အခုရက်ပိုင်း တော်လှန်ရေးနဲ့ပတ်သတ်တဲ့ တက်ကြွလှုပ်ရှားသူတွေ၊ ရဲဘော်တွေနဲ့ စကားပြောဖြစ်တိုင်း အများစုက ပျော်နေကြတော့ အပျော်တွေကူးရတယ်။ အမှန်တော့ ကိုယ်လည်းပျော်တာပါပဲ။ မြောက်ပိုင်း မဟာမိတ်ညီနောင် သုံးဖွဲ့နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေက စခန်းကုန်းတွေသိမ်းပြီး လက်နက်တွေ ရလိုက်ပြန်ပြီ၊ တင့်ကားကြီးတွေပါရလာပြန်ပြီဆိုပျော်ရ။ ကရင်နီက ရဲဘော်တွေက လေယျာဉ်ကြီး ပစ်ချလိုက်နိုင်ပြန်ပြီဆို ပျော်ရနဲ့၊ ပျော်ရတာနဲ့ကို အားရတယ်မရှိဘူး။
တခါတလေကြတော့လည်း ကိုယ်တွေမှာ သူတို့လောက်မစွမ်းဆောင်နိုင်တော့ အားငယ်ရတာပေါ့။ သူများတွေတော့ သိမ်းနေကြတာ ဟောတခု၊ ဟောတခုပဲ ငါတို့လည်း တက်နိုင်သမျှ ချပေမဲ့ အင်္ဂလိပ်ကားထဲက လို ဇာတ်သိမ်းခန်းမို့ရောက်ရင် မင်းသားက ကျည်ကုန်သွားပြီဆိုတာမျိုးချည်း ဖြစ်နေတော့လည်း ဘယ်တက်နိုင်ပါ့ မလဲ၊ ငါတို့လည်း ဒီလအတွက်တော့ ထောက်ပို့ ရေယာဉ် ကိုးစီးသိမ်းထားနိုင်ပါတယ်။ တနေ့တော့ ငါတို့လည်း န.မ.ခ ကြီးတခုလုံးဝင်သိမ်းပြီး ဒီ ဖက်ဆစ် မိစ္ဆာတွေကို ဆုံးမနိုင်မှာပါ ဘာညာနဲ့ပဲ အချင်းချင်း ဖြေသိမ့်ရတာပေါ့။
အင်္ဂလိပ်အက်ရှင်ကားတွေထဲဆို နောက်ဆုံးခန်းမို့ရောက်ရင် မင်းသားနဲ့ လူဆိုးမျက်နှာချင်းဆိုင်တွေ့ နှစ်ယောက်လုံးကျည်ကုန်၊ အင်္ကျီချွတ်၊ ဗလပြပြီး လက်သီးနဲ့ ဆက်ထိုးကြပေမဲ့ အပြင်မှာကြ အဲ့လိုမဟုတ်ဘူးဗျ။ ကျွံလာတဲ့ ဆယ်ယောက်ကျော် လောက်ရှိတဲ့အဖွဲ့ကို ခုနစ်ယောက်ရှစ်ယောက်လောက် ပုံအောင်ဆော်ပြီးမှ ကျည်နည်းလာလို့ ပစ်အားကျလာရာကနေ တဖြည်းဖြည်းချင်း ပစ်အားမမျှတော့ ကိုယ့်လူတွေပါ ထိခိုက်ဒါဏ်ရာရ ဖြစ်လာလို့ ဆင်ပြောင်ကြီး အမြီးကျမှ တစ်ပြီး ပြန်ပြေးလာရတာတွေလည်းရှိတာကိုး။
အဓိက ပြောချင်တာက အခုလက်ရှိအခင်းအကျင်းအရ မြောက်ပိုင်းညီနောင်သုံးဖွဲ့ဦးဆောင်တဲ့ ၁၀၂၇ စစ်ဆင်ရေးကနေစပြီး ကျန်တဲ့ တိုင်းတွေ ပြည်နယ်တွေက တော်လှန်ရေးအင်အားစုတွေကပါ စိတ်အားတက်ကြွလာပြီး ဝိုင်းဆော်ကြတာကြောင့် စစ်ကောင်စီဟာ မထင်မှတ်ဘဲ အတော်ကြီး အထိနာခဲ့တယ်။
သူတို့ဟာ ဘယ်လောက်အထိ အထိနာခဲ့လဲဆိုတော့ သူတို့အချင်းချင်းကို ဂျင်းပြန်ထည့်တဲ့ ရတဲ့အခြေအနေထိ ကိုအထိနာခဲ့တယ်။ သူတို့အချင်းချင်း ဂျင်းပြန်ထည့်တယ်ဆိုတာက လေယျာဉ်စစ်ကူပေးမယ်ပြောပြီး မရောက်လာတာလောက်ကို ပြောတာမဟုတ်ဘူး။ စနစ်တကျ သင်္ချာတွက်ပြီးကို ဂျင်းထည့်တာမျိုးကိုပြောတာ။
ဘာလဲဆိုတော့ သူတို့လူတွေကို သူတို့ပြောတာ အခု သူတို့ကျထားတာ စခန်း ၁၅၀ ကျော်ပြီပေါ့။ အဲ့တော့ အဲ့စခန်းတွေကို ERO/PDF ပူးပေါင်းတပ်တွေက ထိန်းချုပ်ထားဖို့ စခန်း တခု လူနှစ်ဆယ်နှုန်းနဲ့ ထားမယ်ဆိုရင်ပဲ လက်နက် အပြည့်အစုံနဲ့ အင်အား သုံးထောင်လိုမယ်ပေါ့။ တခြား ဘာညာ တွေပါထည့်တွက်မယ်ဆို ဒီ့ထက်အင်အားလိုမှာဆိုတော့ ERO/PDF တွေမှာ ရှေ့တန်းထွက်ဖို့ လူသူလက်နက် မရှိတော့ဘူး။ အဲ့လိုဖြစ်အောင် စခန်းတွေနဲ့ မြို့တွေကို တမင် ’ဟ’ ပေးလိုက်တာဆိုတဲ့ သောက်ကျိုးနည်း ဝက်ဝက်ကွဲ အတွေးအခေါ်ကြီးပဲ။
မောင်သိန်းဇော်ရဲ့ ‘ဒီ့ထက်ပိုဝေးလည်း ဒီ့ထက်ပိုမဝေးတော့ပါဘူး’ ဆိုတဲ့ ကဗျာစာသား လိုပဲ အဘုရဲ့ ‘ဒီ့ထက်ပိုရှုံးလည်း ဒီ့ထက်ပိုမရှုံးတော့ပါဘူး’ ဂျင်းပေါ့။ ရုတ်တရက်ကြည့်ရင် တော်တော် ရယ်စရာကောင်းတဲ့ ဂျင်းပေမဲ့ အဲ့ဒါဟာ အောက်ခြေက စာကလေးဦးနှောက်နဲ့ ကောင်တွေလောက်ကို ဂျင်းထည့် ဖို့ သုံးတာဖြစ်ပြီး တကယ်မှာတော့ သူတို့ အချင်းချင်းပြန်မေးနေတဲ့ မေးခွန်းဖြစ်တယ်။
တိုင်းနဲ့ပြည်နယ် ဆယ့်လေးခု ပြည်ထောင်စုနယ်မြေတခု၊ ပေါင်းဆယ့်ငါးခုမှာ အကြောင်းကြောင်းကြောင့် ဧရာဝတီတိုင်း တခုကလွဲရင် ကျန်တဲ့ ပြည်နယ်နဲ့တိုင်း ဆယ့်သုံးခုနဲ့ ပြည်ထောင်စုနယ်မြေဆိုတဲ့ နေပြည်တော်နယ်မြေထဲမှာပါ တိုက်ပွဲတွေဖြစ်ကြတယ်။ နေရာ အနှံအပြားမှာ စခန်းသေးလေးတွေကစလို့ အရေးပါလှတဲ့ နယ်စပ်မြို့တော် တွေထိ အသိမ်းခံ အပိတ်ဆို့ခံ ထားရတာတွေရှိတယ်။ ဒီတော့ ERO/PDF ပူးပေါင်းတပ်တွေက စိတ်ကောင်းဝင်ပြီး လာပါသိမ်းထားသမျှ အကုန် ပြန်ပေးမယ်ဆိုတောင် သူတို့မှာ ဒီလောက်စခန်းတွေ အများကြီးကို လူအင်အား ပြန်ဖြည့်တင်းဖို့ ရှိလားပေါ့။
နောက်ပြီးအရင်လို အင်အားဆယ်ယောက်၊ အယောက်နှစ်ဆယ်နဲ့ ဆိုရင်တော့ ဒီလိုပဲ လာဝုန်းရင် အဗြုန်းခံရယုံ ဆိုတာကလည်း ဗေဒင်မေးရင် မှ ဆန်ကုန်နေ ဦးမယ်ဆိုတော့ စကစ အတွက်အကြီးအကျယ် ခေါင်းကိုက်စရာ ပြဿနာ ဖြစ်လာတယ်။ ခုလက်ရှိအချိန်အထိ စာရင်းအရဆို စခန်းပေါင်း နှစ်ရာကျော်နဲ့ မြို့ပေါင်း ဆယ်မြို့ ဝန်းကျင်ဆိုတော့ အနည်းလေး အင်အား ငါးထောင်ကနေ သောင်းဂဏန်းထိ လိုနိုင်တာကြောင့် အင်းအားပြန်ဖြည့်တင်းဖို့ရာ မဖြစ်နိုင်သလောက်ပဲပြောရမယ်။
ဒါပေမဲ့ ဒီနေရာမှာ အဘုတို့ဟာ အရမ်းတော့ မညံ့ဘူးဆိုရမယ်။ တပ်ရင်းလိုက်လက်နက်ချတာတွေ ဖြစ်ပြီးရက်ပိုင်း အတွင်းမှာပဲ သူတို့ရဲ့ ဆုတ်ခွာ/စစ်ဆင် အမည်ခံ မနိုင်ရင်ပြေး နည်းဗျူဟာကို ချက်ချင်းလက်တွေ့ အကောင်အထည်ဖော်ဖို့ ညွှန်ကြားလိုက်တယ်ဆိုရင်ပဲ ငိုချင်ရက်လက်တို့ ဖြစ်ပြီး တချိန်က သတ္တိရှိရင်ထွက်ခဲ့ ဆိုတဲ့ မဟာသတ္တိခဲတွေဟာ စခန်းတွေစွန့် ခွာပြီး တန်းနေအောင်ပြေးတော့တယ်။
ဒါဟာ ရုတ်တရက်ကြည့်ရင် အားတက်စရာ ပျော်စရာလို့ ထင်ရပေမဲ့ အမှန်တကယ်တမ်းမှာ ကောင်းလှတဲ့ လက္ခဏာလို့တော့မထင်လှဘူး။ ဘာဖြစ်လို့လဲဆိုတော့ အခုလောက်ဖြစ်နေတဲ့အချိန်ထိ လက်နက်ချပြီး ပြည်သူ့ဘက် ပြောင်းဖို့ထက် ‘ငါတို့ အသေခံစရာ မလိုဘူးဆို အာဏာရှင်လက်အောက်မှာပဲ နေပြီး ပြည်သူကို ရသမျှ အနိုင်ကျင့်မယ်’ ဆိုတဲ့ စိတ်ဓါတ်မျိုးနဲ့ကောင်တွေ အများအပြားဟာ စကစ လက်အောက်ထဲမှာ ရှိနေသေးတယ်လို့ တွေးချင် တွေးလို့ ရလို့ပဲ။
နောက်ပြီး သူတို့လုပ်တဲ့ထဲမှာ နည်းနည်းကောင်းသွားတာ တကွက်က ဘာလဲဆိုတော့ အခြေအနေမကောင်းတဲ့ ရှေ့တန်း စခန်းတွေကို မြို့ပေါ်က စခန်းတွေ၊ တပ်တွေနဲ့ ပေါင်းခိုင်းလိုက်တဲ့အခါ ရှေ့တန်းကကောင်တွေကလည်း နောက်တန်း ပြန်ရသလိုဖြစ်ပြီး ပြည်သူကို အနိုင်ကျင့်လို့ရတဲ့ ခွဲတမ်းငါတို့လည်း ရတော့မယ် ဆိုပြီးပျော်ကြတာလေးကလည်း အဘုတို့ သက်ဆိုး ရှည်အောင် စောင့်ရှောက်ပေးမယ့် စစ်ခွေးလေးတွေနဲ့ အဘုတို့နဲ့ ကီးကိုက်သွားတဲ့ တချက်ပေါ့။
အဘုတို့ စတန်းဒက် အာမီဆိုတာကြီးကလည်း ခုချိန်ထိ ရှေ့တန်းဆို ဟင့်အင်း၊ ဂိတ်စောင့်ဆို ချက်ချင်း စနစ်နဲ့ စားခွက်လုနေကြတုန်း အခြေအနေတွေဆိုတော့ ခုလို နောက်တန်းပြန်ရတာလေးကြ စစ်ခွေးလေးတွေအတွက် တမျိုးပျော်စရာကောင်းသွားတာပေါ့။
ဆက်ရရင် သူတို့ချင်းသာ သူတော်ချင်းချင်း သီတင်းလွေ့လွေ့ ဖြစ်နေကြပေမဲ့ ကျွန်တော်တို့ အတွက်ကြ တိုင်းပြည်မှာ ဒီလောက် လူ့အမှိုက်တွေ ၊ အတွေးအခေါ် အောက်တန်းကျသူတွေ ကျန်နေသေးတာမျိုးကြတော့ ရှေ့ရေးမှာပွဲဆက်ရှည်ဖို့ပဲများတော့ မကောင်းဘူးပဲ တွေးမိတာပဲ။
တဆက်တည်းမှာပဲ အဘုတို့က တိုက်ပွဲအခြေအနေ အရမ်းပြင်းထန်တဲ့ ရှမ်းမြောက် နောင်ချို ကျောက်မဲ၊ စတဲ့ ဒေသတွေမှာ လက်ရုံးတပ်တွေ ထိုးကျွေးပြီး နောက်မှာ ခုဏက ပြန်ပြေးလာတဲ့ ဘမျိုးဘိုးတူ ချိုနဲ့ ကားကား မိမဆုံးမ၊ ဖမဆုံးမ၊ အမိုက်ရိုင်းတုံးကောင်တွေနဲ့ ခံစစ်စပြင်ပါတယ်။
ဘာကြောင့် ခံစစ်ပြင်နေတယ်ပြောနိုင်လဲဆိုတော့ ခုချိန်ထိ တိုက်ပွဲကြီးကြီးမားမား ဖြစ်တယ်မကြားသေးတဲ့ နောက်တန်း အထိုင်တပ်ရင်းတွေ၊ ရဲစခန်းတွေ အကုန်လုံးမှာ ဒရုန်းဗုံးသီးများ ခံနိုင်ရည်ရှိသော အဆင့်မြင့် ကတုတ်ကျင်းများ တူးကြရန်လို့ သေချာ ပုံတွေစာတွေနဲ့ စနစ်တကျ ညွှန်ကြားပြီး အောက်ခြေရဲ့ ဖော်ဆောင်မှုကို ကြည့်တဲ့အခါမှာလည်း အလွန် အားတက်သရောရှိတာကိုတွေ့ရတယ်။
ဥပမာ ခေတ်သစ်မှာ ဖတ်လိုက်ရတာပြန်ပြောပြမယ်။ တိုက်ပွဲကြီးကြီးမားမားဖြစ်တာ မရှိသေးဘူးလို့ ပြောရမယ့် ပြည်၊ ပန်းတောင်းက က.ပ.စ ၆ နဲ့ လေကြောင်းရန် ကာကွယ်ရေးတပ်က ကတုတ်ကျင်းတူးဖို့ ဘက်ဟိုး လိုက်ငှားကြတယ်တယ်တဲ့။ အဲ့မှာ က.ပ.စက တနေ့ငါးသိန်းပေးပြီးခေါ်တာကို ဘေးက လေကြောင်းကာကွယ်ရေးတပ် ၊ ပြည်ပနိုင်ငံတွေက တိုက်လေယျာဉ်ကြီးတွေ၊ ဗုံးကျဲလေယျာဉ်ကြီးတွေလာရင် ခုခံရပါမယ်ဆိုတဲ့တပ်က၊ ကျုပ်တို့သုံးတဲ့ လွန်ရောမှ ဒေါ်လာ သောင်းဂဏန်းတန် ဒရုန်းနဲ့ ဗုံးချခံရမှာ ကြောက်လို့ သူတို့ အရင် တူးပေးပါဆိုပြီး တနေ့ ခြောက်သိန်းပေးခေါ်သတဲ့။ အဘုတို့က မရဘူး စိတ်ကြီးတယ် အချင်းချင်းတောင် ကျင်းပါ လုတူးပစ်တာ။
ရယ်စရာကောင်းပေမဲ့ ပျော်စရာတော့ မကောင်းလှဘူး။ ဘာလို့ ပျော်စရာ မကောင်းလဲဆိုတော့ စောက်ဘုဟာ ကျွန်တော်တို့ ထင်သလောက် မတုံးလို့ပဲ။ သူဟာ သူ့တပ်တွေကို ထွက်ပေါက်မပေးဘဲ ဒီအတိုင်း ဆက်ပြီးတိုက်ခိုင်းနေမယ်ဆို Domino Effect နဲ့ တင်ကို နေ့ချင်းညချင်းပြောင်တော့မယ်ဆိုတာ သိတဲ့အခါ အကုန်လုံးကိုပြေးပြီးနောက်တန်းပြန်ပေါင်းခွင့်ပြုလိုက်တယ်။ တပြိုင်ထဲမှာပဲ သူတို့ စစ်လက်နက် စက်ရုံတွေများဆုံးရှိတဲ့ ဒေသ ပြောရမယ့် ပဲခူးတိုင်းနဲ့ မကွေးတိုင်း ဧရာဝတီမြစ်ကမ်းဘေးက ဒေသတွေမှာ အသေအချာ ခံစစ်ပြင်လာတယ်။
ဒီတော့ ကျွန်တော့် ဉာဏ်မီသလောက်လေးနဲ့ ဆက်စပ်ကြည့်တဲ့အခါ စောက်ဘုဟာ ဒီအတိုင်းဆက်တိုက်ရင် စစ်မနိုင်နိုင်၊ ဆုံးရှုံးပြီးသားနယ်မြေတွေလည်း ပြန်ပေးတောင် မစိုးမိုးနိုင်ဆိုတော့ သူ့အတွက်ဗျူဟာမကျ ၊ အကျိုးမရှိဘဲ ဝန်သက်သက် ဖြစ်နေတဲ့ နယ်မြေတွေကို ခံစစ်ပြင်လို့ ပြီးတာနဲ့ စွန့်လွှတ်ပစ်မယ်။ တဖက်မှာတော့ သူတို့ လက်နက်စက်ရုံတွေရှိတဲ့ ပဲခူးတိုင်း၊ မကွေးတိုင်း နယ်မြေတွေထဲမှာ အသေချာ ခြေကုပ်ယူမယ်။ ဆန်၊စပါး၊ ရိက္ခာလည်းထွက်၊ ကျည်း၊ ရေ၊ လေ သုံးကြောင်းလုံးနဲ့ ညှပ်တိုက်လို့ရပြီး သူတို့ ခြေကုပ်လည်းကောင်းကောင်းရထားတဲ့ ဧရာဝတီတိုင်းလိုမျိုးကိုလည်း ခြေကုပ်ထည့်ယူထားမှာပါပဲ။
မြို့ကြီးတွေဖြစ်တဲ့ ရန်ကုန်၊ မန်းလေး၊ နေပြည်တော် စတဲ့နေရာတွေကတော့ သူတို့ အဆင့်ဆင့် ပြည်သူကိုစိတ်ကြိုက်ငွေညှစ်လို့ရမယ့် ငွေတွင်းကြီးတွေအဖြစ်တမျိုး၊ စစ်အတွင်းမှာ ဓါးစာခံတွေအဖြစ် အသုံးပြုဖို့ တဖုံကြံထားပုံပဲ။
အခုရက်ပိုင်းရန်ကုန်လို မြို့ကြီးတွေမှာ ညဘက်တွေအထိ ပြန်ထွက်ခွင့်ပေးပြီး မိုးမှမချုပ်ခင် ဆယ်ကျော်သက်ကလေးတွေ ပျောက်ကုန်တာ၊ တချို့ ငွေပေးပြီး ပြန်ရွေးရတာတွေကြည့်ရင် စောက်ဘုတို့အဖွဲ့ဟာ ကျွန်တော်ထင်သလို တက်နိုင်သမျှ အကျင့်ဆက်ယုတ်ဖို့ အစီအစဉ် သေချာဆွဲပြီးပြီဆိုတာ သေချာသလောက်ပဲပြောရမယ်။
အဲ့လိုဖြစ်လာခဲ့ရင်ကျ ဝမ်းသာရမလိုလိုနဲ့ စိတ်ညစ်ရဖို့ကများတယ်။ ဘာကြောင့်လဲဆိုတော့ စောက်ဘုဟာ သူ့ခံစစ်ကို အထိုင်ကျပြီဆိုတာနဲ့ သူမထိန်းချုပ်နိုင်တဲ့နေရာတွေကို စွန့်လွှတ်ပစ်မှာဖြစ်တဲ့အတွက် ကျွန်တော်တို့ တော်လှန်ရေး ရဲဘော်တွေအနေနဲ့ နယ်မြေတွေကိုမြန်မြန်သိမ်းနိုင်မယ်။ ဒါကတော့ ဝမ်းသာစရာပေါ့။
ဝမ်းသာစရာမကောင်းတက ရန်သူဟာ တစုထဲ မြို့တွေပေါ် စုနေတဲ့အခါ တော်လှန်ရေးရဲဘော်တွေ အတွက် ထိုးစစ်ဆင်ဖို့ ခက်ခဲတဲ့ အခြေအနေနဲ့ ကြုံရနိုင်တယ်။ အစက ပြောခဲ့သလို မြို့ကြီးတွေသိမ်းတဲ့ အချိန်မှ လက်နက်ခဲယမ်းမလုံလောက်လို့ တပ်ပြန်ဆုတ်ရမယ်ဆို မြို့တွေ၊ ပြည်သူတွေ၊ ပြည်သူ့ ရဲဘော်တွေ အကုန်နာမှာပဲ။ ပွဲရှည်ရင် ရှည်သလောက် ပိုခံကြရမှာပေါ့။
လက်ရှိကျွန်တော်တို့ ပတ်ဝန်းကျင် အခြေအနေကိုပဲ ပြောပြရရင် ကနီနယ်ထဲမှာဆို အရင်ကလို စစ်ကြောင်း မထိုးတာကြာပြီ။ စစ်ကြောင်းမထိုးတော့ ဘာဖြစ်တုန်းဆို ချမရဘူးလေ။ စစ်ကြောင်းထိုးလာရင်ကြ ကိုယ့်ခွင်ထဲအထိရောက်အောင် စောင့်ပြီးမှလုပ်လည်းရတယ်ဆိုတော့ လက်နက်နည်းလည်း စိတ်ရှည်လို့ကတော့ အဆင်ပြေတာပဲ။
ခုကြ သူတို့က စစ်ကြောင်းမထိုးတဲ့အပြင် အခြေအနေ မကောင်းဘူးထင်ရင် စခန်းစွန့်ပြီး ကြိုတောင် ရှောင် ထားလိုက်သေးတယ်။ ဆိုတော့ကား ပြောက်ကျားဗျူဟာ သုံးမရတော့ဘဲ စခန်းတွေကို လက်နက်လူသူ သာလွန်အင်အားနဲ့ ဝိုင်းဝုန်းနိုင်မှ အဆင်ပြေမှာမျိုးဆိုတော့ လူကတော့ ရှိပါရဲ့၊ လက်နက်လေးတော့ နည်းနည်းပါးပါးပေါ့နော် ၊ကျည်ကတော့ နဂိုထဲက ပွဲထဲမှရောက်မှ လျှောက်ပတ်ချေးရတဲ့ အခြေအနေဆိုတော့ ခုလို အင်တိုက်အားတိုက် ဝင်လုံးရမယ့် ကိစ္စမျိုးမှာ ဘယ်လိုဝင်လုံးရမှန်းမသိဘဲ အားလုံးကြောင်ပျောက်ကြတာပါပဲ။
သည်တော့ မြေပြင်ရဲဘော်တွေကစလို့ ဟိုးနိုင်ငံရပ်ခြားကနေ ထောက်ပို့တပ်သားလုပ်နေရတဲ့ တော်လှန်ရေး ရဲဘော် ရဲဘက်တွေကို နည်းနည်းသတိလေးပေးချင်တာက ပန်းတိုင်မရောက်ခင် တတ်မထောင်မိကြဖို့ပါ။ ၁၀၂၇ စစ်ဆင်ရေးဟာ ကျွန်တော်တို့ အရမ်းမျှော်လင့်ခဲ့ရပြီး ရန်သူကို ထိုးစစ်ဆင်နိုင်တဲ့ Comeback Point ဆိုပေမဲ့ Comeback တော့ မဟုတ်သေးပါဘူး။ ကျွန်တော်တို့ တော်လှန်ရေး အင်အားစုတွေဟာ တန်ပြန် ထိုးစစ်ဆင်လာနိုင်ပြီဆိုတာ ဟုတ်ပေမဲ့ ရန်သူကို လုံးလုံးအနိုင်ရဖို့ကတော့ သိပ်ပြီးနီးသေးတယ်မထင်ပါဘူး။
ဘာကြောင့်ဆို စစ်လက်နက် စက်ရုံ အရုံ နှစ်ဆယ်ကျော်၊ သုံးဆယ် လောက်နဲ့ မြို့ကြီးတွေပေါ်ကနေ အပီအပြင် အခိုင်အမာ ခုခံမယ့် ခုခံစစ်ကို ကျွန်တော်တို့ တခါမှ ထိုးစစ်မဆင်ဖူးလို့ပါ။ တခြားလူတွေတော့ မသိပေမဲ့ ကျွန်တော့် ကိုယ်တွေ့ အတွေ့အကြုံအရဆို သင်တန်းတက်တုန်းက ERO က သင်တန်းမှုးကပြောတယ်။ မြို့ပေါ်ဆို မင်းတို့ ဦးဆောင်တိုက်မှ ရမယ်ထင်တာပဲ။ ငါတို့နဲ့ကျ အဆင်ပြေပါ့မလားမသိဘူးတဲ့။ ဒီကကောင်က မတတ်လို့ သူတို့ဆီလာသင်ပါတယ်ဆိုမှ မင်းတို့ ဦးဆောင်ဆိုတော့ နောက်များနေသလား တွေးပေမဲ့ အမှန်တော့ သူတို့ကလည်း မြို့ပေါ်ရောက်ပြီဆိုတာနဲ့ ၊ မြို့သားတွေ တောထဲရောက်သွားသလို အကုန် တလွဲတွေဖြစ်တဲ့လူက အများစု ဆိုတော့ သူတို့ဘာသာ ယုံကြည်ချက်သိပ်မရှိချင်တာနဲ့ပြောတာ။
ဒီမှာပြောလိုရင်းက ငါတို့နိုင်နေတယ် မကြာခင် မြို့ကြီးတွေပါ သိမ်းကြတော့မှာဆိုပြီး ရိုးသား ကြိုးစား ရောပျော် အဖြူရောင် မေမေ့သားလေးတွေ အဆင့်မှာရပ်မနေကြဘဲ တက်နိုင်ရာဘက်က ဝင်ရောက်ထောက်ပို့ ကြဖို့လိုပြီဆိုတာပဲ။ ရန်ကုန်၊ မန်းလေးလို မြိုကြီးတွေမှာ ဖြစ်မယ့် စစ်ပွဲအတွက် စ.က.စ ဘက်ကိုပဲ ကြည်ကြည့် ၊ တော်လှန်ရေးဘက်သား တွေဘက်ကိုပဲ ကြည့်ကြည့် မြန်မာပြည်မှာ ဒီလောက်မြို့ကြီးတွေကိုမှ အများကြီး ဆက်တိုက်သိမ်းဖူးတဲ့ အတွေ့အကြုံ ဘယ်သူမှာမှ မရှိတဲ့အတွက် ဘာဖြစ်မယ်ဆိုတာ ခန့်မှန်းလို့ မရနိုင်သလောက်ပါပဲ။
အမှန်တော့ အခုဖြစ်စဉ်တခုလုံးဟာ ကျွန်တော်တို့ မြန်မာ နိုင်ငံသမိုင်းမှာကို တခါဆို တခါမှ မရှိဖူးသေးတဲ့ တိုင်းရင်းသား ညီအကိုမောင်နှမပေါင်းစုံက စုပေါင်းပြီး စနစ်တရပ် ကိုဖြုတ်ချတဲ့ တော်လှန်ရေး တရပ်လည်း ဖြစ်တဲ့အတွက် နိုင်ငံရေးအရရော ၊ စစ်ရေးအရရော အလွန်တရာ မခန့်မှန်းနိုင်စရာတွေနဲ့ ပြည့်နေတာပါ။
သည်တော့ ခုလိုဖြစ်စဉ်မျိုးမှာ ပျော်တာလည်းပျော်လို့ ပျော်ပြီးရင်လည်း လိုအပ်တာတွေကို ပျော်ရင်းမေ့မနေဘဲ ထောက်ပို့ကြဖို့ မေတ္တာရပ်ခံလိုပါတယ်။ သေချာတာတခုကတော့ ဆဒမ်ဟူစိန်တွေ ဘာတွေ တွေးမနေပါနဲ့။ ဆဒမ်ဟူစိန်ကို ဝင်တိုက်တာက အရမ်းလက်နက်ပေါ၊ နည်းပညာမြင့်တဲ့ အမေရိကန်တွေပါ။ အခု မြို့ကြီးတွေကို တက်သိမ်းမှာက ခုချိန်အထိ လက်နက် အလှည့်ကျစနစ်နဲ့ ကိုင်ပြီးတိုက်ပွဲဝင်နေရဆဲ PDF တွေနဲ့ ရှိသမျှအားနဲ့ ပြဲနေအောင် ရုန်းထားရတဲ့ EAO တွေပါ။
တဖက်မှာ ခံစစ်ပြင်နေတာက စစ်လက်နက် စက်ရုံ နှစ်ဆယ်ကျော် သုံးဆယ်လောက်နဲ့ လေယျာဉ်တွေ ၊ ဟယ်လီကော်ပတာတွေပါ အစုံရှိတဲ့ ကမ္ဘာ့ အဆင့် ၃၈ စစ်တပ်ပါ။ အဘုတို့ဟာ တိုက်စစ်မှာ အဖြစ်မရှိဘူးဆိုပေမဲ့ မြို့ပေါ်မှာ ဘန်ကာဆောက်ပြီးစက်လက်နဲ့ မဲမဲမြင်ရာ တိုက်ဆွဲရင်း မြို့ကို ဗုံးကျဲချမယ့် အစီအစဉ်အတွက် ကျွန်တော်တို့ မှာ လုံလောက်တဲ့ ထိုးစစ်အင်အား မရှိဘူးဆိုတာကိုတော့ အားလုံးနားလည်လောက်မယ်ထင်ပါတယ်။
ဒီတော့ တော်လှန်ရေး စစချင်းတုန်းကလို အားလုံး တက်ညီလက်ညီနဲ့ တခါလောက် ဝိုင်းရုန်းပြီး ထောက်ပို့ ကိစ္စ အားစိုက်ပေးကြဖို့ပါပဲ။ အပျော်လွန်ပြီး မသိလိုက် မသိဘာသာနေမိရင် ဘာဖြစ်မလဲဆိုတော့ ကျွန်တော်တို့ ထိုးစစ်ဟာ တဖက်ခံစစ်ကို ရေရှည်မှာ သေချာမဖောက်နိုင်ဘဲ ပွဲတွေရှည် လူတွေပန်းနဲ့ အဆုံးသတ်မှာ ကျွန်တော်တို့ လိုချင်တဲ့ ပန်းတိုင်မရောက်ဘဲ တောင်မြန်မာ၊ မြောက်မြန်မာ တကယ်ကွဲသွားနိုင်ပါတယ်။ ကျွန်တော်တို့ အော်ခဲ့သလို တပ်လည်း တကယ်ပျက်နေပြီဆိုတော့ ကျွန်တော်တို့ အပျော်သဘော စနောက်ခဲ့ကြသလို တောင်မြန်မာ မြောက်မြန်မာ တကယ် မကွဲသွားဘူးလို့လည်းမပြောနိုင်ပါဘူး။
တော်လှန်ရေးဟာ ထိုးစစ်နဲ့ အတူဆင်းလာပါပြီ။ တက်နိုင်သလောက် ထောက်ပို့ရမယ့် အချိန်လည်းရောက်ပါပြီ။ ဒီရထားကြီးထွက်ချိန်မှ မမီဘူးဆိုနောက်မှာ တောင်မြန်မာ မြောက်မြန်မာပဲ ကျန်ပါတော့တယ်။
ဆိုရှယ်မီဒီယာများမှကူးယူဖော်ပြခြင်းဖြစ်ပါသည်။မူရင်းရေးသားသူအားခရက်ဒစ်ပေးပါသည်။