နိုင်ငံရဲ့စီးပွားရေးကျဆင်းနေတာကြောင့်၂၀၂၃ခုနှစ်တစ်နှစ်တာအတွင်းရန်ကုန်တိုင်းမှာအထည်ချုပ်စက်ရုံအများအပြားပိတ်သိမ်းခဲ့ပါတယ်။စစ်အာဏာသိမ်းကာလမှာပြည်တွင်းမှာရှိကြတဲ့အထည်ချုပ်စက်ရုံတချို့ယာယီပိတ်သိမ်းတာနဲ့အပြီးသတ်ပိတ်သိမ်းတာတွေပေါင်းရင်၃၀ဝန်းကျင်ခဲ့ရှိတယ်လို့သိရတယ်။လက်ရှိကာလမှာတော့စက်ရုံပိတ်သိမ်းရင်အလုပ်သမားတွေကိုနစ်နာကြေးမပေးတာများတယ်။စစ်အာဏာသိမ်းထားတဲ့ကာလမှာအလုပ်သမားအခွင့်အရေးချိုးဖောက်ခံရမှုတွေကိုလဲဘယ်သူမှမဖြေရှင်းပေးကြတော့ဘူး။တချို့စက်ရုံတွေဆိုရင်လျော်ကြေးမပေးချင်တော့ယာယီအပိတ်ပြတယ်။ပြီးတော့နာမည်အသစ်နဲ့ပြန်ဖွင့်တယ်။အလုပ်သမားတွေကိုလဲအနိမ့်ဆုံးလုပ်ခလဟာထက်နည်းတဲ့ပမာဏကိုပဲပေးတယ်။အာဏာသိမ်းပြီးနောက်မှာအလုပ်သမားသမဂ္ဂတွေလဲထွက်ပြေးနေရတော့အလုပ်သမားအရေးတွေမလုပ်ပေးနိုင်တော့ဘူး။ဒါ့အပြင်တာဝန်ယူမှု၊တာဝန်ခံမှုမရှိတဲ့ကုန်အမှတ်တံဆိပ်တွေ၊စက်ရုံအလုပ်ရုံပိုင်ရှင်တွေနဲ့ဆိုရင်အလုပ်သမားတွေကကြုံသမျှလည်ဆင်းခံနေရပြီးဘာမှမတတ်သာတဲ့အခြေအနေကိုကြုံနေရတယ်။ဒီလိုအခြေအနေတွေကြောင့်အလုပ်သမားတွေအလုပ်လက်မဲ့ဖြစ်လာကြပြီးတချို့ကတော့ပြည်ပထွက်အလုပ်လုပ်ကိုင်ကြရတာတွေရှိသလိုတချို့ကလဲပြည်တွင်းမှာပဲရရာအလုပ်တွေလုပ်ကိုင်ပြီးနေကြရတယ်။
အောက်တိုဘာ ၀၆၊ ၂၀၂၄။ (တနင်္ဂနွေ)
ဒီရက်ပိုင်းမှာတော့စစ်ကောင်စီဟာအသက်ရှူချောင်နေပါတယ်။စစ်ရေးပိုင်းမှာတရုတ်ဖိအားကြောင့်မြောက်ပိုင်းထိုးစစ်တွေကြီးကြီးမားမားမလုပ်တော့ပဲရပ်တန့်ထားရတယ်။ဒါ့အပြင်ရေဘေးကြောင့်နိုင်ငံရဲ့နေရာဒေသအနှံအပြားမှာလဲတော်လှန်ရေးထက်ကယ်ဆယ်ရေးကိုဦးစားပေးလုပ်နေရတယ်။ နိုင်ငံရေးပိုင်းမှာတော့စစ်ကောင်စီဟာလောလောဆယ်မှာသန်းခေါင်စာရင်းကိုတွန်းကောက်နေတယ်။ပြီးရင်လာမယ့်နှစ်ဒီအချိန်မှာအတုအယောင်ရွေးကောက်ပွဲတစ်ခုပြန်လုပ်ပေးမယ်လို့လေသံပစ်ထားတယ်။ စီးပွားရေးဘက်မှာလဲတရုတ်ကပေးထားတဲ့ယွမ်ငွေတစ်ဘီလီယံကြောင့်လတ်တလောကြုံတွေ့နေရတဲ့ငွေကြေးအကြပ်အတည်းကစစ်ကောင်စီဟာလွတ်မြောက်သွားတယ်။ဒေါ်လာစျေးတွေသိသိသာသာကျလာတယ်။စက်သုံးဆီပြတ်လတ်မှုတွေမရှိသလောက်ဖြစ်သွားတယ်။ဒါပေမယ့်စစ်ကောင်စီပဲအသက်ရှူချောင်တာပါ။သာမာန်ပြည်သူတွေကတော့အရင်အတိုင်းကုန်စျေးနှုန်းကြီးမြင့်မှုတွေနဲ့စီးပွားရေးအကြပ်အတည်းတွေကိုရင်ဆိုင်နေရဆဲပါပဲ။