ရခိုင်ပြည်နယ်တောင်ပိုင်း သံတွဲမြို့နယ်တွင် စစ်ကောင်စီက သုံးရက်အတွင်း လူ ၅၀ ကျော်ကို ဖမ်းဆီးသွားကြောင်း ဒေသခံများထံမှ သိရသည်။
နိုဝင်ဘာ ၁၃ တွင် ၅ ဦး၊ နိုဝင်ဘာ ၁၄ တွင် ၉ ဦး၊ နိုဝင်ဘာ ၁၅ တွင် ၄၀ ခန့် အဖမ်းခံရသည်ဟု ဒေသခံများထံမှ သိရသည်။
၁၅ ရက်နေ့ ဖမ်းဆီးမှုမှာ ငပလီမြို့၊ ဂျိတ္တောရပ်ကွက်တွင် ဖြစ်ပွားခဲ့သည်ဟု သိရသည်။
“၁၃ ရက်နေ့က (သံတွဲမြို့ပေါ်က) လက်ဖက်ရည်ဆိုင်ပိုင်ရှင်တစ်ယောက်၊ သံတွဲဂျီတီအိုင်က ကျောင်းသားတစ်ယောက်၊ ကျောင်းစောင့်၊ နောက်ထပ်နှစ်ယောက်က တခြားရပ်ကွက်က အရပ်သားပဲ နှစ်ယောက်။ အမျိုးသားတွေချည်းပဲ” ဟု ဂျိတ္တောရပ်ကွက်မှ ဒေသခံတစ်ဦးက ပြောသည်။
ဂျိတ္တောကမ်းခြေမှ အဖမ်းခံရသူများထဲတွင် တခြားဒေသမှ လာရောက်လုပ်ကိုင်နေကြသော၊ ကမ်းခြေရှိ မြေလွတ်တွင် ယာယီတဲထိုးပြီး နေထိုင်ကြသော ရေလုပ်သားများလည်း ပါဝင်သည်ဟု ဆိုသည်။
“အဓိကက ရေလုပ်သားတွေ၊ တချို့လည်း နှစ်နဲ့ချီ နေနေတဲ့လူတွေ။ အုပ်ချုပ်ရေးမှူးကို အသိပေးပြီး နေတတ်ကြတယ်။ ရွှေ့ပြောင်းရပ်ကွက်ဆိုပြီး နေတတ်ကြတဲ့လူတွေ။ ဂျိတ္တောက အကုန်လုံးက ရေလုပ်ငန်းလုပ်ကြတာ။ အခုဖမ်းခံရသူတွေက အလုပ်သမားလူတန်းစားတွေ” ဟု ထိုဒေသခံက ပြောသည်။
“လူနာမည်နဲ့ လိုက်ရှာပြီးတော့ တစ်ရွာလုံးကို မွှေပြီးဖမ်းတဲ့သဘောပေါ့။ အရင် လွန်ခဲ့တဲ့ တစ်လလောက်က ဂျိတ္တောမှာ တွင်ခုံလုပ်တဲ့လူတစ်ယောက်ကို AA အတွက် လက်နက်အပိုင်းအစတွေ လုပ်တယ်ဆိုပြီးတော့ ဖမ်းခံရသေးတယ်”
လက်ရှိတွင် သံတွဲမြို့မှ ၁၀ မိုင်ခန့်အကွာ ပင်လယ်ဘက်ကို မျက်နှာမူထားသော ဘုရားအနီးတွင် စစ်သားများက စစ်ကား ၁၅ စီးခန့်ဖြင့် ရပ်နားတပ်စွဲထားသလို အနီးအနားတွင်လည်း စစ်ရေယာဉ် ၃ စီး ရပ်နားထားကြောင်း ဒေသခံတို့က ပြောသည်။
“ဖမ်းခံရသူတွေကို ၅၅ တပ်ကို ခေါ်သွားတာ။ ၅၅ / ၅၆ တပ်ရင်းနှစ်ခုရှိတယ်။ အဲ့ဒီတပ်ရင်း ၂ ခုထဲမှာ ထားထားတာ၊ တစ်ယောက်မှ ပြန်မလွတ်ဘူး” ဟု ထိုဒေသခံက ပြောသည်။
ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ စစ်ကောင်စီနယ်ခြားစောင့်ရဲစခန်း နှစ်ခုကို နိုဝင်ဘာ ၁၃ တွင် ရက္ခိုင့်တပ်တော် (AA) က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် ရခိုင်မြောက်ပိုင်းနှင့် တောင်ပိုင်းဒေသများတွင် စစ်တပ်က လူဖမ်းဆီးမှုများ ဆက်တိုက်လုပ်လာခြင်း ဖြစ်သည်။
“၁၀၂၇ စစ်ဆင်ရေး” အဖြစ် AA က စတင်တိုက်ခိုက်ခဲ့သည့် ထိုနေ့မှာပင် စစ်တွေ၊ ကျောက်ဖြူ၊ တောင်ကုတ်၊ သံတွဲမြို့တို့မှ လုပ်ငန်းရှင်များအပါအဝင် ဒေသခံအများအပြားကို စစ်တပ်က ဖမ်းဆီးခဲ့သည်ဟု ဒေသတွင်း ရခိုင်သတင်းဌာနများတွင် ဖော်ပြထားကြသည်။
ဖမ်းဆီးမှုများနှင့် ပတ်သက်ပြီး စစ်ကောင်စီက သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။
ရခိုင် ဝါရင့်နိုင်ငံရေးသမားတစ်ဦးဖြစ်သော ဦးဖေသန်းက AA လှုပ်ရှားမှုနည်းသော ပြည်နယ်တောင်ပိုင်းတွင်ပါ အဖမ်းအဆီးများ ဆက်တိုက်လုပ်နေသည်ဟု ကြားသိရကြောင်း သူက ပြောသည်။
“တောင်ကုတ်တို့၊ ရမ်းဗြဲတို့ ကျောက်ဖြူတို့ သံတွဲ၊ ဂွပေါ့။ မာန်အောင်တောင် ပါသေးတယ်။ တကယ်တော့ အဲဒီနေရာတွေမှာ ULA လှုပ်ရှားမှုက မရှိသလောက် နည်းတယ်လို့ ပြောလို့ရတယ်။ ဒါပေမဲ့ (ULA ရဲ့) အုပ်ချုပ်ရေး၊ တရားစီရင်ရေးအပိုင်းတော့ ရှိတယ်။ ဒါပေမဲ့ သံတွဲနဲ့ ဂွမှာတော့ မရှိသေးဘူး” ဟု သူက ဆိုသည်။
“ဒါပေမဲ့ တောင်ပိုင်းဆိုတာတော့ ULA/AA နဲ့ မပတ်သက်တဲ့နေရာတွေ ဖြစ်ပါတယ်။ အခုအချိန်မှာတော့ အကုန်လုံးပေါ့ ULA/AA ခေါင်းစဉ်တပ်ပြီးတော့ အုပ်ချုပ်ရေးပိုင်းတွေကအစ၊ ရဲတွေကအစ ပြည်သူတွေကို ဖမ်းတာဆီးတာ အဲဒီသတင်းတွေတော့ ကျွန်တော်တို့ ရနေပါတယ်”
မြောက်ပိုင်းတွင် တိုက်ပွဲများဖြစ်နေ၍ တိုက်ပွဲစဖြစ်သည့်ရက်ကတည်းက ပြည်နယ်စစ်ကောင်စီက ကုန်းလမ်း၊ ရေလမ်းများအားလုံးကို ပိတ်လိုက်၍ ငပလီကမ်းခြေတွင် ခရီးသွားဧည့်သည် ရာထောင်ချီ ပိတ်မိခဲ့ကြောင်း ဒေသတွင်းသတင်းများအရ သိရသည်။
ပြည်နယ်မြို့တော် စစ်တွေမြို့ရှိ မင်းဂံရပ်ကွက်တွင်လည်း နိုဝင်ဘာ ၁၅ တွင် စစ်သားများက ကား ၅ စီးဖြင့် ရောက်လာပြီး ဒေသခံ ၄ ဦးထက်မနည်းကို ဝင်ရောက်ဖမ်းဆီးသွားကြောင်း ရခိုင်သတင်းဌာနတစ်ခုဖြစ်သော DMG တွင် ဖော်ပြထားသည်။
ပြည်နယ်စစ်ကောင်စီ ရုံးစိုက်ရာ စစ်တွေမြို့နှင့် အနီးဆုံးဖြစ်သော ပေါက်တောမြို့ကိုလည်း ယမန်နေ့တွင် AA က ရဲစခန်းကို စီးနင်းကာ မြို့ကို ထိန်းချုပ်ပြီးနောက် ပြန်လည်ဆုတ်ခွာသွားရာ စစ်တပ်က မြို့ကို ပြည်လည် ထိန်းချုပ်ခဲ့သည်။
ထိုအတောအတွင်း အရပ်သားအများအပြား ဖမ်းဆီးသတ်ဖြတ်ခံရသည်ဟု သတင်းများ ထွက်နေသလို AA ကလည်း ထိုအတွက် လက်တုံ့ပြန်သွားမည်ဟု ယမန်နေ့ညက ထုတ်ပြန်ထားသည်။
“စစ်ကောင်စီသည် ညနေပိုင်းတွင် ပေါက်တောမြို့အတွင်းသို့ ဝင်ရောက်ကာ အရပ်သားများကို သတ်ဖြတ်ပြီး စစ်ရာဇဝတ်မှုကို ကျူးလွန်ခဲ့သည်။ စစ်ကောင်စီပစ်သတ်၍ သေဆုံးခဲ့ရသော ပေါက်တောမြို့မှ အရပ်သားပြည်သူများအတွက် များစွာဝမ်းနည်းရပြီး အဆိုပါကိစ္စ ကျူးလွန်သောသူများကို မိမိတို့အနေဖြင့် လက်တုံ့ပြန် တိုက်ခိုက်သွားမည်ဖြစ်သည်” ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။
SOURCE – MYANMAR NOW