လာမယ့်၂၀၂၄ခုနှစ်မှာဖြစ်ပေါ်လာနိုင်မယ့်အခြေအနေကိုခန့်မှန်းရရင်တော့မြောက်ပိုင်းမဟာမိတ်၃ဖွဲ့ရဲ့၁၀၂၇စစ်ဆင်ရေးဟာဘယ်ထိသွားမလဲဆိုတဲ့မေးခွန်းပေါ်မှာမူတည်နေတယ်။မြောက်ပိုင်းသုံးဖွဲ့ဟာစစ်အာဏာရှင်အမြစ်ဖြတ်ရေးကြွေးကြော်ပြီးစစ်ကောင်စီကိုတိုက်ခိုက်နေပေမယ့်သူတို့ရဲ့သက်ဆိုင်ရာတိုင်းရင်းသားဒေသတွေကိုသိမ်းပိုက်နိုင်ရေးကပထမဦးစားပေးဖြစ်မှာပဲ။အခုဆိုရင်MNDAAကလောက်ကိုင်ကိုဦးတည်တိုက်ခိုက်နေသလိုTLNAကလဲဒီရက်ပိုင်းတွေအတွင်းမှာပဲသူ့ဒေသအတွင်းကမြို့တွေကိုဆက်တိုက်သိမ်းပိုက်နေတယ်။ရခိုင်ပြည်နယ်မှာလဲအေအေကသူ့အတွက်အရေးပါတဲ့ပလက်ဝဒေသကိုရရှိနိုင်ဖို့ကြိုးစားနေတယ်။ခန့်မှန်းရရင်တော့၁၀၂၇စစ်ဆင်ရေးဟာသိပ်မကြာတော့တဲ့အချိန်အတွင်းမှာလောက်ကိုင်နဲ့မူဆယ်ကိုသိမ်းပိုက်နိုင်လိမ့်မယ်။ထိုအချိန်ရောက်ရင်စစ်ကောင်စီရဲ့အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တည်ရှိရာလာရှိုးကိုအရှိန်နဲ့ဆက်သိမ်းမလား၊ခဏရပ်မလားပြောလို့မရသေးဘူး။မြောက်ပိုင်း၃ဖွဲ့အနေနဲ့စစ်ကောင်စီကိုနေပြည်တော်အထိဆက်တိုက်ထိုးစစ်ဆင်မယ်လို့မျှော်လင့်လို့မရပါဘူး။အချိန်တစ်ခုရောက်ရင်ခဏရပ်လိမ့်မယ်ထင်တယ်။
လက်ရှိအချိန်ထိတော့ရှမ်းမြောက်၊ရခိုင်နဲ့ကရင်နီပြည်နယ်ကလွဲလို့တခြားတွေမှာစစ်ကောင်စီကိုထိုးစစ်ဆင်တိုက်ခိုက်နိုင်မှုအခြေအနေဟာသိပ်အားရစရာမကောင်းလှပါဘူး။အထူးသဖြင့်မြန်မာပြည်တောင်ပိုင်ဒေသတွေကိုပြောရမယ်။ရှမ်းမြောက်မှာဒီတလှိုင်းပြီးလို့နောက်တလှိုင်းလာရင်တော့အခြားဒေသတွေကဒီထက်ပိုပြီးပူးပေါင်းနိုင်မယ်ဆိုရင်တော့၂၀၂၄ခုနှစ်အကုန်မှာစစ်ကောင်စီနဲ့တကွစစ်ခေါင်းဆောင်တွေနိဂုံးချုပ်ဖို့ဖြစ်နိုင်လောက်ပါတယ်။
အောက်တိုဘာ ၀၆၊ ၂၀၂၄။ (တနင်္ဂနွေ)
ဒီရက်ပိုင်းမှာတော့စစ်ကောင်စီဟာအသက်ရှူချောင်နေပါတယ်။စစ်ရေးပိုင်းမှာတရုတ်ဖိအားကြောင့်မြောက်ပိုင်းထိုးစစ်တွေကြီးကြီးမားမားမလုပ်တော့ပဲရပ်တန့်ထားရတယ်။ဒါ့အပြင်ရေဘေးကြောင့်နိုင်ငံရဲ့နေရာဒေသအနှံအပြားမှာလဲတော်လှန်ရေးထက်ကယ်ဆယ်ရေးကိုဦးစားပေးလုပ်နေရတယ်။ နိုင်ငံရေးပိုင်းမှာတော့စစ်ကောင်စီဟာလောလောဆယ်မှာသန်းခေါင်စာရင်းကိုတွန်းကောက်နေတယ်။ပြီးရင်လာမယ့်နှစ်ဒီအချိန်မှာအတုအယောင်ရွေးကောက်ပွဲတစ်ခုပြန်လုပ်ပေးမယ်လို့လေသံပစ်ထားတယ်။ စီးပွားရေးဘက်မှာလဲတရုတ်ကပေးထားတဲ့ယွမ်ငွေတစ်ဘီလီယံကြောင့်လတ်တလောကြုံတွေ့နေရတဲ့ငွေကြေးအကြပ်အတည်းကစစ်ကောင်စီဟာလွတ်မြောက်သွားတယ်။ဒေါ်လာစျေးတွေသိသိသာသာကျလာတယ်။စက်သုံးဆီပြတ်လတ်မှုတွေမရှိသလောက်ဖြစ်သွားတယ်။ဒါပေမယ့်စစ်ကောင်စီပဲအသက်ရှူချောင်တာပါ။သာမာန်ပြည်သူတွေကတော့အရင်အတိုင်းကုန်စျေးနှုန်းကြီးမြင့်မှုတွေနဲ့စီးပွားရေးအကြပ်အတည်းတွေကိုရင်ဆိုင်နေရဆဲပါပဲ။