပွဲရလဒ်အရ ဇူလိုင် ၁၃ တွင် ထိုင်းဝန်ကြီးချုပ်သစ်ကို ပါလီမန်က ရွေးချယ်တင်မြှောက်ပြီး၊ ထိုင်းအစိုးရသစ် ဖွဲ့စည်းပေါ်ပေါက်ခါနီး ရာထူးမှ ဆင်းပေးရတော့မည့် ဝန်ကြီးဒွန်၏ လုပ်ရပ်သည် အာဆီယံဥက္ကဋ္ဌ၏ အခန်းကဏ္ဍကို ကျော်လွန်လုပ်ဆောင်သည့် လုပ်ရပ်အဖြစ် ဝေဖန်သုံးသပ်မှုများ ရှိခဲ့သည်။ စစ်ကောင်စီသည် ဝန်ကြီးဒွန်ကို အသုံးချပြီး၊ အာဆီယံခေါင်းဆောင်များကို လှည့်စားရန် ကြိုးပမ်းခဲ့သလို၊ ဂျပန်နိုင်ငံအခြေစိုက် ဆီးရီးယားနိုင်ငံသား သတင်းစာဆရာ Khaldon Azhari ကို စည်းရုံးပြီး၊ ဒေါ်အောင်ဆန်းစုကြည်က ဝန်ကြီးဒွန်နှင့် တွေ့စဉ် NUG နှင့် PDF များကို အသိအမှတ်မပြု၊ မထောက်ခံပါ ဆိုသည့် သတင်းကို ဇူလိုင် ၁၁ တွင် ၎င်းတည်ထောင်ထားသော PanOrient News အွန်လိုင်းသတင်းစာမျက်နှာမှတစ်ဆင့် အချိန်ကိုက် ဝါဒဖြန့်ခဲ့သည်။
ဇူလိုင် ၁၄ – မြစ်ကြီးနားအခြေစိုက် မြောက်ပိုင်းတိုင်း တိုင်းမှူး ဗိုလ်ချုပ်ကိုကိုမောင်၊ ဒု-တိုင်းမှူး ဗိုလ်မှူးချုပ် အောင်မျိုးဦး၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်ကြည်လင်း အပါအဝင် မြောက်ပိုင်းတိုင်း ထိပ်ပိုင်းစစ်အရာရှိ ၆ ဦးကို ဖမ်းဆီးစစ်ဆေးနေကြောင်း RFA မြန်မာပိုင်းအစီအစဉ်က ဇူလိုင် ၁၆ တွင် ဖော်ပြခဲ့ပါသည်။ တိုင်းမှူး ကိုကိုမောင်ကို အောက်တိုဘာလကုန်ပိုင်းတွင် စစ်ခုံရုံးက ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခဲ့သည်။ ၂၀၂၃ ခုနှစ်သည် စစ်ဗိုလ်ချုပ်အများအပြား ဖြုတ်-ထုတ်-ရှင်းခံရသောနှစ် ဖြစ်သည်။
ဇူလိုင် ၂၃ – စစ်ကောင်စီ ဝါဒဖြန့်သတင်းစာ မြန်မာ့အလင်းက မာရဝိဇယဘုရား တည်ဆောက်ပြီးစီးမှုအထိမ်းအမှတ်နှင့် “ရဌနန္ဒက” ဟု အမည်ပေးထားသော ဆင်ဖြူ ၁ နှစ်မြောက် မွေးနေ့အထိမ်းအမှတ်အဖြစ် နှစ်သောင်းတန် ငွေစက္ကူအသစ်ကို ဇူလိုင် ၃၁ တွင် စတင်ထုတ်ဝေမည်ဟု ကြေညာသည်။ ထိုကြေညာချက်ကြောင့် ရွှေဆိုင်များပိတ်၊ ဈေးမေးသူများပြီး အရောင်းအဝယ်မရှိ ဖြစ်နေပြီး၊ ကုန်ဈေးနှုန်းများ ထပ်မံကြီးမြင့်လာမည်ကို ပြည်သူများက စိုးရိမ်ကြောင့်ကြခဲ့ရသည်။
ဇူလိုင် ၂၅ – နေပြည်တော်အကျဉ်းထောင်နှင့် နီးစပ်သူများထံမှ သိရှိရသည်ဟု ကိုးကားပြီး BBC မြန်မာပိုင်းက ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်ဆီကို ပြောင်းတယ်လို့ သတင်းထွက်ဟု ဦးစွာ သတင်းထုတ်လွှင့်ရာ မြန်မာ့နိုင်ငံရေးအသိုင်းအဝိုင်းအတွင်း လှုပ်ခတ်သွားသည်။ ထို့ပြင် ဇူလိုင် ၂၇ တွင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ရွှေ့တာက မြန်မာ့အရေး အကောင်းဘက်ကို ရွေ့ပြီဆိုတဲ့ အချက်ပြမှုလား ခေါင်းစဉ်တပ် သတင်းသုံးသပ်ချက်ဆောင်းပါး ဖော်ပြပြန်သည်။ သို့သော်လည်း စစ်ကောင်စီက ၇၈ နှစ်အရွယ် ဒီမိုကရေစီခေါင်းဆောင်ကို နေပြည်တော်ထောင်တွင်သာ ဆက်လက် အကျဉ်းချထားသည်။ BBC မြန်မာပိုင်းသည် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်တွင်း၌ သတင်းလုပ်ငန်း ဆက်လက် လုပ်ကိုင်နိုင်သော ရှားရှားပါးပါး ပြည်ပအခြေစိုက် သတင်းဌာနတစ်ခုဖြစ်သည်။
ဇူလိုင် ၃၁ – မင်းအောင်လှိုင်သည် တရားမဝင် အမျိုးသားလုံခြုံရေးနှင့် ကာကွယ်ရေးကောင်စီကို ခေါ်ယူကျင်းပပြီး၊ ၎င်း၏အာဏာသက်တမ်းကို ၆ လ ထပ်တိုးလိုက်သည်။ ထိုအစည်းအဝေးကို အာဏာသိမ်းပြီးကတည်းက လူမြင်ကွင်းမှ ပျောက်သွားသော NLD အစိုးရ၏ ဒုသမ္မတ ဟန်နရီ ဗန်ထီးယူ ပထမဆုံးအကြိမ် တက်ရောက်ခဲ့သည်။ ထိုအစည်းအဝေးတွင် မင်းအောင်လှိုင်က လက်ရှိနိုင်ငံရေးပြဿနာများမှာ ၎င်းကိုယ်တိုင် ဦးဆောင်ပြီး အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာသည်ဟု ဝန်ခံခြင်း မရှိဘဲ NUG, PDF နှင့် ERO တို့ကိုသာ အပြစ်ပုံချ ပြောဆိုသွားသည်။ လွန်ခဲ့သော ၂ နှစ်ခွဲအတွင်း စစ်ကောင်စီအစည်းအဝေးများတွင် အပ်ကြောင်းထပ် ပြောဆိုလာခဲ့သော အာဏာသိမ်းရသည့် ဇာတ်ကြောင်းကို ထိုအစည်းအဝေးတွင်လည်း ထပ်ပြန်တလဲလဲ ပြောဆိုနေခြင်းက နိုင်ငံတော်အာဏာခိုးယူမှုအပေါ် ၎င်း၏ မလုံခြုံသောစိတ်ထားကို ဖော်ပြလျက်ရှိသည်။
ဩဂုတ်
ဩဂုတ် ၂ – စစ်ကောင်စီအဖွဲ့တွင်း ဖြုတ်-ထုတ်-ရှင်းပွဲကို ၂၀၂၃ ခုနှစ်အတွင်း ဒုတိယအကြိမ် ပြုလုပ်ရာ မင်းအောင်လှိုင်က ဝန်ကြီး ၄ ဦးကို ရာထူးဖြုတ်ခဲ့ပြီး၊ အရေးကြီးသော ကာကွယ်ရေးနှင့် ပြည်ထဲရေးဝန်ကြီးများကို ပြောင်းလဲခန့်အပ်ခဲ့သည်။ အာဏာမသိမ်းမီကတည်းက ပြည်ထဲရေးဌာန ကိုင်တွယ်ခွင့်ရထားသော စိုးထွဋ်ကို ပြည်ထောင်စုအစိုးရအဖွဲ့ရုံးသို့ ပြောင်းပြီး အဆင့်လျှော့ချလိုက်သည်။
ဩဂုတ် ၁၀ – တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ပျက်ပြယ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) က အတိအလင်း ကြေညာလိုက်သည်၊ KNU ဗဟိုအလုပ်မှုဆောင်အဖွဲ့သစ်၏ ရက် ၁၀၀ ပြည့် သတင်းစာရှင်းလင်းပွဲတွင် အထွေထွေအတွင်းရေးမှူး ဖဒိုစောတာဒိုမှူးက “NCA ပျက်ပြယ်သွားပြီ” ဟု ပြောသည်။ KNU အနေဖြင့် “ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိသော ဒီမိုကရေစီစနစ်ကျင့်သုံးသော ကော်သူးလေဖက်ဒရယ်ယူနစ်တစ်ခုကို ပီပီပြင်ပြင် ပေါ်ထွန်းအောင် ကြိုးစားဆောင်ရွက်သွားမည်” ဟုလည်း ပြောဆိုခဲ့သည်။
ဩဂုတ် ၁၇ – ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ Sonali ဘဏ်၌ အပ်နှံထားသော MFTB နှင့် MICB ဘဏ်နှစ်ခု၏ ဒေါ်လာ ၁.၂ သန်း ထုတ်ယူခွင့်ကို ဘင်္ဂလားဒေ့ရှ်အစိုးရက ပိတ်ပင်ခဲ့သည်။ ဒါကာမြို့ရှိ အမေရိကန်သံရုံး၏ ထိုဘဏ်နှစ်ခုနှင့် ဆက်သွယ်မှုများရပ်ဆိုင်းရန် သတိပေးချက်ထွက်ပေါ်လာပြီး၊ ထိုငွေများကို ထုတ်ယူခွင့် ပိတ်ပင်လိုက်သည်ဟု ဘဏ်၏ အုပ်ချုပ်မှုဒါရိုက်တာ Afzal Karim က ပြောကြောင်း The Daily Star က ရေးသားခဲ့သည်။
စက်တင်ဘာ
စက်တင်ဘာ ၁၈ – သီတင်းတစ်ပတ်ကျော် သတင်းများထွက်နေသော ထိပ်သီးစစ်ဗိုလ်ချုပ်များပါ ထိန်းသိမ်းခံနေရသည့် နေပြည်တော်မှ စားမာန်ခုပ်ပွဲကြီးအကြောင်း စီးပွားရေးလောကမှ လုပ်ငန်းရှင် ၁၀ ဦးကျော်ကို Myanmar Now က ဆက်သွယ်မေးမြန်းခဲ့ရာ ထိပ်တန်းစစ်ဗိုလ်ချုပ်တချို့နှင့် စီးပွားရေးလုပ်ငန်းရှင် ရာဂဏန်း ထိန်းသိမ်းခံနေရသည်ဟု အတည်ပြုနိုင်ခဲ့သည်။ ထိန်းသိမ်း စစ်ဆေးခံနေရသော စစ်ဗိုလ်ချုပ်များမှာ ဒု-ဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ဒု-ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနှင့် ဗိုလ်ချုပ်ရန်နောင်စိုးတို့ ပါဝင်သည်။ ထိုနေ့တွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာအထူးကိုယ်စားလှယ် တိန့်ရှီးကျွင်း နေပြည်တော်သို့ ရောက်လာပြီး၊ စစ်ကောင်စီခန့် နိုင်ငံခြားရေးဝန်ကြီး သန်းဆွေနှင့် တွေ့ဆုံကာ မြန်မာ-တရုတ်နယ်စပ် တည်ငြိမ်ရေး၊ ပြည်တွင်းနိုင်ငံရေးအခြေအနေများကို ဆွေးနွေးခဲ့သည်ဟု စစ်ကောင်စီ၏ ဝါဒဖြန့်မီဒီယာများတွင် ဖော်ပြခဲ့သည်။
စက်တင်ဘာ ၂၅ – စစ်ကောင်စီကို ပြင်ဆင်ဖွဲ့စည်းရာ ဒု-ဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့် မိုးမြင့်ထွန်းတို့ကို ကောင်စီအဖွဲ့ဝင်အဖြစ်မှ ဖယ်ရှားလိုက်ပြီး၊ ဗိုလ်ချုပ်ကြီးမောင်မောင်အေးနှင့် ဒု-ဗိုလ်ချုပ်ကြိးညိုစောတို့ကို အစားထိုးခန့်အပ်လိုက်သည်။ ထို့ပြင် ဩဂုတ် ၂ ရက်နေ့ကမှ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးအဖြစ် ပြောင်းရွှေ့ ခန့်အပ်ခဲ့သော ဒု-ဗိုလ်ချုပ်ကြီး စိုးထွဋ်ကို စစ်ဘက်မူလတာဝန်များ ပြန်လည်ထမ်းဆောင်စေလိုက်သည်ဟု ကြေညာခဲ့သည်။ ယင်းသည် စစ်တပ်အတွင်း အရေးယူမှုတစ်မျိုးဖြစ်ပြီး၊ ရက်သတ္တပတ်အတော်ကြာ သတင်းထွက်နေသော စိုးထွဋ်နှင့် မိုးမြင့်ထွန်းကို ဖမ်းဆီးစစ်ဆေးနေကြောင်း အတည်ပြုပေးလိုက်ခြင်း ဖြစ်သည်။ ထိုနောက် ၎င်းတို့နှစ်ဦးကို အာဏာအလွဲသုံးစားပြု အဂတိလိုက်စားမှုများဖြင့် စွဲချက်တင်ပြီး၊ အောက်တိုဘာ ၁၀ တွင် ဒု-ဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းကို ထောင်ဒဏ် နှစ် ၂၀ နှင့် ညီမျှသော တစ်သက်တစ်ကျွန်းပြစ်ဒဏ်၊ နိုဝင်ဘာ ၁၀ တွင် ဒု-ဗိုလ်ချုပ်ကြီး စိုးထွဋ်ကို ထောင်ဒဏ် ၅ နှစ် ချလိုက်ကြောင်း စစ်ကောင်စီက ထုတ်ပြန်ကြေညာသည်။
စက်တင်ဘာ ၃၀ – KNU ဥက္ကဋ္ဌဟောင်း စောမူတူးစေးဖိုး၊ ဗဟိုကော်မတီဝင်ဟောင်း စောရောဂျာခင်၊ ကော့ကရိတ်ခရိုင်ဥက္ကဋ္ဌဟောင်း ဖဒိုရွှေမောင်းတို့ နေပြည်တော်သို့ သွားရောက်ပြီး၊ စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် တွေ့ဆုံခဲ့သည်။ စစ်ကောင်စီက စောမူတူးစေးဖိုးကို “ကရင်တိုင်းရင်းသားခေါင်းဆောင်” အဖြစ် သုံးနှုန်းဖော်ပြခဲ့သည်၊ လက်ရှိ KNU ခေါင်းဆောင်တို့၏ “NCA စာချုပ် ပျက်ပြယ်ပြီ” ဆိုသော ပြောဆိုချက်ကို “အခြေအမြစ်မရှိ ပြောကြားမှု” အဖြစ်လည်း တုံ့ပြန်ခဲ့ကြောင်း တွေ့ရသည်။ KNU ကလည်း ထိုတွေ့ဆုံမှုသည် စစ်တပ်၏ သပ်လျှိုမှုဟု တုံ့ပြန်ခဲ့သည်။
အောက်တိုဘာ
အောက်တိုဘာ ၃ – ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဆွေ ဦးဆောင်ပြီး၊ ကိုးကန့်စီးပွားရေးလုပ်ငန်းရှင်များပါဝင်သောအဖွဲ့ တရုတ်နိုင်ငံ ကုန်စည်ပြပွဲတစ်ခုကို တက်ရောက်နေစဉ် ထိုအဖွဲ့ထဲမှ အထင်ကရ ကိုးကန့်သူဌေး ၁၁ ဦးကို တရုတ်ရဲက ဖမ်းဆီးလိုက်ကြောင်း BBC မြန်မာပိုင်းက ဦးစွာသတင်းဖော်ပြခဲ့သည်။ နယ်စပ်အခြေစိုက် အွန်လိုင်းငွေလိမ်ဂိုဏ်းများကို ပြင်းပြင်းထန်ထန် နှိမ်နင်းရန် ခြေလှမ်းစတင်လိုက်ချိန်တွင် ကိုးကန့်သူဌေးကြီးများအပေါ် ကျရောက်လာသည့် တရုတ်အစိုးရ၏ဒေါသကို ကနဦးတွေ့မြင်ခဲ့ရခြင်း ဖြစ်သည်။
အောက်တိုဘာ ၉ – တရုတ်နိုင်ငံ နယ်နိမိတ်မျဉ်းအနီး၊ KIA ဌာနချုပ် လိုင်ဇာမြို့နှင့် ၂ မိုင် အကွာတွင် တည်ရှိသော လူဦးရေ ၅၀၀ ခန့် နေထိုင်သည့် မုန်လိုင်ခက်စစ်ဘေးရှောင်စခန်းကို ညသန်းခေါင်တွင် လေတပ်က ဖျက်အားပြင်းဗုံး ၄ လုံးထက်မနည်း ကြဲချရာ ကလေး ၁၁ ဦး အပါအဝင် လူပေါင်း ၂၉ ဦး သေဆုံးပြီး၊ ၅၀ ကျော် ဒဏ်ရာရရှိခဲ့သည်။ ထိုတိုက်ခိုက်မှုသည် စစ်ကောင်စီ၏ လက်ချက်ဖြစ်ကြောင်း KIA က အတည်ပြုပြောဆိုသော်လည်း စစ်ကောင်စီက ငြင်းဆိုသည်။ အာဏာသိမ်းပြီးနောက် စစ်ကောင်စီ ကျူးလွန်ခဲ့သော အရပ်သားပစ်မှတ်များကို ဗုံးကြဲတိုက်ခိုက်မှု အထောက်အထားများစွာရှိပြီး၊ ၂၀၂၃ ဧပြီ ၁၁ စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ပဇီကြီးကျေးရွာကို ဗုံးကြဲတိုက်ခိုက်မှုတွင် ကလေးငယ် ၄၀ ခန့် အပါအဝင် လူပေါင်း ၁၆၅ ဦး အစုအပြုံလိုက် သေဆုံးခဲ့သည်။
အောက်တိုဘာ ၁၅ – NCA အပစ်ရပ်စာချုပ် ၈ နှစ်မြောက်နေ့ အခမ်းအနားကို နေပြည်တော်တွင် ပြုလုပ်ရာ အိမ်နီးချင်း တရုတ်၊ အိန္ဒိယနှင့် ထိုင်းနိုင်ငံတို့မှ အဆင့်နိမ့်ကိုယ်စားလှယ်များသာ တက်ရောက်ခဲ့သည်။ မြန်မာ့ငြိမ်းချမ်းရေးအတွက် ဒေါ်လာသန်းနှင့်ချီ ကူညီထောက်ပံ့လျက်ရှိသော ဂျပန်နိုင်ငံမှ မည်သည့်ကိုယ်စားလှယ်မျှ တက်ရောက်ခြင်းမရှိခဲ့ပါ။ အခမ်းအနားကို နိုင်ငံရေးအနှစ်သာရရှိရှိ ကျင်းပမည်၊ နိုင်ငံတကာခေါင်းဆောင်များကို ကိုယ်တိုင် ဖုန်းဆက်ဖိတ်ကြားထားသည်ဟု မင်းအောင်လှိုင်က ပွဲမတိုင်မီ ကြွားလုံးထုတ်ခဲ့သေးသည်။ ၂၀၂၁ ဖေဖော်ဝါရီ ၁ အာဏာသိမ်းမှုကြောင့် EAO များနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရကြား ကျင်းပလျက်ရှိသော ၂၁ ရာစု-ပင်လုံ ငြိမ်းချမ်းရေးဆွေးနွေးပွဲများ လုံးဝရပ်တန့်သွားပြီးနောက် စစ်ကောင်စီက အာဏာသိမ်းထားသည့် ၃ နှစ်အတွင်း ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပြန်လည်စတင်ရန် EAO များကို နည်းလမ်းမျိုးစုံဖြင့် ဆွဲဆောင်သော်လည်း မအောင်မြင်ခဲ့ပါ။ ၎င်း၏လက်ထက်တွင် ဝှဲချီးကျင်းပနိုင်ကြောင်း မင်းအောင်လှိုင် လွန်စွာသက်သေပြလိုသော်လည်း လူသတ်လက်နှင့် ငြိမ်းချမ်းရေး တည်ဆောက်နိုင်ခြင်း မရှိသေးပေ။
အောက်တိုဘာ ၂၇ – နံနက် ၃း၅၀ တွင် ချင်းရွှေဟော်တံတားအနီးရှိ စစ်ကောင်စီ၏ တပ်စခန်းတစ်ခုကို စတင်တိုက်ခိုက်ခြင်းဖြင့် ညီနောင်မဟာမိတ် ၃ ဖွဲ့ (MNDAA/TNLA/AA) တို့က ၁၀၂၇ စစ်ဆင်ရေးကို အစပြုလိုက်သည်။ ချင်းရွှေဟော်သာမက ကွမ်းလုံ၊ မုန်းကိုး၊ နမ့်ခမ်း၊ သိန္နီ၊ လားရှိုး၊ နောင်ချို စသည့် စစ်မျက်နှာများဖွင့်၍ တပ်စခန်းအများအပြားကို စီးနင်းတိုက်ခိုက်ခြင်းဖြစ်သည်၊ တစ်ရက်အတွင်း စစ်တပ်စခန်း ၃၀ ကျော်ကို လျင်မြန်သော အရှိန်အဟုန်ဖြင့် တိုက်ခိုက်သိမ်းပိုက်ခဲ့ကြသည်။ နယ်စပ်ရှိ ချင်းရွှေဟော်မြို့ကို MNDAA သိမ်းယူခဲ့သည်။ တရုတ်အစိုးရ၏ မြန်မာနိုင်ငံဆိုင်ရာမူဝါဒတွင် နယ်စပ်ဒေသတည်ငြိမ်ရေးသည် အခြေခံအုတ်မြစ်သဖွယ် ရှိနေခဲ့ရာ၊ တရုတ်နယ်စပ်တစ်လျှောက် ထိုနေ့က အဖြစ်အပျက်များသည် တရုတ်-မြန်မာဆက်ဆံရေး အခြေခံအုတ်မြစ်ကို ကိုင်လှုပ်ခဲ့သော “၁၀၂၇ စစ်ဆင်ရေး” အဖြစ် သမိုင်းဝင်ခဲ့ပြီ ဖြစ်သည်။
အောက်တိုဘာ ၃၁ – တရုတ်အစိုးရ ပြည်သူ့ရေးရာလုံခြုံရေးဝန်ကြီး Wang Xiaohong နေပြည်တော်သို့ လာပြီး၊ စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် တွေ့ဆုံကာ ကိုးကန့်ဒေသ စစ်ပွဲများ၊ လောက်ကိုင်ဒေသမှ အွန်လိုင်းငွေလိမ်ဂိုဏ်းများနှင့် မူးယစ်ဆေးဝါးပြဿနာများကို ဆွေးနွေးခဲ့ကြသည်ဟု စစ်ကောင်စီက သတင်းထုတ်ပြန်သည်။ “၁၀၂၇ စစ်ဆင်ရေး” စတင်ခဲ့သည့် ၅ ရက်မြောက်နေ့ MNDAA ၏ ထုတ်ပြန်ချက်တွင် ကိုးကန့်ဒေသအတွင်း စစ်တပ်စခန်းပေါင်း ၈၇ ခုကို သိမ်းပိုက်ရရှိထားပြီဟု ဖော်ပြထားသည်။
နိုဝင်ဘာ
နိုဝင်ဘာ ၆ – KIA နှင့် NUG ၏ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ (PDF) ပူးပေါင်း၍ လေးရက်ကြာ ထိုးစစ်ဆင်ပြီးနောက် ကောလင်းမြို့ကို သိမ်းပိုက် ရရှိခဲ့သော နေ့ဖြစ်သည်။ ကောလင်းသည် စစ်ကိုင်းတိုင်းအထက်ပိုင်း ခရိုင်အဆင့် ရုံးစိုက်ရာမြို့ ဖြစ်သည်။ ယခုအခါ NUG သည် ကောလင်းမြို့ ပြည်သူ့အုပ်ချုပ်ရေးလုပ်ငန်းများကို ဆောင်ရွက်နေပြီး၊ နိုင်ငံပိုင် ကောလင်းမြန်မာ့စီးပွားရေးဘဏ်မှ ငွေသားကျပ် သန်း ၉၀၀ ကျော်နှင့် ပုဂ္ဂလိကဘဏ် ၅ ခုမှ ကျပ်ငွေ ၄၄ ဘီလီယံကျော်ကို စနစ်တကျ ထိန်းသိမ်းထားသည်ဟု ဆိုသည်။
နိုဝင်ဘာ ၇ – မြန်မာ-အိန္ဒိယနယ်စပ် စစ်ကိုင်းတိုင်း တမူးခရိုင်အတွင်းရှိ ခမ်းပတ်မြို့ကို KIA နှင့် PDF ပူးပေါင်းတပ်ဖွဲ့များက သိမ်းပိုက်လိုက်သည်။ ခမ်းပတ်မြို့သည် NUG အစိုးရအုပ်ချုပ်ရေးအောက် ရောက်ရှိလာသည့် ဒုတိယမြို့ဖြစ်သည်။
နိုဝင်ဘာ ၈ – စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် တရားမဝင် အမျိုးသားလုံခြုံရေးနှင့် ကာကွယ်ရေးကောင်စီအစည်းအဝေး ခေါ်ယူခဲ့ပြီး၊ “၁၀၂၇ စစ်ဆင်ရေး” အကြောင်း ရှည်လျားစွာ ပြောဆိုခဲ့ပြီး၊ ထိုစစ်ပွဲသည် MNDAA ၏ ကိုးကန့်နယ်မြေကို ပြန်လည်ရလိုမှုကြောင့် ဖော်ဆောင်သော စစ်ပွဲအဖြစ် ပုံဖော်ကာ ထိုစစ်ပွဲများကြောင့် တရုတ်နှင့် စစ်ကောင်စီကြား ဆက်ဆံရေးပျက်မည်ကို စိုးရိမ်သဖြင့် သတိထား ဆောင်ရွက်နေရကြောင်း၊ MNDAA ဘက်က အကျအဆုံးများပြီး ၎င်း၏စစ်တပ်များက အသာစီးရနေသယောင် ပြောဆိုသွားခဲ့သည်။ ကာလုံအစည်းအဝေးတွင် မင်းအောင်လှိုင်၏ ပြောဆိုချက်များက မြေပြင်တွင် ဖြစ်ပေါ်နေသော ပကတိအခြေအနေနှင့် ကွဲလွဲနေပြီး၊ ၎င်း၏လက်အောက်ရှိ တိုင်းမှူး၊ တပ်မမှူးများက အမှန်အတိုင်း အစီရင်ခံခြင်းမရှိသောကြောင့် ထိုကဲ့သို့အလွဲများ ပြောနေခြင်းလည်း ဖြစ်နိုင်သည်။
နိုဝင်ဘာ ၁၂ – “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း ညီနောင်မဟာမိတ် ၃ ဖွဲ့၏ ကနဦးစစ်ဆင်ရေးအောင်မြင်မှုများထဲမှ အဓိကကျသော အောင်မြင်မှုမှာ ကွမ်းလုံဗျူဟာကုန်းသိမ်း ၁၂ ရက် တိုက်ပွဲ ဖြစ်သည်။ ကွမ်းလုံဗျူဟာသည် ချင်းရွှေဟော်၊ သိန္နီနှင့် ‘ဝ’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ ဟိုပန်မြို့ သုံးမြို့အကြား ဗျူဟာမြောက်ဆက်သွယ်ရေးလမ်းကြောင်းကို ကွမ်းလုံတံတားသစ်၏ အထက်ဘက် တောင်ကုန်းပေါ်မှ ထိန်းချုပ်ထားသော စနစ်တကျတည်ဆောက်ထားသော ခံတပ်တစ်ခု ဖြစ်သည်။ ကွမ်းလုံတံတားသစ်ကို တရုတ်နိုင်ငံက တရုတ်-မြန်မာစီးပွားရေးစင်္ကြန်လမ်းမကြီး၏ အရေးပါသော ဆက်သွယ်ရေးလမ်းကြောင်း အစိတ်အပိုင်းတစ်ခုအဖြစ် ၂၀၂၀ ပြည့်နှစ် ကိုဗစ်ကာလအတွင်း တည်ဆောက်ခဲ့ပြီး၊ တံတားဖွင့်ပွဲကို နိုဝင်ဘာ ၁၁ တွင် တရုတ်နိုင်ငံမှ တာဝန်ရှိသူများနှင့်အတူ ကျင်းပရန် စစ်ကောင်စီက စီစဉ်ထားခဲ့ခြင်းဖြစ်သည်။ ကွမ်းလုံဗျူဟာကုန်းကို သိမ်းပိုက်နိုင်ခြင်းနှင့်အတူ စစ်တပ်၏ အဆင့်မြင့်လက်နက်ကြီးများဖြစ်သော အတွဲလိုက်ပစ်ဒုံးပစ်ယာဉ် ၂ စီးကို ပထမဆုံး သိမ်းပိုက်ရရှိခဲ့ပြီး၊ ဟောင်ဝစ်ဇာအမြောက်ကြီးနှင့် သံချပ်ကာယာဉ် ၂ စီးကိုပါ ရရှိခဲ့သည်။
နိုဝင်ဘာ ၁၄ – “၁၀၂၇ စစ်ဆင်ရေး” က ရှမ်းပြည်နယ်မြောက်ပိုင်းတွင် မြို့များနှင့် တပ်စခန်းများ ဆက်တိုက်သိမ်းယူနေစဉ်မှာပင် နွေဦးတော်လှန်ရေး အစောပိုင်းကာလက တူမီးသေနတ်ဖြင့် အာဏာသိမ်းစစ်တပ် အံ့အားသင့်သွားစေသော ခုခံတော်လှန်မှုများ ပြုလုပ်နိုင်ခဲ့သည့် ချင်းတိုင်းရင်းသား ကာကွယ်ရေးတပ်များက နိုဝင်ဘာ ၁၄ တွင် ချင်းပြည်နယ်ရှိ အိန္ဒိယ-မြန်မာနယ်စပ် ရိခေါရ်ဒါမြို့ကို သိမ်းပိုက်လိုက်သည်။
နိုဝင်ဘာ ၂၂ – စစ်ကိုင်းတိုင်းအထက်ပိုင်း ချင်းတွင်းမြစ်ကမ်းဘေးတွင် တည်ရှိသော ရွှေပြည်အေးမြို့ကို NUG လက်အောက်ခံ PDF တပ်ဖွဲ့များက ရွှေပြည်အေးမြို့ကို တိုက်ခိုက်သိမ်းပိုက် နိုင်ခဲ့ပါသည်။ ထို့ကြောင့် နိုဝင်ဘာလအတွင်း NUG အစိုးရအုပ်ချုပ်မှုအောက် ရောက်ရှိလာသော တတိယမြောက်မြို့ ဖြစ်လာခဲ့သည်။
နိုဝင်ဘာ ၂၄ – ရိခေါရ်ဒါမြို့ကို သိမ်းပိုက်ပြီး ၁၀ ရက်အကြာ နိုဝင်ဘာ ၂၄ တွင် ဆက်သွယ်သွားလာရ ခက်ခဲသော ချင်းတောင်တန်းရှိ တိုင်းရင်းသားများအတွက် NLD အစိုးရက တည်ဆောက်ပေးခဲ့သော လေယာဉ်ကွင်းငယ်တစ်ခုပါဝင်သော လိုင်လင်းပီမြို့ကို ထပ်မံသိမ်းပိုက်လိုက်သည်။
နိုဝင်ဘာ ၂၉ – ချင်းတော်လှန်ရေးတပ်ဖွဲ့များ၏ ချင်းပြည်နယ်မှ တတိယမြောက်မြို့အဖြစ် ရေဇွာမြို့ကို သိမ်းပိုက် ထိန်းချုပ်နိုင်ခဲ့သည်။ ရေဇွာမြို့သည် မတူပီမြို့နယ်အတွင်း တည်ရှိသော မြို့ငယ်တစ်မြို့ ဖြစ်သည်။ အာဏာသိမ်းချိန်မှစ၍ စစ်ကောင်စီကို တော်လှန်ခဲ့သော ချင်းတော်လှန်ရေးတပ်ဖွဲ့များအတွက် ၂၀၂၃ ခုနှစ် နိုဝင်ဘာလသည် မြို့သိမ်းတိုက်ပွဲများ အောင်မြင်စွာ ဆင်နွှဲနိုင်ခဲ့သော ‘လ’ အဖြစ် သမိုင်းမှတ်တမ်းဝင်ခဲ့ပြီ ဖြစ်သည်။
ဒီဇင်ဘာ
ဒီဇင်ဘာ ၄ – နေပြည်တော်နှင့် အနီးဆုံးဒေသတစ်ခုဖြစ်သည့် ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်၊ မုန်းမြို့ရှိ စစ်ကောင်စီ၏ ခမရ ၅၉၀ နှင့် ၅၉၉ တပ်ရင်းများကို KNU နှင့် PDF တပ်ဖွဲ့များက ဝင်ရောက်စီးနင်းခဲ့ပြီး၊ မုန်းဒေသကို ဆက်လက်ထိန်းချုပ်ထားဆဲဟု NUG က ကြေညာသည်။
ဒီဇင်ဘာ ၁၀ – “၁၀၂၇ စစ်ဆင်ရေး” ကို ဦးဆောင်နေသော ညီနောင် ၃ ဖွဲ့ထဲမှ AA သည် နိုဝင်ဘာ ၁၃ မှစ၍ ရခိုင်စစ်မျက်နှာတွင် စစ်ကောင်စီကို စတင် ထိုးစစ်ဆင်ခဲ့ရာ ဒီဇင်ဘာ ၄ နှင့် ၁၀ ရက်နေ့များတွင် ပလက်ဝအထက်ပိုင်း ကုလားတန်မြစ်ဘေးရှိ စစ်ကောင်စီ၏ အဓိက စစ်ဗျူဟာအခြေစိုက်စခန်းကြီးနှစ်ခုဖြစ်သော ထရွန်အိုင်နှင့် နှုံးဘူး ဗျူဟာကုန်းများကို သိမ်းပိုက်နိုင်ခဲ့သည်။
ဒီဇင်ဘာ ၁၁ – တရုတ်နိုင်ငံ၏ ကြားဝင်မှုဖြင့် ညီနောင် ၃ ဖွဲ့နှင့် စစ်ကောင်စီတို့ တရုတ်နိုင်ငံ ကူမင်းမြို့တွင် တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း စစ်ကောင်စီက ထုတ်ပြန်ကြေညာခဲ့ပြီး၊ ဒီဇင်ဘာလကုန်အထိ အပစ်ရပ်ရေး သဘောတူခဲ့ကြသည်ဟု သတင်းများထွက်ပေါ်လာသော်လည်း၊ စစ်ကောင်စီနှင့် မြောက်ပိုင်းသုံးဖွဲ့ တိုက်ပွဲများ ဆက်ဖြစ်နေခဲ့သည်။
ဒီဇင်ဘာ ၁၃ – စစ်ကိုင်းတိုင်းအထက်ပိုင်း ကချင်ပြည်နယ်အစပ်ရှိ မော်လူးမြို့ကို တော်လှန်ရေးအဖွဲ့များ သိမ်းပိုက်ရရှိခဲ့သည်။ မော်လူးမြို့သိမ်းတိုက်ပွဲတွင် KIA, ABSDF နှင့် PDF တပ်များ ပါဝင်ခဲ့ပြီး၊ NUG အစိုးရ၏ ထိန်းချုပ်မှုအောက် ရောက်ရှိလာခဲ့သော ၄ ခုမြောက် မြို့ဖြစ်သည်။
ဒီဇင်ဘာ ၁၅ – မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေး၏ အဓိကအသက်သွေးကြောသဖွယ် အရေးပါသော ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်ကို ညီနောင်အဖွဲ့ ထိန်းချုပ်နိုင်ခဲ့သည်။ မူဆယ်မြို့အရှေ့ဘက် ၆ မိုင်ခန့်အကွာတွင် တည်ရှိပြီး၊ တရုတ်နိုင်ငံနှင့် ပို့ကုန်သွင်းကုန် ကုန်သွယ်ရာတွင် အဓိကကျသော ထိုကုန်သွယ်ရေးစခန်းကို လက်လွှတ်လိုက်ရခြင်းကြောင့် စစ်ကောင်စီအတွက် နယ်စပ်ကုန်သွယ်ရေးမှ ဝင်ငွေအကြီးအကျယ်ထိခိုက်သွားစေနိုင်သည်။ ယခုအခါ မူဆယ်မြို့ဝန်းကျင်ကို ညီနောင်မဟာမိတ် ၃ ဖွဲ့က ထိန်းချုပ်ထားလိုက်ပြီဖြစ်၍ မူဆယ်နှင့် လောက်ကိုင်မြို့များရှိ စစ်ကောင်စီတပ်များသည် ဝိုင်းပတ်ပိတ်ဆို့ခံထားရပြီး၊ ဆုံးရှုံးနိုင်ခြေမြင့်မားသော နယ်စပ်မြို့ကြီး နှစ်မြို့ဖြစ်သည်။
ဒီဇင်ဘာ ၁၆ – ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပလောင်ကိုယ်ပိုင်းအုပ်ချုပ်ခွင့်ရဒေသ၏ မြို့တော်သဖွယ်ဖြစ်ခဲ့သော နမ့်ဆန်မြို့ကို TNLA အပြီးသတ်သိမ်းပိုက် ထိန်းချုပ်နိုင်ခဲ့သည်။
ဒီဇင်ဘာ ၁၉ – “၁၀၂၇ စစ်ဆင်ရေး” စတင်ပြီး နိုဝင်ဘာလ ၆ တွင် နမ့်ခမ်းတစ်မြို့လုံးနီးပါး TNLA ထိန်းချုပ်ထားနိုင်ခဲ့သော်လည်း၊ မြို့ပြင်ရှိ စစ်ကောင်စီ အခိုင်အမာတပ်စွဲထားသော စခန်းသစ်ကုန်းကို ချက်ချင်း သိမ်းပိုက်နိုင်ခဲ့ခြင်း မရှိခဲ့ပေ။ TNLA က ဆက်လက် ကြိုးပမ်းခဲ့ရာ စခန်းသစ်ကုန်း ရက် ၄၀ တိုက်ပွဲအပြီး နမ့်ခမ်းမြို့ကို အလုံးစုံ သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့သည်။
ဒီဇင်ဘာ ၂၂ – မန်တုံမြို့ကို TNLA က ရသွားပြီးနောက် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတစ်ခုလုံး TNLA ထိန်းချုပ်မှုအောက် ရောက်ရှိသွားသည့် သမိုင်းဝင်နေ့ ဖြစ်ခဲ့သည်။ မန်တုံမြို့သည် မြန်မာ-တရုတ်နယ်စပ် နမ့်ခမ်းမြို့နှင့် နမ့်ဆန်မြို့အကြား တည်ရှိပြီး၊ ယခုအခါ TNLA သည် ထို ၃ မြို့ကို တစ်ဆက်တစ်စပ်တည်း သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ခြင်း ဖြစ်သည်။ ထိုနေ့ တစ်နေ့တည်းတွင် စစ်ကောင်စီ၏ ကိုယ်စားလှယ်အဖွဲ့နှင့် TNLA အပါအဝင် ညီနောင်မဟာမိတ် ၃ ဖွဲ့တို့ တရုတ်အစိုးရ၏ ကြားဝင်မှုဖြင့် တရုတ်နိုင်ငံတွင် ဒုတိယအကြိမ်ဆွေးနွေးပွဲကို ၃ ရက်ကြာ ပြုလုပ်ခဲ့ပြီး၊ ရလဒ်မရရှိဘဲ ပြီးဆုံးသွားခဲ့သည်ဟု သတင်းများထွက်ပေါ်လာသည်။ ဤတစ်ကြိမ်ဆွေးနွေးပွဲအကြောင်း စစ်ကောင်စီနှင့် တရုတ်အစိုးရဘက်က ထုတ်ဖော်ပြောဆိုခြင်းမရှိဘဲ နှုတ်ဆိတ်နေခဲ့ခြင်းကို ကြည့်ခြင်းအားဖြင့် ဆွေးနွေးပွဲ မအောင်မြင်ကြောင်း ထင်ရှားသည်။
ဒီဇင်ဘာ ၂၇ – ဒီဇင်ဘာ ၄ တွင် ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်အတွင်းရှိ မုန်းမြို့သိမ်းတိုက်ပွဲ ဆင်နွှဲခဲ့သော KNU နှင့် PDF တပ်များသည် ဒီဇင်ဘာလကုန်ပိုင်း ရောက်လာသည့်အခါ ကျောက်ကြီးမြို့နယ်ထဲမှ မြို့တစ်မြို့ဖြစ်သော နတ်သံကွင်းမြို့သိမ်းတိုက်ပွဲကို ထပ်မံဆင်နွှဲခဲ့သည်။ ထို့အတူ ကိုးကန့်ဒေသ၏ လောက်ကိုင်တစ်မြို့လုံးနီးပါးကို MNDAA သိမ်းပိုက်နိုင်သောအခြေအနေအထိ ရောက်ရှိလာပြီး၊ ကိုးကန့်ဒေသတစ်ခုလုံးကို MNDAA က ပြန်လည်သိမ်းပိုက်ထိန်းချုပ်နိုင်မည့် အလားအလာ ပိုများလာသည်။
ဒီဇင်ဘာ ၂၈ – ၂၀၂၃ ခုနှစ် ဒီဇင်ဘာလသည် PSLF/TNLA အတွက် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတစ်ခုလုံးနှင့် ဆက်စပ်ဒေသများကိုပါ မြို့သိမ်းတိုက်ပွဲများ ဆင့်ကဲဆင်နွှဲအောင်နိုင်သော Sweet December ဖြစ်လာခဲ့ပြီ ဖြစ်သည်။ ဒီဇင်ဘာ ၁၆ ၊ ၁၉ နှင့် ၂၂ များတွင် နမ့်ဆန်၊ နမ့်ခမ်းနှင့် မန်တုံမြို့အသီးသီးကို သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပြီး၊ စတုတ္ထမြို့ဖြစ်သော ကမ္ဘာကျော် သတ္တုတွင်းရှိသည့် နမ္မတူမြို့ကို PSLF/TNLA သိမ်းပိုက်နိုင်ခဲ့သည်။
SOURCE – MYANMAR NOW