စက်မှုဇုံတွေကိုဖြန့်ဖြူးပေးနေတဲ့စက်သုံးဆီခွဲတမ်းကိုစစ်ကောင်စီကမပေးတော့ဘူးလို့ထုတ်ပြန်လိုက်ပါတယ်။အဲ့ဒီအစားစက်မှုဇုန်တွေကလုပ်ငန်းရှင်တွေကိုယ်တိုင်စက်သုံးဆီတင်သွင်းခွင့်ပြုမယ်တဲ့။စစ်ကောင်စီပြောတဲ့နည်းလမ်းဟာစက်မှုဇုန်ကလုပ်ငန်းရှင်တွေအတွက်အဆင်မပြေနိုင်ပါဘူး။သူတို့တွေဟာဆီတင်သွင်းရောင်းချသူတွေမဟုတ်တဲ့အတွက်ကိုယ်တိုင်တင်သွင်းဖို့အခက်အခဲတွေရှိလာနိုင်တယ်။စစ်ကောင်စီကလျှပ်စစ်ဓာတ်အားအလုံအလောက်မပေးနိုင်တဲ့အခြေအနေမှာစက်မှုဇုံတွေဟာမီးစက်သုံးပြီးလည်ပတ်နေရတာပါ။အခုတော့မီးစက်အတွက်ဆီရဖို့တောင်အခက်အခဲဖြစ်လာနေပြီ။စစ်ကောင်စီဟာစက်သုံးဆီအတွက်သူတို့ထုတ်ပေးနေရတဲ့ဒေါ်လာတွေကိုလျော့ချနိုင်ဖို့အခုလိုလုပ်လိုက်တာပဲ။
ထိုဂယက်ကြောင့်ပဲရန်ကုန်မြို့ကစက်သုံးဆီအရောင်းဆိုင်တွေမှာဒီနေ့ညနေကစပြီးဆီပြတ်လတ်မှုတွေပြန်လည်ဖြစ်ပေါ်လာတယ်။တချို့ဆိုင်ကြီးတွေဆိုနေ့လည်ထဲကဆီမရှိတော့ဘူးဆိုပြီးပိတ်ထားကြတယ်။ညနေပိုင်းဆီဆိုင်တွေမှာတန်းစီနေတဲ့ကားတန်းကြီးတွေကိုပြန်လည်မြင်တွေ့လာရတယ်။
အောက်တိုဘာ ၀၆၊ ၂၀၂၄။ (တနင်္ဂနွေ)
ဒီရက်ပိုင်းမှာတော့စစ်ကောင်စီဟာအသက်ရှူချောင်နေပါတယ်။စစ်ရေးပိုင်းမှာတရုတ်ဖိအားကြောင့်မြောက်ပိုင်းထိုးစစ်တွေကြီးကြီးမားမားမလုပ်တော့ပဲရပ်တန့်ထားရတယ်။ဒါ့အပြင်ရေဘေးကြောင့်နိုင်ငံရဲ့နေရာဒေသအနှံအပြားမှာလဲတော်လှန်ရေးထက်ကယ်ဆယ်ရေးကိုဦးစားပေးလုပ်နေရတယ်။ နိုင်ငံရေးပိုင်းမှာတော့စစ်ကောင်စီဟာလောလောဆယ်မှာသန်းခေါင်စာရင်းကိုတွန်းကောက်နေတယ်။ပြီးရင်လာမယ့်နှစ်ဒီအချိန်မှာအတုအယောင်ရွေးကောက်ပွဲတစ်ခုပြန်လုပ်ပေးမယ်လို့လေသံပစ်ထားတယ်။ စီးပွားရေးဘက်မှာလဲတရုတ်ကပေးထားတဲ့ယွမ်ငွေတစ်ဘီလီယံကြောင့်လတ်တလောကြုံတွေ့နေရတဲ့ငွေကြေးအကြပ်အတည်းကစစ်ကောင်စီဟာလွတ်မြောက်သွားတယ်။ဒေါ်လာစျေးတွေသိသိသာသာကျလာတယ်။စက်သုံးဆီပြတ်လတ်မှုတွေမရှိသလောက်ဖြစ်သွားတယ်။ဒါပေမယ့်စစ်ကောင်စီပဲအသက်ရှူချောင်တာပါ။သာမာန်ပြည်သူတွေကတော့အရင်အတိုင်းကုန်စျေးနှုန်းကြီးမြင့်မှုတွေနဲ့စီးပွားရေးအကြပ်အတည်းတွေကိုရင်ဆိုင်နေရဆဲပါပဲ။