စစ်တပ်အာဏာသိမ်းပြီး ၃ နှစ်ခန့်အကြာတွင် နိုင်ငံအတွင်းလောင်စာဆီပြတ်တောက်မှုမှာ ၂၀၁၀ နောက်ပိုင်း အဆိုးရွားဆုံး စွမ်းအင်အကျပ်အတည်းကို ကြုံတွေ့နေရသည်။
ပြည်သူများအနေဖြင့် စက်သုံးဆီရရှိရေးအတွက် ဆီဆိုင်များတွင် အချိန်ကြာမြင့်စွာတန်းစီရနေပြီး ဒေသအလိုက် လောင်စာဆီဈေးနှုန်းများလည်း မကြားဘူးသောဈေးနှုန်းသို့ရောက်အောင် ကြီးမြင့်နေသည်။ တချို့ဒေသများတွင် ဓါတ်ဆီတစ်လီတာကို ကျပ် ၃၀,၀၀၀ မှ ၅၀,၀၀၀ အထိမြင့်တက်နေသည်။
ရန်ကုန်၊မန္တလေးစသည့်မြို့ကြီးများတွင်ပြည်သူများမှာ ညဘက်များတွင်ပါဆီဝယ်ရရန် တန်းစီနေရပြီးဆီမှောင်ခိုဈေးကွက်လည်း ပေါ်ပေါက်လာသည်။
စစ်ကောင်စီက ဓါတ်ဆီတင်သွင်းမှုကို ၄၀ ရာခိုင်နှုန်း၊ ဒီဇယ်တင်သွင်းမှုအတွက် ၅၀ ရာခိုင်နှုန်းကို တစ်ဒေါ်လာ ၂၁၀၀ ကျပ်ဖြင့် ဒေါ်လာများထုတ်ပေးခဲ့သော်လည်း ဒီဇင်ဘာ လဆန်းပိုင်းစ၍ ရပ်ဆိုင်းခဲ့သည်။ နိုင်ငံတတစ်ဝန်းတိုက်ပွဲများကြောင့် လေယာဥ်ဆီနှင့် လက်နက်ခံယမ်းများဝယ်ယူရန် ဒေါ်လာလိုအပ်ခြင်း ၊နိုင်ငံတကာပိတ်ဆို့မှုများ ၊ နယ်စပ်ကုန်သွယ်ရေးကျဆင်းမှု၊ ရင်းနှီးမြှပ်နှံမှုကျဆင်းမှုစသည်တို့ကြောင့် စစ်ကောင်စီကိုယ်တိုင်ဒေါ်လာ ရှားပါးလာသဖြင့် ဒေါ်လာထုတ်ရောင်းမှုကိုရပ်တန့်လိုက်ခြင်းဖ့စ်ကြောင်းလုပ်ငန်းရှင်များကသုံးသပ်သည်။
အာဏာသိမ်းစစ်ကောင်စီက နိုင်ငံအနှံရင်ဆိုင်နေရသည့် ခုခံတွန်းလှန်စစ်များကို စစ်ဆင်ရေးဆင်နွဲရန်အတွက် လောင်စာဆီများကို သိုလှောင်ထားခဲ့သည်။ ထိုအပြင် ဆီဆိုင်များတွင် စစ်ကောင်စီအုပ်ချုပ်ရေးအဖွဲ့များအတွက်ဆီလက်ကျန်များခွဲတမ်းချန်ထားရမည်ဟုစစ်ကောင်စီကထုတ်ပြန်ထားသည်။ People’s Spring ၏ စုံစမ်းမှုအရ ပြည်တွင်းစက်သုံးဆီပြတ်လပ်စေသော အကြောင်းအရင်း အနည်းဆုံး အချက်ငါးချက်ရှိသည်ကိုတွေ့ရသည်။
အဓိက အကြောင်းအရင်းမှာ စက်သုံးဆီတင်သွင်းရောင်းချသူများကို စစ်ကောင်စီက ဆီသွင်းရန် ဒေါ်လာ အားယခင် ၂၁၀၀ ကျပ်ဖြင့်ရောင်းချခြင်းကိုညရပ်လိုက်ခြင်း နှင့် ဆီတင်သွင်းပြီး ရောင်းချသောအခါ သတ်မှတ်ဈေးနှုန်းဖြင့် ရောင်းရန် ကန့်သတ်ထားခြင်းကြောင့်ဖြစ်ကြောင်း လုပ်ငန်းရှင်များကပြောသည်။
ဒေါ်လာကို ၂၁၀၀ ကျပ်ဖြင့် ရာခိုင်နှုန်း အများစု ဝယ်ရနေရာမှ ဈေးကွက်ပေါက်ဈေး ဖြစ်သော ၁ ဒေါ်လာ ၃၅၀၀ ကျပ်ဝန်းကျင်ဖြင့် ကုမ္ပဏီများက ကိုယ်ပိုင်အစီအစဥ်ဖြင့်ရှာဝယ်ရသောအခါ အရင်းများလာပြီး တွက်ခြေမကိုက်တော့ခြင်းမှာ အဓိက အကြောင်းရင်းဖြစ်သည်။ ထို့အပြင်စစ်ကောင်စီ၏စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက ဆီဆိုင်များကို သတ်မှတ်နှုန်းအတွင်းသာ ရောင်းချရန်သတ်မှတ်ထားသဖြင့် အရင်းအနှီးပိုများထားသောဆီဆိုင်မျာမှာ တွက်ချေမကိုက်၍ ဆီပိုသွင်းပိုရောင်းလျှင် ပိုရှုံးမည့်အခြေအနေကြောင့် အထူးသဖြင့် ဒေါ်လာဈေးတက်ချိန်များတွင်ဆီမသွင်း ၊မရောင်းကြသဖြင့် ဆီပြတ်လပ်လာကြောင်းလုပ်ငန်းရှင်များက ပြောသည်။
ထိုကြောင့် အထက်ပါအချက် ၂ ချက်မှာ စီးပွားရေးအရတွက်ခြေမကိုက်၍ လုပ်ငန်းရှင်များက ဆီတင်သွင်းရောင်းချမှူလျော့နည်းလာခြင်းဖြစ်သည်။ထိုအပြင် စစ်ကောင်စီက စက်သုံးဆီကို တော်လှန်ရေးအဖွဲ့များထံမရောက်အောင် ကန့်သတ်ထိန်းချုပ်ရန်ကြိုးစားသဖြင့် ဆီပိုရှားပါးလာခြင်းဖြစ်ကြောင်းသိရသည်။ စက်သုံးဆီ ရှားပါးပြတ်လပ်မှုကြောင့် ပြည်သူများ ဆီဝယ်ရရန် ဆီဆိုင်ရှေ့တွင် နာရီပေါင်းများစွာတန်းစီစောင့် ဆိုင်းရပြီး ဒုက္ခများနေခြင်းမှာ တော်လှန်ရေးနှင့် နိုင်ငံရေးအပေါ် စိတ်ဝသ်စားမှုလျော့ကျစေနိုင်သည်ဟုသောတွက်ကိန်းဖြင့် အာဏာလုစစ်ကောင်စီက ပြည်သူများကို တမင် ခက်ခဲကြပ်တည်းအောင် ဆီပြတ်လပ်စေရန် ၊လျှပ်စစ်မီး ပြတ်လပ်စေရန် ရည်ရွယ်ချက်ရှိရှိလုပ်နေခြင်းဖြစ်ကြောင်း လုပ်ငန်း ရှင်နှင့် တော်လှန်ရေးအင်အားစုများက ပြောသည်။ နောက်ဆုံးအချက် စစ်ကောင်စီ၏ စီမံခန့်ခွဲမှု ညံဖျင်းခြင်းကြောင့်ဖြစ်ကြောင်း လုပ်ငန်းရှင်များကပြောသည်။
အထက်ပါ အခြေအနေများကြောင့် ဈေးကွက်အတွင်း လောင်စာပြတ်တောက်မှုသည် ပိုမိုထင်ရှားလာပြီး တိုင်းပြည်သည် ပိုမို နက်ရှိုင်း သော လောင်စာဆီ အကျပ်အတည်း ထဲသို့ ထိုးကျ သွားသည်ဟု စီးပွားရေးလုပ်ငန်းရှင်များကဆိုသည်။ စစ်ကောင်စီတပ်က နိုင်ငံခြားမှ ဆီသင်္ဘောများ ဆိုက်ကပ်နေပြီဟု ဝါဒဖြန့်နေသော်လည်း လောင်စာဆီပြတ်လပ်မှုက ဆိုးဝါးနေဆဲဖြစ်သည်။ နိုင်ငံအတွင်း ဆီလုံလောက်စွာ မတင်သွင်းနိုင်ခြင်းကြောင့်ဆီဆိုင်များကအကန့်အသတ်ဖြင့်သာရောင်းချနေရသည်ဟုဆီလုပ်ငန်းရှင်တစ်ဦးကပြောသည်။ ဆီဖြန့်ဖြူးရောင်းချရာတွင်လည်း မူဝါဒမျိုးစုံပြောင်းလဲနေခြင်းသည်ကလည်း စက်သုံးဆီတင်သွင်းရောင်းချရန် အခက်အခဲများရှိနေသည်ဟုလည်း ၎င်းကသုံးသပ်သည်။
“ဝယ်ယူခွင့်ကျပြီး၃ရက်အတွင်းထုတ်ရမယ်။ ဆီကို နယ်တွေသယ်ရင် မျောစာတွေပါရမယ်။ဒီလိုရှုပ်ထွေးတဲ့ မူဝါဒကြောင့် ဆီက ရှေ့လျောက်ပိုခက်ခဲလာလိမ့်မယ်သဘောရှိတယ်”ဟု ၎င်းကဆက်ပြောသည်။
လက်ရှိ လောင်စာဆီပြတ်တောက်မှုနှင့်ပတ်သတ်ပြီး စစ်ကောင်စီနှင့် စက်သုံးဆီလုပ်ငန်းရှင်များက ဖြေရှင်းနိုင်မည်မဟုတ်ကြောင်းနှင့် လောင်စာဆီပြတ်တောက်မှုသည် နိုင်ငံစီးပွားရေးကို နက်ရှိုင်းစွာ ထိခိုက်လာနိုင်ချေကိုလည်း စစ်ကောင်စီက နားလည်မည်မဟုတ်ကြောင်း ရန်ကုန်အခြေစိုက် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကပြောသည်။
“စစ်တပ်အာဏာသိမ်းပြီးကတည်းက လျှပ်စစ်မီးမရတော့ မီးစက်နဲ့ မောင်းပြီးလုပ်ရတယ်။ ကုန်ကျစရိတ်ကပိုတက်လာတယ်။ အခုက ဒီဇယ်ပါဝယ်မရတော့ဘူး။ဒါတွေက စီးပွား
ရေးလုပ်ငန်းတွေ ရှင်သန်ဖို့ မဖြစ်နိုင်တော့ဘူး”ဟု ၎င်း စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကပြောသည်။
အာဏာသိမ်းပြီးနောက်နိုင်ငံတွင်းလျှပ်စစ်ဓါတ်အားထုတ်လုပ်နိုင်စွမ်းမှာလည်းအလွန်အမင်းလျော့ကျသွားသည်။ ၂၀၂၁မေလတွင် နိုင်ငံအတွင်း လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်မှုသည် မဂ္ဂါဝပ် ၄၀၀၀ခန့်ရှိခဲ့သော်လည်း ယခုနှစ်အတွင်း၂၅၀၀ မှ ၂၆၀၀ မဂ္ဂါဝပ်ကြားသာ ရှိတော့သည်။
လျှပ်စစ်မီးပြတ်တောက်မှုကြောင့် အထည်ချုပ်လုပ်ငန်းများသည် ၂၀၂၂ခုနှစ် နှင့် နှိုင်းယှဥ်လျင်ထုတ်လုပ် စာရိတ် ၃၁ ရာခိုင်နှုန်းပိုများလာသည်ဟု ကမ္ဘာ့ဘဏ်ကအစီရင်ခံစာထုတ်ပြန်ထားသည်။ ထိုကုန်ကျစရိတ်များသည် လျှပ်စစ်အစား လောင်စာဆီသုံးမီးစက်များအသုံးပြုရခြင်းကြောင့်ဖြစ်သည်ဟု ကမ္ဘာ့ဘဏ်ကသုံးသပ်ထားသည်။
လက်ရှိဖြစ်ပေါ်နေသည့် စွမ်းအင်အကျပ်အတည်းသည် နိုင်ငံတကာပိတ်ဆို့အရေးယူမှုများကြောင့် စစ်ကောင်စီထံတွင် နိုင်ငံခြားငွေပြတ်တောက်နေလာသောကြောင့် လောင်စာဆီဝယ်ယူရေးသည် အခက်အခဲ ဖြစ်နေရခြင်းဖြစ်သည်ဟု စီးပွားရေးလုပ်ငန်းရှင်အချို့ကပြောသည်။ စွမ်းအင်အကျပ်အတည်းသည် အာဏာသိမ်းစစ်တပ်၏စီးပွားရေးစီမံခန့်ခွဲမှုလွဲမှားကြောင်းပြသသည့်ဥပမာဖြစ်ပြီးစစ်ကောင်စီပြုတ်ကျနိုင်သည့်အထိကြီးမားသည့်သက်ရောက်မှုရှိနိုင်ကြောင်းအရပ်သားအစိုးရလက်ထက်တွင်ပညာရှင်တစ်ဦးအဖြစ်ဆောင်ရွက်ခဲ့သည့်စွမ်းအင်ပညာရှင်တစ်ဦးကဆိုသည်။လောင်စာဆီတင်သွင်းမှုအတွက်နိုင်ငံခြားငွေပေးချေရန်မရှိခြင်းမှာအမေရိကန်၏ဒဏ်ခတ်ပိတ်ဆို့မှုကြောင့်ဒေါ်လာရှားပါးလားစသည့်အချက်များကြောင့်ဖြစ်သည်ဟု ၎င်းကပြောသည်။ အမေရိကန်က စစ်ကောင်စီအတွက် နိုင်ငံခြားငွေအဓိကရှာဖွေပေးနေသည့် MOGE
( မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း)ရောင်းဝယ်မှုများတွင် ဘဏ္ဍာရေးဆိုင်ရာဝန်ဆောင်မှုများကို ဒဏ်ခတ်ပိတ်ဆို့ခဲ့ခြင်းဖြစ်သည်။
စစ်ကောင်စီက စက်သုံးဆီပြတ်တောက်မှုကို ဖြေရှင်းရန် ဆီသိုလှောင်ခြင်းများကို ကန့်သတ်ခဲ့ပြီး မှောင်ခိုသမားများကို အရေးယူမည်ဟု ခြိမ်းခြောက်ခဲ့သည်။ စစ်ကောင်စီက ဒီဇင်ဘာ ၁၀ ရက်မှစတင်ပြီး ရေနံထွက်ပစ္စည်းများကိုဂါလံ၅၀ထက်သိုလှောင်သယ်ဆောင်ပါကရေနံနှင့်ရေထွက်ပစ္စည်းဆိုင်ရာဥပဒေဖြင့်အရေးယူမည်ဟု ခြိမ်းခြောက်ခဲ့သည်။ထိုဥပဒေအရ ထောင်ဒဏ် ၁ နှစ်ထက်မပိုသောပြစ်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ကျပ် ၃ သိန်းမှ သိန်း ၅၀အထိဖြစ်စေ ချမှတ်မည်ဟု ခြိမ်းခြောက်ထားသည်။ ထိုခြိမ်းခြောက်မှုအတိုင်း အရေးယူနေကြောင်း ဒီဇင်ဘာ ၂၂ရက်တွင် စစ်ကောင်စီဝါဒဖြန့် သတင်းဌာနများက ဖော်ပြခဲ့သည်။ထိုထဲတွင် ဆီတန်းစီပြီး ပြန်လည်ရောင်းချမှု ၂၉ မှု နှင့်ဆီရှိလျက်နှင့်မရောင်းသည့်ဆီဆိုင်နှင့်ဈေးတင်ရောင်းသည့်ဆီဆိုင် ၁၆ဆိုင်ကိုအရေးယူခဲ့သည်ဟု စစ်ကောင်စီက ဆိုသည်။
“စီမံခန့်ခွဲအမှားတွေကို ဖုံးကွယ်ဖို့အရင်နည်းဟောင်းအတိုင်းခြိမ်းခြောက်တာ၊ဖမ်းဆီးတာတွေလုပ်လာတာပါ။ ဒါကလည်းခေတ်အဆက်ဆက်စစ်အာဏာရှင်တွေကျင့်သုံးခဲ့တဲ့နည်းလမ်းတွေပါပဲ။အောင်မြင်ခဲ့တာလည်းမရှိဘူး”ဟု အခြား စီးပွားရေးပညာရှင်တစ်ဦးကပြောသည်။
ထို့အပြင်နိုင်ငံအတွင်း လောင်စာဆီအကျပ်အတည်းသည် စစ်ကောင်စီအတွက် အာဏာချုပ်ကိုင်မှုကို ခြိမ်းခြောက်လာသည့်တိုင် စစ်ကောင်စီက လောင်စာဆီကိုလက်နက်သဖွယ်အသုံးချပြီးလူထုတော်လှန်ရေးကို နှိမ်နှင်းရန်ကြိုးစားနေခြင်းလည်းပါဝင်သည်ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့က သုံးသပ်သည်။
ခုခံတော်လှန်ရေးအားကောင်းလာသည့်နှင့်အမျှ တော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်ထားသည့်နယ်မြေများကို လောင်စာဆီများမရောက်ရေးကို စစ်ကောင်စီက နည်းမျိုးစုံသုံး၍ တားမြစ်လာသည်။
“တော်လှန်ရေးအားကောင်းတဲ့နေရာကိုစစ်ကောင်စီကဆန်နဲ့စက်သုံးဆီတွေမရောက်ဖို့နည်းမျိုးစုံလုပ်နေတယ်။ အခုဆို ဂန့်ဂေါမှာဓါတ်ဆီ တစ်လီတာကို ကျပ် ၁၀၀၀၀ လောက်ရှိနေပြီ”ဟု ဂန့်ဂေါမြို့နယ်၊ တော်လှန်ရေးရဲဘော်တစ်ဦးကပြောသည်။
စစ်ကောင်စီ၏ ပိတ်ဆို့မှုများကြောင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များထိန်းချုပ်ထားသည့်နယ်မြေများတွင် စက်သုံးဆီဈေးမှာ ဓါတ်ဆီတစ်လီတာကို ကျပ် ၅၀၀၀၀ အထိဈေးမြင့်တက်ခဲ့သည့်နေရာများပင်ရှိလာသည်။ အထူးသဖြင့် ကချင်၊ စစ်ကိုင်းနှင့် ရခိုင်ပြည်နယ်တို့တွင် စစ်ကောင်စီက လောင်စာဆီသယ်ယူမှုကို လုံးဝနီးပါးတင်းကြပ်ထားသည်။
“ဆီကို ရန်ကုန်၊မန္တလေး၊နေပြည်တော်ကိုပဲ ဦးစားပေးရောင်းတယ်။ အချို့တိုင်းနဲ့ပြည်နယ်တွေကို ဆီခွဲတမ်းလျော့ပေးနေတယ်”ဟု ဆီလုပ်ငန်းရှင်တစ်ဦးကပြောသည်။
စစ်ကောင်စီက ဆီဆိုင်များ၏ ရောင်း၊ဝယ်သော ငွေစာရင်း ၊ဆီကားအဝင်အထွက် အရောင်းအဝယ်လုပ်သော CCTV မှတ်တမ်းများကိုပါ စောင့်ကြည့်၍ထိန်းချုပ်နေသဖြင့်ဆီဆိုင်များမှာအကန့်အသတ်များစွာဖြင့်လုပ်ကိုင်နေရကြောင်း ဆီဆိုင် လုပ်ငန်းရှင်အချို့ကပြောသည်။ထိုသို့ ကန့်သတ်တင်းကြပ်ထားခြင်းမှာ တော်လှန်ရေးအင်အားစုများထံဆီမရောက်ရန် ကြိုးပမ်းနေခြင်းဖြစ်ကြောင်းလုပ်ငန်းရှုင်အချို့ကပြောသည်။
သို့သော် တော်လှန်ရေးအင်အားစုများစိုးမိုးထားသောနယ်မြေတိုးလာနေပြီး အချို့ဒေသများတွင် ရေနံတွင်း ၊ရေနံချက်လုပ်ငန်းများရှိခြင်း ၊ စက်သုံဆီသယ်ဆောင်သော လမ်းများကို တော်လှန်ရေးအင်အားစုများက ထိန်းချုပ်လာနိုင်၍ စစ်ကောင်စီက တော်လှန်ရေးအဖွဲ့များကို ဆီဖြတ်လိုသောအကြံအစည်မှာအောင်မြင်မည် မဟုတ်ကြောင်း လုပ်ငန်းရှင်အချို့ ကပြောသည်။
နိုင်ငံအတွင်း လောင်စာဆီပြတ်တောက်နေမှုကြောင့် နိုင်ငံစိုက်ပျိုးရေးကဏ္ဍကိုပါ သက်ရောက်လာပြီး စိုက်ပျိုးထုတ်လုပ်ရန်အတွက် ဆီဝယ်ယူရန်ခက်ခဲလာသည်။ စိုက်ပျိုးရေးလုပ်ငန်းများအပေါ် ထိခိုက်လာပါက နိုင်ငံ၏ စားနပ်ရိက္ခာဖူလုံရေးကိုပါ ထိခိုက်လာနိုင်သည်ဟု စီးပွားရေးပညာရှင်တချို့ကဆိုသည်။
“မိုးသီနှံ ရာသီသိမ်းချိန်ဖြစ်သလို ဆောင်းသီးနှံစိုက်ပျိုးရမယ့်အချိန်ဖြစ်ပါတယ်။ဒီချိန်မှာ စိုက်ပျိုးဖို့ စက်ဆီဝယ်မရတာ စိုက်ပျိုးမလွယ်သလို။ နောက်တချိန် စားနပ်ရိက္ခာမလုံလောက်မှုအတွက် ပြသနာရှိလာနိုင်တယ်”ဟု စိုက်ပျိုးရေးပညာရှင်တစ်ဦးကပြောသည်။
အချို့နေရာများတွင် လယ်သမား စပါးရိတ်ရန် စက်သုံးဆီဝယ်ယူရန် ထောက်ခံစာယူရခြင်း၊ ဆီများကို ပုံးများဖြင့် ဝယ်ယူခွင့်မပြုခြင်း စသည့် ကန့်သတ်များရှိလာသည်ဟု တောင်သူအချို့ကပြောသည်။
“နွေစပါးစိုက်ဖို့ ရေတင်ဖို့ ဆီကဝယ်မရဘူး။ တစ်လီတာ၅၀၀၀ (ကျပ်)တောင်ဝယ်မရဘူး”ဟု ဧရာဝတီတိုင်းမှ လယ်သမားတစ်ဦးကပြောသည်။
လက်ရှိစစ်ကောင်စီကလောင်စာဆီပြတ်လပ်မှုအကျပ်အတည်းကိုဖြေရှင်းရန်ဖမ်းဆီးခြိမ်းခြောက်အကျပ်ကိုင်သည့်ဆေးမြီတိုများဖြင့်ကုစားနေသလို၊နိုင်ငံခြားငွေပြတ်လပ်မှုကိုဖြေရှင်းရန်ပြည်ပရောက်မြန်မာလုပ်သားများထံမှ နိုင်ငံခြားငွေများကို အတင်းအကျပ်အခွန်ကောက်ခံလာသည်။ သို့သော်လည်းထိုဖြေရှင်းနည်းများမှာ ဆေးဘက်မဝင်ဘဲ ပြည်တွင်းလောင်စာဆီပြတ်တောက်မှု မှ တဖြည်းဖြည်းအခြေအနေ ပိုမိုဆိုးဝါးလာသည်။
“လောင်စာဆီ ပြတ်တောက်တာကို ရက်ပိုင်းတွင်း မဖြေရှင်းနိုင်ရင်တော့ မင်းအောင်လှိုင်ရဲ့ အာဏာချုပ်ကိုင်မှုကို မကြာခင်လက်လွတ်ရမယ်လို့မြင်တယ်”ဟု အရပ်သားအစိုးရလက်ထက်တွင် ပညာရှင်တစ်ဦးအဖြစ်ဆောင်ရွက်ခဲ့သည့် စွမ်းအင်ပညာရှင်က သုံးသပ်သည်။
ယခုအခြေအနေဖြင့် စစ်ကောင်စီ ဆက်ရှိနေပါက စီးပွားရေးလုပ်ငန်းများ လုံးဝရပ်တန့်သွားနိုင်ပြိး စီးပွားရေးနလံမထူနိုင်တော့မည်မဟုတ်ဟုလည်း အထက်ပါစွမ်းအင်ပညာရှင်က သူ၏ အမြင်ကို ပြောပါသည်။ ။
ဆိုရှယ်မီဒီယာများမှကူးယူဖော်ပြခြင်းဖြစ်ပါသည်။မူရင်းရေးသားသူအားခရက်ဒစ်ပေးပါသည်။